စိုင်းဇွမ်ဆိုင်း Wednesday, 22 December 2010 18:26
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ဖမ်းမိသည့် ကျွန်းသစ်အလုံး ၃၀၀၀ သည် စုံစမ်း စစ်ဆေး ရေး အဖွဲ့က စွပ်စွဲသကဲ့သို့ မြန်မာနိုင်ငံမှ ပြန်လည် တင်သွင်းလာသည့် ကျွန်းသစ်များမဟုတ်ဟု ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ဒေသမှ အထက်လွှတ်တော်အမတ် မစ္စတာ ဘွန်ဆောင်း ကိုဝါဝီဆာရတ် က ပြောဆိုသည်။

ချင်းမိုင်မြို့တွင် ဖမ်းဆီးထားသည့် ထိုင်းဘတ် သန်း ၂၀၀ ခန့်တန်ဖိုးရှိ ကျွန်းသစ် လုံးပေါင်း ၃ ထောင်ကျော်ကို တွေ့ရစဉ်။ ယင်းကျွန်းသစ်များမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ မယ်ဟောင်ဆောင်မှတဆင့် တင်သွင်းခြင်းဖြစ်သည်ဟု ယူဆရ သည်။ (ဓာတ်ပုံ- Bangkok Post)မစ္စတာ ဘွန်ဆောင်းက “သစ်တွေကို ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ ခုတ်တယ်၊ ပြီးတော့ မြန်မာနိုင်ငံကို ပို့တယ်၊ ပြီးတော့မှ မြန်မာ့ ကျွန်းသစ်ဆိုပြီး ထိုင်းနိုင်ငံကို ပြန်တင်ပို့တယ် ဆိုတာ မမှန်ပါဘူး”ဟု ပြောဆိုကြောင်း ဒီဇင်ဘာ ၁၈ ရက် ဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။အထူး စုံစမ်း စစ်ဆေးရေး ဌာန၊ အကောက်ခွန် ဌာနနှင့် တော်ဝင် သစ်တော ဌာနတို့ ပူးပေါင်းပြီး ယခုလ ၁၅ ရက်နေ့က Suksawat Group Co ပိုင် သစ်စက်နှစ်လုံးကို ဝင်ရောက် စစ်ဆေးပြီး ကျွန်းသစ်လုံးများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သစ်လုံးများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် အနီးရှိ သံလွင်အမျိုးသား သစ်တောကြိုးဝိုင်း (Salween National Park) မှ သစ်များဖြစ်ကာ မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီးမှ ထိုင်းနိုင်ငံဘက်သို့ မြန်မာ့ကျွန်းသစ်များ အဖြစ် ပြန်လည် တင်သွင်းလာခြင်း ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေး အဖွဲ့က ယူဆထားကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထား သည်။ထိုင်းဘတ် သန်း ၂၀၀ ကျော်တန်ဖိုးရှိသည့် ယင်းကျွန်းသစ်လုံးများ ဖမ်းဆီးမှုသည့် ထိုင်းတရားရေးဌာန အကြီးအကဲ မစ္စ တာ ပီရာပန် ဆာလီရာထာဗစ်ဟာဂါ က Suksaswat Group Co သည် မယ်ဟောင်ဆောင်မှ တဆင့် ကျွန်းသစ်များကို တရား မဝင် တင်သွင်းသည်ဟု ဆိုသောကြောင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ထိုင်းအာဏာပိုင်များက ကျွန်းသစ်များသည် သံလွင် အမျိုးသား သစ်တောကြိုးဝိုင်းမှ သစ်များဖြစ်သည်ဟု ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။ ဖမ်းဆီးထားသည့် ကျွန်းသစ်များသည် ဘန့်နမ်ဖျန်ဒင် နယ်စပ်ဂိတ်မှ မြန်မာအရာရှိများက ဖြတ်ကျော်ခွင့်ပြုလိုက်သည့် ကျွန်း သစ်များသာ ဖြစ်ကြောင်း မယ်ဟောင်ဆောင်မှ အကောက်ခွန်အရာရှိများက ပြောဆိုသည်။ Suksawat Group Co ကို အထူးစုံစမ်းစစ်ဆေးရေးဌာနက ကျွန်းသစ်များကို တရားမဝင် တင်သွင်းမှုဖြင့် တရားစွဲဆိုထားပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနသည် ၂၀၀၂ ခုနှစ်ကတည်းက ထိုင်းနိုင်ငံသို့ တရားမဝင်သစ်များ တင်ပို့ခြင်းကို စုံစမ်းစစ်ဆေး လာသည့် အဖွဲ့ဖြစ်သည်။Suksawat Group Co ၏ လက်ထောက်ဒါရိုက်တာ ဖြစ်သူ မစ္စတာ ဖိချက်လက်လွမ် အွမ်ဖိုင်ဝမ် က ကျွန်းသစ်များ တင်သွင်း ခွင့် လိုင်စင်သက်တမ်း ကုန်ဆုံးချိန်မှာ တလ ခန့်သာရှိသေးကြောင်း၊ သစ်တောဌာနက လိုင်စင်သက်တမ်း ထပ်မံ တိုး ပေး ရန် ငြင်းဆိုသည့်အတွက်ကြောင့် ကုန်ဆုံးခြင်းဖြစ်ကြောင်း ပြောဆိုသည်။ သဘာဝအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး မစ္စတာ ဆူဝစ် ခွန်ကစ်တီ က အဆိုပါ ကုမ္ပဏီသည် မြန်မာ့ ကျွန်းသစ်များ တင်သွင်းခွင့် ရရှိထားသည့် ကုမ္ပဏီတခု မဟုတ်ကြောင်း ဆိုသည်။
No comments:
Post a Comment