မြန်မာ့လေကြောင်းလိုင်းမှ တရုတ်နိုင်ငံလုပ် ARJ ဂျက် အမျိုးအစား လေယာဉ်များအား ထပ်မံဝယ်ယူရန် စီစဉ်လျက်ရှိကြောင်းနှင့် အဆိုပါ လေယာဉ်များ ၀ယ်ယူရေးကိစ္စ ဆွေးနွေးညှိနှိုင်းရန်အတွက် တရုတ်နိုင်ငံရှိ China National Aero- Technology Import and Export Corporation (CATIC) အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်နှင့် လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။
ARJ-21 ဂျက်လေယာဉ်တွင် ခရီးသည် ၉၀ ဦးဆံ့နှင့် ခရီးသည် ၇၂ ဦးဆံ့ အမျိုးအစားနှစ်ခု ရှိသည့်အတွက် မည်သည့် အမျိုးအစားကို ၀ယ်ယူရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။
မြန်မာ့လေကြောင်းလိုင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ပြောကြားချက်အရဆိုပါက မြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့် (CATIC) အဖွဲ့တို့ ARJ လေယာဉ်များ ၀ယ်ယူရေးကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး သဘောတူစာချုပ် (MOU) ချုပ်ဆိုပြီး သည့် အဆင့်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ARJ လေယာဉ်များအား အနည်းဆုံးသုံးစင်း ၀ယ်ယူနိုင်သည်ဟု ဆိုသည်။
''ARJ လေယာဉ်တွေကို ၀ယ်မယ်ဆိုရင် ဒီလေယာဉ် အမျိုးအစားကို မြန်မာနိုင်ငံမှာ မသုံးဖူးတဲ့ အတွက် လေယာဉ်မှူးတွေ၊ အင်ဂျင်နီယာတွေကို ပျံသန်းရေးဆိုင်ရာ Training ပေးရပါမယ်။ ဒါတွေကို အချိန်ယူရမှာ ဖြစ်တဲ့အတွက် လေယာဉ်ဝယ်ဖြစ်ရင် ဒီလေယာဉ်တွေ မြန်မာပြည်ကို ရောက်ပြီး ခရီးစဉ်ဆွဲနိုင်ဖို့ ၂၀၁၂ နှစ်စပိုင်းလောက်မှာ ဖြစ်နိုင်ပါတယ်''ဟု ၀ါရင့် လေယာဉ်မှူးကြီးတစ်ဦးက သုံးသပ်ခဲ့သည်။
၂၀၁၀ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖော်ကာ F27 လေယာဉ်များ နေရာ၌ တရုတ်နိုင်ငံလုပ် MA 60 လေယာဉ်သုံးစင်းဖြင့် ခရီးစဉ်များ စတင် ပြေးဆွဲခဲ့သည်။ ARJ ဂျက်လေယာဉ်များ ၀ယ်ယူရန် စီစဉ်ခြင်းတွင်လည်း လက်ရှိ ပြေးဆွဲနေသည့် လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
''မြန်မာ့လေကြောင်းက တရုတ်နိုင်ငံလုပ် လေယာဉ်တွေကို သုံးတာ MA 60 က ပထမဆုံးပါ။ ဖော်ကာဂျက် 27 နဲ့ 28 လေယာဉ်တွေကလည်း နယ်သာလန် နိုင်ငံလုပ်တွေပါ။ ARJ လေယာဉ်တွေ ၀ယ်ရင်တော့ နောက်ပိုင်း တရုတ်နိုင်ငံလုပ် လေယာဉ် တွေနဲ့ ပျံတာ များလာနိုင်ပါတယ်''ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ပြင်သစ်နိုင်ငံလုပ် လေယာဉ်များကို ၀ယ်ယူပြေးဆွဲလျက် ရှိသော်လည်း မြန်မာ့လေကြောင်းလိုင်းမှာ ပုဂ္ဂလိက လေကြောင်းလိုင်းများထက် ပြည်တွင်း ခရီးစဉ်များကို အဓိက ထား အများဆုံး ပြေးဆွဲပေးနေသည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည့်အတွက် ၎င်းမှဝယ်ယူသည့် တရုတ်နိုင်ငံထုတ် လေယာဉ်များ များပြားလာပါက ပြည်တွင်းလေကြောင်း ခရီးစဉ်တွင် တရုတ်နိုင်ငံလုပ် လေယာဉ်များ ပိုမိုနေရာယူဖွယ် ရှိကြောင်း သိရသည်။

No comments:
Post a Comment