07/11/2010
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့ အဆိုပါ နေ့သည် မြန်မာ့ သမိုင်းတွင် သမိုင်း တွင်မည့် နေ့တစ်နေ့ ဖြစ်သည်။ အဆိုပါ နေ့လေး တစ်နေ့ ဖြစ်ပေါ် လာစေရေး အတွက် နှစ်ပေါင်း (၂၀) ထိပင် ကြာခဲ့သည်။ ယခု အချိန် အသက် (၂၀) အရွယ် ရှိသူများ အနေဖြင့် မကြုံဖူးသည့် နေ့တစ်နေ့ ဖြစ်သည်။ အဆိုပါ နေ့မှာ နိုင်ဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ပင်ဖြစ်သည်။ရွေးကောက်ပွဲတွင် ပါတီပေါင်း(၃၇) ပါတီ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။ ရွေးကောက်ပွဲရက် လက်တကမ်း အလိုအထိ နီးကပ်လာသလို မဲဆွဲစည်းရုံးမှုများ မှာလည်း အပြိုင်အဆိုင် ဖြစ်လာသည်။ ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့ထံတွင် အစမ်းသပ်ခံ နေကြရသည်။ ပြည်သူများ၏ အသဲကြားက မဲတစ်ပြား ရရှိနိုင်ရေး အတွက် ၄င်းတို့၏ မူဝါဒများကို ချပြ၍ စည်းရုံးနေကြသည်။မည်သို့ပင် ဖြစ်စေ ပြည်သူများ အနေဖြင့် မှန်မှန်ကန်ကန် ရွေးချယ်၍ မှန်မှန်ကန်ကန် မဲပေးတတ်ကြရန် အထူးလိုအပ် လှသည်။ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ် နိုင်သော်လည်း ဆီဖြစ်ရန် အတွက် နှမ်းစေ့ တစ်စေ့သည် အရေးပါကြောင်း သတိပြုရန် လိုအပ်သည်။ ထို့ကြောင့် မိမိတို့၏ တန်ဖိုးရှိလှသည့် မဲတစ်ပြားကို အကျိုးရှိရှိ အသုံးချ တတ်ရန် လိုအပ်လှသည်။ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ နီးလာသည် နှင့်အမျှ ရွေးကောက်ပွဲ သပိတ်မှောက်ရေး ကြိုးပမ်းနေသူများ သည်လည်း မဲမပေး ဘဲလည်း နေပိုင်ခွင့်ရှိသည် ဆိုသည့် အချက်ကို ကိုင်စွဲ၍ လှုပ်ရှာနေကြသည့် အသံများကိုလည်း ကြားနေရသည်။ မဲမပေးဘဲလည်း နေပိုင်ခွင့် ရှိသည့် အချက်ကို ကိုင်စွဲလှုပ်ရှား နေကြသူများကို လေ့လာ ကြည့်လျှင် အမျိုးသား ညီလာခံ စတင်ကျင်းပချိန် ကတည်းက ဆန့်ကျင်လှုပ်ရှား နေကြသူများ ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ မူဝါဒတစ်ခုကို အခြေအနေ အချိန်အခါကို လိုက်ပြီး ပြောင်းလဲမှု မရှိဘဲ တရားသေ ဝါဒကို ဆုပ်ကိုင်ထားလိုသူ၊ အကောင်းမြင်ဝါဒ လက်ကိုင်ထားလေ့ မရှိသူ၊ ပကတိ ဖြစ်စဉ်တွေကို လစ်လျူရှု့လေ့ ရှိသူများ ဖြစ်နေသည်ကို တွေ့ရှိရမည်သာ ဖြစ်သည်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် လည်းကောင်း၊ ရွေးကောက်ပွဲသည် လည်းကောင်း တစ်ဦးတစ်ယောက် အတွက်၊ အသင်းအဖွဲ့ တစ်ဖွဲ့ အတွက်၊ လူမျိုးစု တစ်စုအတွက် ရည်ရွယ်ထားခြင်း မဟုတ်ဆိုသည်ကို သတိပြုရန် လိုအပ်သည်။ မိမိ နှစ်သက်သည့် ကိုယ်စားလှယ် လောင်း၊ မိမိနှစ်သက်သည့် ပါတီကို ရွေးချယ်မဲပေးရန်မှာ နိုင်ငံသား တစ်ဦး၏ တာဝန်တစ်ရပ် ဖြစ်သည်။ မိမိ၏ဆန္ဒ အစစ်အမှန်ကို ဖော်ထုတ် ပြသရမည့် အခွင့်အရေး တစ်ရပ်ဖြစ် သကဲ့သို့ ဖော်ထုတ်ရမည့် အချိန်လည်း ဖြစ်သည်။ အခွင့်အလမ်း ပေးသည့် အချိန်တွင် ဖော်ထုတ် အသုံးချခြင်းသည်သာ အကျိုးရှိသည့် ရလာဒ်တစ်ခု ထွက်ပေါ်လာမည်ဖြစ်သည်။ မဲမပေးနှင့် ရွေးကောက်ပွဲကို သပိတ် မှောက်ကြဟု ဆိုနေကြ သူများသည် အများသူငါ ကြည့်နေသည့် ဇာတ်ပွဲကို ကျောခိုင်း၍ နောက်သို့ လှည့်နေကြရန် ဆိုနေကြသူများနှင့် တူနေသည်ဟု ဆိုချင်ပါသည်။ပြည်သူများ အနေဖြင့် မိမိအခွင့်အရေး မိမိရယူနိုင်ရန် အတွက်ဟုပင် ဆိုဆို၊ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ချင်၍ ဟုပင် ပြောပြော တစ်ခုတည်းသော လုပ်ဆောင်ရမည့် နည်းလမ်းမှာ မဲရုံသွား၍ မိမိ နှစ်သက်ရာ ပါတီ၊ မိမိနှစ်သက်ရာ ပါတီ အမတ်လောင်းကို ရွေးချယ် မဲပေးကြရန် မှတစ်ပါး အခြား မရှိကြောင်း သတိပြုရန် လိုအပ်လှ ပေသည်။
ကိုပြည်ချစ်
Sunday, November 7, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment