ကော့တောင်ကျွန်း၌ မိုးသည်းထန်စွာရွာသွန်းပြီးလမ်းများပျိုပျက်

ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)တရားပွဲ(ကော့တောင်ကျွန်းအမှတ်တရ)

Monday, November 29, 2010

"ရှင်သန်နိုးထ အာရက္ခ" အမည်ဖြင့် စတိတ်ရိုးကျင်းပပြုလုပ်မည်


"ရှင်သန်နိုးထ
အာရက္ခ"
အမည်ဖြင့်
ရခိုင်ပြည်နယ်
ဂီရိမုန်တိုင်း
ပြန်လည်တည်
ဆောက်ရေးရံပုံ
ငွေအတွက်
ရခိုင်အနူပညာ
ရှင်များ ဖြေဖျော်
ပွဲ ကျင်းပမည်။
လွန်ခဲ့သော
အောက်တိုဘာလ
၂၂ ရက်နေ့က
ရခိုင်ပြည်နယ် တွင်
တိုက်ခိုက်ခဲ့သော ဂီရိလေမုန်တိုင်းဒဏ်သင့် သိန်းနဲ့ချီတဲ့ ပြည်သူလူထုအ
တွက် ပြန်လည်တည်ဆောက်ရေးရံပုံငွေ ရှာဖွေရန် လေးဝတီရခိုင်အနူပညာရှင်များအဖွဲ့(ရန်ကုန်)က ရခိုင် တေးဂီတနှင့် ရခိုင်ရိုးရာအကပဒေသာပွဲကို ကျင်းပရန် စီစဉ်နေသည်။
ယင်းပွဲကို သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့၌ ကျင်းပရန်သက်ဆိုင်ထံမှ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။လေးဝတီ ရခိုင်အနူပညာအဖွဲ့(ရန်ကုန်)ကို ၂၀၀၃ ခုနှစ်ကပင် ဖွဲ့စည်းခဲ့ပြီး ရခိုင်လူမူရေး ဘာသာရေး ယဉ်ကျေးမူဆိုင်ရာ ပွဲလမ်း သဘင်အခမ်းအနားများတွင် ရခိုင်ရိုးရာနှင်ခေတ်ပေါ်တေးဂီတ များ ၇ခိုင်ယဉ်ကျေးမူ သရုပ်ဖေါ်အကများကို တင်ဆက်နေသော ရန်ကုန်ရောက် ရခိုင်လူကြီးလူငယ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ပြည်တွင်း ပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ ဆုံးမသြ၀ါဒ ခံယူပြီးတော့ ဒီပွဲကို ကျင်းပသွားမှာဖြစ်ပါသည်။ ဆရာတော်ကြီးက မုန်တိုင်းရဲ့ပျက်စီးမူ ပမာဏကြီးမားမူကြောင့် ရခိုင်လူထုရဲ့ ဘေးဒုက္ခကိုတတ်စွမ်းသများကယ်ဆယ်ကူညီဖို့ တစ်နိုင်ငံလုံးမှရှိတဲ့ တပည့်ဒကာ/ဒကာမ များဆီက အလှူငွေတွေ ပစ္စည်းတွေ ကို သိန်းထောင်နဲ့ချီလို့ ကောက်ခံပေးခဲ့ပါပြီး။ ဆရာတော်ကြီးက တိုက်တွန်း တာဝန်ပေးတာကြောင့် လေးဝတီအဖွဲ့အနေနဲ့ မိမိတို့ရဲ့ တတ်စွမ်းသမျှအနုပညာနဲ့ တတပ်တအား ပါဝင်ဆောင်ရွက်ပေးတာပါ။ ပွဲရဲ့ခေါင်းစဉ်ကို "ရှင်သန်နိုးထ အာရက္ခ" လို့ နာမည်တပ်ထားပါတယ်။ ၇ခိုင်ပွဲဆိုပေမဲ့ ရခိုင်ရုပ်ရှင် မင်းသားကြီး အကယ်ဒမီ ဦးအောင်လွင် ဦးဆောင်လို့မြန်မာ နဲ့ ရခိုင် ရုပ်ရှင်သရုပ်ဆောင်များစွာကလည်း အားတတ်သရောပါဝင်ကြမယ်လို့ ကမ်းလှမ်းလာတာကြောင့် အားလုံးဝမ်းသာအားရ ဖြစ်နေကြပါတယ်၊ ဟု လေးဝတီ အနုပညာအဖွဲ့ဥက္ကဋ္ဌ ရခိုင်တေးရေးတေးဆို ဦးသန်းမောင် နှင့် ကိုထွန်းလိုင်“က ရှင်းလင်းပြောကြားခဲ့ပါသည်။"တီဝိုင်းကတော့ ဥက္ကာဦးသာ ရဲ့ (Plus+3 Band) ဖြစ်ပါတယ်။ လေးဝတီ တေးဂီတ အဖွဲ့ကလည်း ရခိုင်သီးချင်းစစ်စစ်တွေမှာပါဝင်တီးခတ်မှာပါ။ ရခိုင်ပြည်နယ် က နာမည်ကြီးအဆိုတော်အချို့ကိုလည်း သီဆိုဖို ဖိတ်ခေါ်ပါမယ်။ ဒါပေမဲ့ ရံပုံငွေပွဲဆိုတော့ငွေနဲ့အချိန် အကန့်အသတ်အရ အရေအတွက်နည်းနည်းဘဲ ဖိတ်နိုင်မှာပါ။ ရန်ကုန်က ရခိုင်အဆိုရှင် များကိုတော့ စေတနာနဲ့သီဆိုပေးဖိုကိုဘဲ ဖိတ်မှာဖြစ်ပါတယ်။မုန်တိုင်း ကို အံတုရင်ဆိုင်တဲ့ ရခိုင်သားတွေရဲ အားမာန်ကိုရေးဖွဲ့တဲ့ တေးတွေ၊ကမ္ဘာ နဲ့ မြန်မာ တ၀ှမ်းလုံးက လူအားငွေအားနဲ့တခဲနက် ကူညီကယ်ဆယ်ပေးကြတဲ့ စေတနာရှင် များကို ကျေးဇူးတင် ဂုဏ်ပြုတဲ့ တေးသီးချင်းတွေကို ဒီပွဲအတွက် အထူးရေးစပ်ထားကြပါတယ်။ ဟု ရခိုင်တေးရေးဆရာ ကိုထွန်းလိုင်က ဖြည့်စွက်ရှင်းလင်းပြောပြပါသည်။ဤကိစ္စနှင့် ပတ်သတ်၍ ဆက်သွယ်နိုင်ရန် ဦးဇင်း ဘီလူး ဖုန်း 095014500 / အီးမေး Email:mission@myanmar.com.mmဦးအောင်လွင် ဖုန်း 098591748 / ဦးထွန်းလိုင် ဖုန်း 01.73096814 / ဦးထွန်းဝင်း ဖုန်း 095174891 တို့ကိုဆက်သွယ်နိုင်ပါတယ်။

Friday, November 26, 2010

သာကေတတွင်မီးလောင်၊ အိမ် ၁၅ လုံး မီးထဲပါသွား

မိုးယံ Friday, 26 November 2010 19:51

ယနေ့ ညနေက ရန်ကုန်တိုင်း သာကေတမြို့နယ် ၁၂ ရပ်ကွက် သလ္လာဝတီ ၁ လမ်း အိမ်အမှတ် ၇၁၄ ရှိ မီးအားမြှင့်စက်မှ စတင် မီးလောင်ကျွမ်းသဖြင့် ဘေးပတ်ဝန်းကျင်ရှိ အိမ် ၁၄ လုံးကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
သာကေတ ၁၂ ရပ်ကွက်အတွင်း မီးလောင်ပြီးနောက် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)“ကျနော်တို့ အတည်ပြုတာကတော့ ၂ နာရီ ၅၅ လောက်မှာ မီးစလောင်တယ်၊ ၃ နာရီကျော်တော့ မီးတောက်ငြိမ်းသွားတယ်၊ အခုထိ (၄နာရီခွဲ) တော့ တငွေ့ငွေ့နဲ့ လောင်နေတာတွေကို ၀ိုင်းငြှိမ်းနေရတယ်” ဟု ၎င်းကဆိုသည်။မီးစတင်လောင်ကျွမ်းစဉ် ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက ၀ိုင်းဝန်း ငြှိမ်းသတ် ပေးခဲ့ရကြောင်း သိရသည်။“သူ့တို့က မီးကိုကြိတ်သတ်နေတာ။ မီးတောက်ကကြီးလာပြီး ကျမတို့ အိမ်ကို ကူးလာရော။ ဘာပစ္စည်းမှလည်း ယူချိန်မရဘူး။ မီးကူးတာ အရမ်းမြန်တယ်” ဟု မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပါသွားသူ အမျိုးသမီးတဦးက ပြောသည်။ယင်း မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသူ အနည်းငယ်သာ ရှိပြီး မီးဘေးဒုက္ခသည်များကို အမှတ် ၄၆ အခြေခံပညာ မူလတန်းကျောင်း အတွင်း ကယ်ဆယ်ရေးဖွင့်လှစ် ထားရှိသည်။

လမ်းကျဉ်းသောကြောင့် မီးသတ်ကားတစီး ဤသို့ တိမ်းမှောက်သွားခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)“မီးခိုးလုံးကြီးက မည်းပြီးတက်လာတော့ လန့်ပြီး အိမ်ပေါ်ကပြေးဆင်းတာ။ အိမ်က ပစ္စည်းတွေ သယ်မယ့် လူတွေကလည်း အလုပ်သွားကြတော့ ဘာမှမရလိုက်ဘူး” ဟု မီးအတွင်း နေအိမ်ပါသွားသူ အသက် ၇၀ ကျော်အရွယ် အဘွားအိုတဦးက ပြောသည်။မီးလာရောက် ငြှိမ်းသတ်သည့် မီးသတ်ကားတစီးသည် လမ်းကျဉ်းတွင် မောင်းလာရသောကြောင့် ဘီးချော်ကာ တိမ်းမှောက် သွားသေးကြောင်း ဒေသခံတဦးက ဆိုသည်။မီးလောင်ကျွမ်းခဲ့သော ရပ်ကွက်သည် ဆင်ခြေဖုန်းရပ်ကွက်များဖြစ်ပြီး ဓနိမိုး၊ ထရံကာ အိမ်များပြားသောကြောင့် မီးလောင်ကျွမ်းမှုဖြစ်လျှင် ဘေးအိမ်များသို့ မီးကူးစက်မှု မြန်ဆန်စေကြောင်း သာကေတမြို့နယ် ၁၂ ရပ်ကွက်မှ ရယက အတွင်းရေးမှူးတဦးက ပြောသည်။ယင်းမီးလောင်မှုကို သာကေတမြို့နယ် အမှတ်၂ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။မီးလောင်ကျွမ်းမှု၏ ဆုံးရူံးမှုတန်ဖိုးကိုမူ မသိရသေးပေ။

Tuesday, November 23, 2010

ဂီရိ ရံပုံငွေ စတိတ်ရှိုး လူပေါင်း ထောင်ချီ တက်ရောက် အားပေး

မင်းဆက်ခိုင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော ဂီရိမုန်တိုင်းသင့် ပြည်သူများ အတွက် “တွဲလက်ဂရုဏာ” ဟု အမည် ပေးထားသော ရံပုံငွေ ရရှိရေး ရခိုင် စတိတ်ရှိုးပွဲ တခုကို ကျင်းပခဲ့ရာ ထောင်နှင်ချီသော ပရိသတ်များက လာရောက် အားပေးခဲ့ကြသည်။
အဆိုပါ ပွဲကို စစ်တွေမြို့ရှိ City Point စားသောက်ဆိုင် ခြံဝင်းထဲရှိ မြက်ခင်းပြင်တွင် ယခုလ ၁၉ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ရခိုင်စတိတ်ရှိုးပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရခိုင်တေးရေး/တေးဆို Rapper တူတူ က ယခုကဲ့သို့ ပြောသည်။“ဂီရိမုန်တိုင်း ရခိုင်မှာ တိုက်ခတ် သွားခဲ့တဲ့ အတွက် ကျနော်တို့ ရခိုင် အနုပညာ အသိုင်းအဝိုင်းက ညီကိုမောင်နှမ တွေလည်း စိတ်မကောင်း ဖြစ်မိကြပါတယ်။ ဒါပေမယ့် ကျပ် ၅သိန်း၊ ၁၀သိန်း လှူဒါန်းဖို့ အခြေအနေ ကလည်း ကျနော်တို့မှာ မရှိဘူး။ ဒီအတွက် ဘာပဲဖြစ်ဖြစ် ကျနော်တို့ မှာရှိတဲ့ အနုပညာ အစွမ်းနဲ့ ရံပုံငွေ ရှာပြီးတော့ လေဘေးသင့် ရခိုင်ပြည်သူ တွေကို ကူညီမယ်ဆိုပြီး ခုစတိတ်ရှိုးပွဲကို လုပ်ဖြစ် သွားကြတာပါ။” အဆိုပါ စတိတ်ရှိုးပွဲအား မထင်မှတ်လောက်အောင် ပရိသတ်များက လာရောက် အားပေးခဲ့ကြသဖြင့် အလွန်တရာမှ ဝမ်းသာ ပီတိ ဖြစ်မိပါကြောင်း သူက ဆက်ပြောသည်။“ ဒီပွဲကတော့ တော်တော့ကို ကျေနပ်စရာ ကောင်းတဲ့ ပွဲတပွဲပါ။ ရံပုံငွေ လည်း အတိုင်းအတာတခု အထိ ရခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားရ ကျေနပ်မှုကို အများကြီး ရခဲ့တဲ့ ပွဲတပွဲပါ။ပြီးတော့ ကျနော်တို့ အဆိုတော် တွေကိုယ်တိုင် လက်မှတ်တွေ ရောင်းကြတယ်။ ပစ္စည်း ကရိယာတွေ ပြောင်းတာတို့ စတိတ် စင်ဆောက်တာတို့ကအစ အစကနေ အဆုံးအထိ အားလုံး ဝိုင်းဝန်းပြီးတော့ လုပ်ကြတဲ့ အတွက် အင်မတန် ပျော်ဖို့ ကောင်းပါတယ်။ ပြီးတော့ ကျနော်တို့က ပရိသတ် ၁ထောင်လောက်ပဲ မှန်းထားခဲ့တာပါ။ လူပေါင်း ၂၀၀၀ လောက် လာရောက် အားပေးခဲ့ကြတာကို တွေ့ရလို့ အံ့သြမိသလို ပျော်လည်း အရမ်းပျော်မိပါတယ်။” စတိတ်ရှိုးပွဲကို စိုင်းဒြား ရခိုင် စည်တော် အဖွဲ့မှ အဖွင့်ရတုနှင့် ဖွင့်လှစ်ခဲ့ပြီး ရခိုင်လူငယ်များက ရခိုင်ယိမ်းဖြင့် တင်ဆက် ဖြေဖျော် ခဲ့ကြသလို ရခိုင် စာရေးဆရာနှင့် ဟာသသရုပ်ဆောင် ဗဂျီးကျော်နှင့် အဖွဲ့မှလည်း အသံတိတ် ပြဇာတ်များကို တင်ဆက် ပြသခဲ့သောကြောင့် ပရိသတ်များက ပိုပြီး စိတ်ကျေနပ်မှု ရရှိသွားကြကြောင်း သွားရောက်အားပေးခဲ့သူ လူငယ်တဦးက ပြောသည်။ရခိုင်မိုနို အဆိုတော် ဦးမောင်သိန်းကလည်း သူဖြတ်သန်းခဲ့သည့် အနုပညာ သက်တမ်း အနှစ်၂၀ အတွင်းတွင် ယခုကဲ့သို့ အောင်အောင် မြင်မြင်နှင့် စည်းကားသည့်ပွဲမျိုးကို ရခိုင်ပြည်တွင် မကြုံဖူး သေးကြောင်း ပြောသည်။ဦးဆောင် လှုပ်ရှား ပါဝင်သူ တဦးဖြစ်သူ ရခိုင်သီချင်း ဗွီဒီယိုခွေများကို တည်းဖြတ် ပေးနေသည့် ကိုထွန်းလင်းအောင် (ဒီနွေဦး)ကလည်း အလွန်ပင် စိတ်ကျေနပ်ပြီး ပျော်ရွှင်မိကြောင်း ပြောသည်။“ကျနော်တို့ ဂီရိမုန်တိုင်းသင့် ပြည်သူတွေ အတွက် ခုလို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တဲ့ အတွက် ဝမ်းသာ ပီတိဖြစ်မိ ပါတယ်။ တဖက်မှာလည်း မုန်တိုင်းသင့်ပြည်တွေကို ငါတို့ တတ်နိုင်သလောက်တော့ ကူညီနိုင်တော့မယ်ဆိုပြီးတော့ ပိုပြီးပျော်မိပါတယ်။ ပြီးတော့ ပရိသတ်ထဲက ကျေနပ်ပါတယ်ဆိုတဲ့ စကားကိုကြားတိုင်း ကျနော်အခု ထက်ထိတိုင် ဝမ်းသာ မဆုံး ဖြစ်မိပါတယ်။ ဂုဏ်လည်း ဂုဏ်ယူ မိပါတယ်။” တေးရေး/တေးဆို KB မျိုးမင်းလေးကလည်း စစ်တွေမြို့တွင် တခါမှ မလုပ်ဖူးသေးသော ယခုကဲ့သို့ စည်းကားပြီး အောင်မြင်သော ပွဲမျိုးကို ဂီရိသင့် ပြည်သူများ အတွက် လုပ်ပေးနိုင်ခဲ့သည့် အတွက် ဝမ်းသာ ပီတိ ဖြစ်မိသလို ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။“တွဲလက်ဂရုဏာ” ရခိုင် စတိတ်ရှိုးပွဲတွင် အဆိုတော် များဖြစ်ကြသော ဦးဖော်ဇံ၊ ဦးမောင်သိန်း၊ မြတ်ခိုင်ကျော်၊ ခိုင်ကျော်လင်း၊ ရွှေဘော်သိန်းနှင့် မောင်ကိုကို၊ တူတူ၊ ဒိုးအ်ရီ၊ ကံထွန်းကြည်၊ မျိုးရခိုင်၊ ခိုင်မင်းဟိန်း၊ ခိုင်မင်းသွီး၊ ရဲလင်းအောင်၊ ဇံမင်းအောင်၊ သျှင်ထွီး၊ သန်းဇော်၊ ဖြိုးမောင်ကြီး၊ ညှာစိမ်းခိုင်၊ စောနှင်းနွယ်၊ ရီလှိုင်းပြာ၊ ငြိမ်းစန္ဒာ၊ ဝတီစိုးမိုး၊ ခိုင်သီတာဦး၊ စန္ဒကူး စသည့် ရခိုင်အဆိုတော် ၂၄ဦးမှ ဖျော်ဖြေခဲ့ကြသည်။“ ရရှိထားတဲ့ ရံပုံငွေကို မုန်တိုင်းသင့် ပြည်သူတွေကို လှူတန်းဖို့ အတွက်ကတော့ ဘယ်လို ပုံစံမျိုးနဲ့ လုပ်မယ် ဆိုတာကိုတော့ ကျနော်တို့ အနုပညာ ညီအကို မောင်နှမတွေ အစည်းအဝေး တခုလုပ်ပြီး ဆွေးနွေးကြမှာပါ။ ကိုယ်တိုင်းသွား ရောက်ပြီး ကူညီကြမယ်လို့ အရင်က စီစဉ် ထားကြတာတော့ ရှိပါတယ်။ များမကြာမှီ လေဘေးသင့် ပြည်သူတွေဆီ အရောက် ကူညီနိုင်တော့မှာ ဖြစ်ပါတယ် ” ဟု အဆိုတော် တူတူက ပြောသည်။

Saturday, November 20, 2010

ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)တရားပွဲ ကော့တောင်ကျွန်းတွင်ကျင်းပ



ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းတွင် တစ်ကြိမ်တစ်ခါမှ

မပြုလုပ်ဖူးသော ဗုဒ္ဓူပူဇနိယ ဓမ္မသဘင်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာဖြင့် ကော့

တောင်ကျွန်းဘုန်းတော်ကြီးကျောင်းတွင် 18/19-11/2010 နေ့နှစ်ရက်ဆက်တိုက်

အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ကော့တောင်ကျွန်းနေ မြန်မာလူမျိုးများစုပေါင်းပြီး ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)

ဆရာတော်အားပင့်ဖိတ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ယင်းတရားပွဲသို့ မြန်မာတိုင်းရင်း
သား လူကြီး၊လူလတ်၊လူငယ် များသာမက ထိုင်းလူမျိုး အာဏာပိုင်များ နှင့် အခြား
သောလူကြီးမင်းများစုစုပေါင်းထောင်ကျော်ခန့်ကြွရောက် တရားနာယူခဲ့ကြသည်။


First Eleven ဂျာနယ် နှစ်ပတ်ပိတ်ခံရ

နရီလင်းလက် Friday, 19 November 2010 17:31


“ စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်းကြစို့ ” ဟု အဓိပ္ပာယ်ရသော စာသားကို ဖော်ပြသည့် First Eleven ဂျာနယ်ကို စာပေစိစစ်ရေးက နှစ်ပတ်ပိတ် လိုက်ကြောင်း ဂျာနယ် အသိုင်းအ၀ိုင်း၌ သတင်းများထွက်ပေါ်နေသည်။ ယင်းသတင်းနှင့် ပတ်သက်၍ First Eleven ဂျာနယ်က ၀န်ခံ အတည်ပြုချက် မပေးသေးပါ။နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် First Eleven ဘောလုံးဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်နှင့် ပတ်သက်၍ မင်နီစာလုံးများဖြင့် ဘောလုံးအကြောင်းအရာကြားတွင် ဖော်ပြခဲ့သည်။ SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE ဟု ဘောလုံး အကြောင်းအရာကြားတွင် သိသာထင်ရှားစေရန် စကားလုံးများကို မင်နီအရောင်ဖျော့ဖြင့် ဖော်ပြခဲ့သည်။ “စိစစ်ရေးက မသိဘူး။ ခွင့်ပြုလိုက်ပြီးနောက်မှ လူတွေ အပြောများတာကြောင့် ဒီလို အဓိပ္ပာယ်ရတဲ့ဟာ ပေါ်အောင်လုပ်ထား တာ သိသွားတာ။ စာစစ်မှူးတွေကလည်း မမြင်ဘူး။ မိတ္တူဆွဲပြီး မူကြမ်းတင်ရတာဆိုတော့ အရောင်မပါဘူး။ စာစစ်မှူးတွေပါ မမြင်ရဘူးလားဆိုပြီး ခေါ်ဆူတယ်။ ဒီအတွက် Eleven Media Group ကို အရေးယူသွားမယ်ဆိုပြီး ပြောထားတယ်။ နောက် ဆက်တွဲကတော့ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး” ဟု စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက ပြောသည်။ စာပေစိစစ်ရေးမှ ထွက်ရှိနေသော ဂျာနယ်များတွင် စီးပွားရေး၊ လူမှုရေးအကြောင်းအရာများနှင့် ပတ်သက်၍ ငြိစွန်းသည့် သ တင်း များပါရှိပါက ၂ ပတ်ပိတ်ခြင်း၊ ၁ ပတ် ပိတ်ခြင်း စသဖြင့် ပြုလုပ်သည်များရှိသော်လည်း ယခုဖြစ်ရပ်သည် ဒေါ်အောင် ဆန်းစုကြည်လွတ်မြောက်သည့်အပေါ် လူထုကို လှုံ့ဆော်သည့် အဓိပ္ပာယ်ရသောကြောင့် မည်သို့ အရေးယူမည်ကိုမှု မသိရှိ ရသေးဟု ၎င်းက ပြောသည်။ ပြည်တွင်းဂျာနယ်များအနက် Eleven Media Group မှ ထုတ်ဝေသော Weekly Eleven သတင်း ဂျာနယ်သည် ပရိသတ် ၀ယ်ယူ ဖတ်ရှုမှု အများဆုံးဖြစ်သည့်အပြင် ရွေးကောက်ပွဲ မတိုင်မီ အကြိုကာလ သတင်းများ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ အနယ်နယ် အရပ်ရပ်ရှိ မဲ မသမာမှုများ၊ မဲဆန္ဒရှင်များ၏ အမြင်များကို အချိန်အလိုက် ဖော်ပြပေးနေသည့် တခုတည်းသော ပြည်တွင်းထုတ် ဂျာနယ်ဖြစ်သည်။“ဂျာနယ်တွေရဲ့ ကိုယ်ပိုင်အင်တာနက် စာမျက်နှာတွေထဲမှာ Weekly က သတင်းတွေ တက်တာမြန်တယ်၊ တခြားဂျာနယ် တွေ လို မဟုတ်ဘဲ အမှန်ကို အမှန်အတိုင်းတင်ပြရဲတယ်။ ဒီအချက်တွေကြောင့် အာဏာပိုင်တွေကတော့ သိပ်ကြည်မှာ မဟုတ် ဘူး။ ရွေးကောက်ပွဲ မသမာမှု သတင်းတွေ အင်တာနက်စာမျက်နှာမှာ တင်ကတည်းက ပြောချင်နေပေမယ့် ဂျာနယ်လို စိစစ် ရေး မလိုတော့ လူကြီးတွေကလည်း သိပ်မပြောသေးဘဲကြည့်နေတာ။ အခုက အဲဒါတွေပါ ပေါင်းသွားတာပေါ့။ အာဏာပိုင် တွေ ဘက်ကလည်း ဆက်လွှတ်ပေးလိုက်ရင် တခြားဂျာနယ်တွေပါ ဒီလို လုပ်လာမှာကိုလည်း စိုးရိမ်ပုံရတယ်။ ဂျာနယ်ကတာ ၀န် ရှိသူတွေလည်း တော်တော်ပြာနေပြီ” ဟု Weekly Eleven ဂျာနယ်နှင့် နီးစပ်သူ အယ်ဒီတာတဦး ကပြောသည်။ နိုဝင်ဘာ ၈ ရက်နေ့ကလည်း Weekly Eleven ဂျာနယ် အင်တာနက် စာမျက်ပေါ်ရှိ ရွေးကောက်ပွဲ သတင်း ကဏ္ဍကို ဖြုတ်ချ ခဲ့သည်။ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ ပြည်တွင်း ဂျာနယ်အသိုင်းအ၀န်းတွင် လည်း ဝေဖန်ပြောဆိုနေကြပြီး Weely Eleven ဂျာနယ်၏ စာဖတ်ပရိသတ်များကလည်း စိုးရိမ်နေကြသည်ဟု သိရသည်။ “ပြည်တွင်းမီဒီယာတခုအနေနဲ့ ဒီလိုလုပ်တဲ့အပေါ်မှာ အားပေးထားကြတာတွေအများကြီးပဲ။ Facebook လို ဆိုရှယ်ဆိုက် တွေ မှာဆိုလည်း အကုန်ပျံ့နေတယ်။ ချီးကျုးထားတာတွေလည်းတွေ့ရတယ်။ သတ္တိရှိရှိဖော်ပြလိုက်တာက မီဒီယာရဲ့ရပ်တည်မှု ဆိုပေမယ့် အာဏာပိုင်တွေဆိုတာကလည်း မထင်ရင် မထင်သလို လုပ်တတ်တာဆိုတော့ တဘက်မှာ ဆိုးကျိုးတွေဖြစ်လာမှာ စိုးရိမ်ကြတာပေါ့”ဟု လူငယ်စာဖတ်ပရိသတ်တဦးက ပြောသည်။ ယခု တပတ်ထုတ် Weekly Eleven ၊ The Voice ၊ 7 Day၊ Flower News ဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်သည့် သတင်းများနှင့် ဓာတ်ပုံများ ပါရှိသည့် ဂျာနယ်များရောင်းအားကောင်းခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ပုံပါ မျက်နှာဖုံး စာရွက်ကို တစောင် ၁၀၀ ကျပ် ဖြင့် မိတ္တူကူးရောင်းချသည့် ဈေးကွက်မှာပါ အရောင်းသွက်ခဲ့သည်ဟု သိရသည်။ အဆိုပါ ဖြစ်ရပ်များကို ကြည့်မည်ဆိုပါက မြန်မာပြည်စာဖတ်ပရိသတ် ပြည်သူလူထုသည် လွတ်လပ်သည့် မီဒီယာဖြစ် ပေါ် လာမှုကို လိုလားပြီး ၊ သတင်းဂျာနယ်များတွင် ဘက်ညီမျှပြီး မှန်ကန်သည့် သတင်းတင်ပြမှုများ ၊ စိစစ်ရေးဖြတ်တောက်မှု နည်းပါးသည့် သတင်းဂျာနယ်များကို ဖတ်ရှုလိုမှု ဆန္ဒပိုရှိကြောင်း စာရေးဆရာကြီးတဦးက သုံးသပ်ပြောဆိုလိုက်သည်။ The Voice ဂျာနယ်၏ အင်တာနက်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်နေ့က သတင်းဓာတ်ပုံ များ ဖော်ပြခဲ့သော်လည်း ယနေ့ ဖြုတ်ချလိုက်သည်။ စာပေစိစစ်ရေးက ပိတ်ပင်မှုများပြုသော်လည်း သတင်းဂျာနယ်များသည် Facebook နှင့် ၎င်းတို့ပိုင် ဝက်ဘ်ဆိုက် များကို အသုံးပြုကာ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓာတ်ပုံများကို အချိန်နှင့် တပြေးညီ တင်ပြခဲ့သည့်အတွက် ပြည်တွင်းပြည်ပ မြန်မာများအကြားတွင် အဆိုပါ ပြည်တွင်းသတင်း ဝက်ဘ်ဆိုက်များ ရေပန်း စားလာကြောင်း သိရှိရသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ ထုတ်ပြန်သည့် မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့်သည် ၁၇၈ နိုင်ငံအနက် ၁၇၄ နေရာတွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံတွင် တနိုင်ငံအဖြစ် ပါဝင်သည်။

Friday, November 19, 2010

“အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲ ရအောင်ကြိုးစား”

Thursday, 18 November 2010 19:43
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ နေအိမ် အကျယ်ချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ စစ်အစိုးရအပေါ်သဘောထား၊ ၎င်း ဆက်လက်ဆောင်ရွက်မည့် နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် များနှင့် ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခင်းအကျင်းအပေါ် အမြင် စတာတွေကို ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ အခုဆိုရင် နေအိမ်မှာ ၇ နှစ်ကျော် အကျဉ်းကျခဲ့တာ ပြန်လွတ်လာပြီ၊ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်အတွင်းမှာ လူထုကို စကားပြောခဲ့တယ်၊ အပြင်ကိုလည်း ထွက်ကြည့်ခွင့်ရတယ်။ မြန်မာ လူမျိုးတွေကလည်း အပြင်မှာရော အထဲမှာရော ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ဝမ်းမြောက် ဝမ်းသာဖြစ်ကြတယ်။ ဘာတွေ ပြောင်း သွားတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ ပထမ ဦးဆုံးကတော့ အန်တီ့ကို လာပြီး ကြိုတဲ့ လူအုပ်စုထဲမှာ လူငယ်တွေ ပိုများလာတာတော့ သတိ ထားမိတယ်။ နောက်ပြီးတော့ cell phone လေးတွေ သုံးတာပေါ့နော်။ cell phone လေးတွေနဲ့၊ hand phone လေးတွေနဲ့ ဓာတ်ပုံရိုက်တာတွေ ဘာတွေပေါ့။ အဲဒါတွေက အရင်တုန်းက မကြုံဖူးဘူးလေ။ ၁၀ နှစ် လောက်က မရှိဘူး။ အဲဒါတွေက တော်တော်များများ ပျံ့နေတာဟာ၊ ဘာပဲပြောပြော ဆက်သွယ်ရေး လမ်းကြောင်းကတော့ အရင်ထက်စာလို့ရှိရင် လမ်းကြောင်းတွေ ပိုများလာတယ်လို့ မြင်တာပေါ့နော်။ အဲဒါကတော့ အရေးကြီးတဲ့ ကိစ္စပေါ့နော်။ နောက်ပြီးတော့ မြို့ထဲမှာတော့လေ သိပ်ထူးထူးခြားခြား အပြောင်းအလဲကြီးတော့ မမြင်ဘူး။ တကယ်တော့ အန်တီလည်း လျှောက်ပြီး သွားတဲ့လူမဟုတ်တော့ နေရာမနှံ့လို့လားတော့မသိဘူး။ သိပ်ပြီး ထူးထူးခြားခြား ဘာမှပြောင်းလဲမှုမရှိဘူး။
မေး။ ။ မြန်မာလူမျိုးတွေက အရမ်း နွမ်းသွားလား။
ဖြေ။ ။ အဲဒီဟာ ကြည့်ရတာတော့နော် နွမ်းပါးနေပေမယ့်။ အန်တီ့ကိုလာကြိုတဲ့ လူတွေကတော့ အရမ်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ အားပေးတာ၊ အဲဒါကိုတော့ တော်တော်လေး ကျေးဇူးလည်း တင်တယ်။ ဒီလို သူတို့ သဘောထား သိပ်ကြီးတယ်ပေါ့နော်။ နွေးထွေးတယ်။ အဲဒီလိုပဲ ခံစားရတယ်။
မေး။ ။ အန်တီ အခုလွတ်လာတာကို ထောင်သေးသေးထဲကနေ ထောင်ကြီးကြီးထဲကို လွတ်လာတာလို့ တချို့က ရေးကြ သုံးသပ်ကြတာတွေ တွေ့ရတယ်။ အဲဒီလိုမျိုး အန်တီ ခံစားရလား။
ဖြေ။ ။ အန်တီက အဲဒီလိုမမြင်ဘူး။ ပြောင်းပြန်မြင်တယ်။ အစတုန်းကလည်း အန်တီက လွတ်လပ်နေတယ်လို့ အန်တီ့ကိုယ် အန်တီ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီ့ စိတ်လွတ်လပ်တယ်။ အန်တီ့ အတွေးအခေါ်နဲ့၊ အန်တီ့ ယုံကြည်ချက်နဲ့ အန်တီရွေးတဲ့လမ်း အန်တီလျှောက်နေတာ။ ပြီးတော့ စိတ်ထဲမှာ မလွတ်လပ်ဘူးလို့ မခံစားရဘူး။ အခု ဒီလို ထွက်လာတော့လည်း အန်တီ မလွတ်လပ်ဘူးလို့ မခံစားရဘူး။ အခုကတော့ ပိုပြီး အလုပ်များတာပေါ့နော်။ လက်တွေ့ကျကျ အပြောင်းအလဲတွေပဲ မြင်ရတယ်၊ တွေ့ရတယ်၊ ခံစားရတယ်။ တကယ်တော့ ကိုယ့် အတွင်းစိတ်ကတော့ ဒီ အတိုင်းပဲ။မေး။ ။ ဟုတ်ကဲ့။ တချို့ နိုင်ငံရေး သုံးသပ်သူတွေပေါ့။ ကျနော်တို့အပါအဝင် အပြင်မှာရော၊ အထဲမှာရော ပြောကြတာ၊ ရေးကြတာ ဘာတွေလဲ ဆိုတော့ မြန်မာ နအဖ စစ်အစိုးရအနေနဲ့ အန်တီ့ကို ရွေးကောက်ပွဲပြီး တပတ် မှာလွှတ်တာက ရွေးကောက်ပွဲကို အာရုံလွှဲတယ်လို့ပဲ မြင်ကြတယ်။ အန်တီ ဘယ်လိုထင်သလဲ။ဖြေ။ ။ အဲဒါကတော့ အန်တီပြောလို့မရဘူး။ ဟုတ်ရင်လည်း ဟုတ်နိုင်တယ်လေ။ ဒါပေမယ့် ရွေးကောက်ပွဲက ပြီးသွားပြီဆိုတော့လည်း ရွေးကောက်ပွဲကို အာရုံသိပ်ပြီးပြုဖို့မလိုတော့ အန်တီ့ကို ပိုပြီးတော့ အာရုံစိုက် တာပေါ့နော်။မေး။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်ခြင်းပဲ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အန်တီက တွေ့ဆုံ စကားပြောချင်တယ်၊ အမျိုးသား ရင်ကြားစေ့ရေး ပြန်လည် ဖော်ဆောင်ချင်တယ်လို့ ပြောတယ်လေ။ အများစုက အန်တီ့ အပေါ်မှာ သံသယမရှိပေမယ့် ဟိုဘက်ကတော့ ပြောချင်ပုံ မရဘူးပေါ့လေ။ အန်တီ နိုင်ငံရေးကို စဝင်ကတည်းက၊ ၁၉၈၈ ကတည်းက၊ မြန်မာ နအဖ၊ အဲဒီတုန်းက နဝတ ပေါ့ သူတို့ဘက်က နေပြီးတော့ အန်တီ့ကို မလိုလားဘူးဆိုတဲ့ ဟာကို အကြိမ်ကြိမ် ပြောခဲ့ပြီးပြီဖြစ်တယ်။ ဘာကြောင့် အခုထိ ၂၂ နှစ်ရှိပြီ၊ အန်တီ့ ဘက်ကနေပြီးတော့ အမျိုးမျိုး ကမ်းလှမ်းခဲ့သော်လည်း ဘာလို့ သူတို့ဘက်က မပြောချင်တာလဲ၊ ဘာကြောင့်လို့ အန်တီထင်သလဲ။
ဖြေ။ ။ စကားပြောတယ် ဆိုတဲ့ အဓိက ရည်ရွယ်ချက်အနေနဲ့ စကားပြောတဲ့ တကယ့် အနှစ်သာရ အဓိပ္ပာယ်ကို အန်တီတို့ နားလည်တာခြင်းဟာ မတူဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီ့အမြင်မှာ ဒီလို စကား ပြောတယ် ဆိုတာဟာ စကားရည်လုပွဲ မဟုတ်ပါဘူး။ အန်တီ ခဏခဏပြောတယ်။ တဘက်က ရှုံးစေ၊ တဘက်က နိုင်စေ ပြောတာ မဟုတ်ဘူး။ တဘက်ကလည်း ကိုယ့် အမြင်ကိုပြောရမယ်၊ နောက်တဘက်ကလည်း ကိုယ့်အမြင်ကို ပြောမယ်၊ သဘောမတူတာတွေ ရှိရင်လည်း ညှိယူမယ်ပေါ့နော်။ ၂ ဘက် စလုံးအတွက် အောင်နိုင်မှု ဖြစ်ရမယ်။ အဲဒါမျိုး ကိုပြောပေမယ့်လည်းပဲ နည်းနည်းမှ သဘောမပေါက်ဘူး။ မယုံတာလား၊ သဘောမပေါက်တာလား။ ဒါမှမဟုတ် တပ်မတော် အသိုင်းအဝန်းမှာ ဒီလိုပေါ့နော် … အခြေအတင် စကားပြောပြီးတော့ ညှိနှိုင်းယူတဲ့ အလေ့ အထ မရှိလို့လား၊ အဲဒါတွေက အများကြီးကို စဉ်းစားစရာ ဖြစ်တယ်။
မေး။ ။ အဲဒီလို ဆိုရင် ၉၄၊ ၉၅ ပြီးတော့ ၂၀၀၀ ဝန်းကျင်မှာ အန်တီနဲ့ တကယ့် ထိပ်တန်း ခေါင်းဆောင်တွေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင်၊ ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် တွေ့ခဲ့တာတွေရှိတယ်။ အဲဒီတုန်းက ပြောခဲ့တာ တွေကကော တကယ့် အနှစ်သာရ ရှိတာတွေလား၊ တကယ့် အခြေအတင် တွေလား။
ဖြေ။ ။ တွေ့ကြတယ်ပေါ့နော်။ ဒါပေမယ့် တကယ် ဆွေးနွေးတယ်လို့ ပြောလို့မရပါဘူး။ တကယ် ဆွေးနွေး တယ်လို့ ပြောလို့ရတာက၊ ဒီပဲယင်းပြီးတော့ တွေ့ဆုံခဲ့တဲ့ ဗိုလ်မှူးကြီးတင်လှိုင်တို့၊ ဗိုလ်ချုပ်ကျော်ဝင်းတို့၊ ဗိုလ်မှူးချုပ် သန်းထွန်း တို့နဲ့ တွေ့ဆုံပြီးတော့ ပြောခဲ့တာပဲ၊ အဲဒါတွေကတော့ တကယ် ဆွေးနွေးခဲ့တာပဲ။ ဒါပေမယ့် အဲဒါတွေကလည်း တကယ်တော့ အကောင်အထည်မဖော်ခဲ့ဘူး။
မေး။ ။ သူတို့တွေလည်း မရှိတော့ဘူး။ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း မရှိတော့ဘူး၊ တချို့ နှစ်ရှည်လများ ထောင်ကျ နေကြတာ ဆိုတော့ သူတို့ အပေါ်မှာရော အန်တီ ဘယ်လိုမြင်သလဲ။ တကယ်ပဲ အန်တီနဲ့ တပ်မတော်ကြားထဲမှာ တံတားထိုးပေးနိုင်မယ့် သူတွေလို့ အန်တီ နောက်ပိုင်းမှာ ယူဆမိတာ ရှိလား။ နောက်ပိုင်းမှာ ပြန်တွေ့ဖို့ ရှိလား။
ဖြေ။ ။ အန်တီထင်တာကတော့ သူတွေကတော့ သူတို့ကို တာဝန်ပေးချက်အရ လုပ်နေပေမယ့် သူတို့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်တယ် လို့တော့ အန်တီက မြင်တာပဲ။ ဒါပေမယ့် သူတို့ကလည်း ခိုင်းတဲ့ အတိုင်းပဲ လုပ်ရတာပေါ့။ အန်တီက ဒီလိုလူတွေနဲ့ ဆွေးနွေး ပြောဆိုတဲ့ အခါမှာ သူတို့ရဲ့ ကောင်းတဲ့ အချက် ရှိတယ်ဆိုတာ အမြဲ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ဘက်ကချည်းပဲ မှန်တယ်လို့လည်း ထင်တာ မဟုတ်ပါဘူး။သူတို့နဲ့က သူပြောကိုယ်ပြော ပေါ့နော်။ နောက်ပြီးတော့လည်း နည်းနည်း ချဉ်သွားတာပေါ့နော်၊ နည်းနည်း ပြောဟယ် ဆိုဟယ် ဆိုတော့လည်း ချဉ်သွားတဲ့ ကိစ္စလေးတော့ ရှိတာပေါ့နော်။ အဲဒါလည်း အန်တီ့ဘက်က ရှိတာပေါ့နော်။ သူတို့ဘက်ကတော့ ရှိလား မရှိလားတော့ မသိဘူး။
မေး။ ။ အန်တီ့အပေါ်မှာတောင် အရမ်း လေးစားသွားတာတွေ ရှိတယ်လို့ကျနော် ကြားတယ်။ အဲဒီလိုမျိုး ရှိလား။ဖြေ။ ။ အဲဒီလောက်တော့ မသိဘူး။ ဒါပေမယ့် အန်တီကိုတော့ သူတို့ကောင်းကောင်း ဆက်ဆံပါတယ်။ အခုနောက်ပိုင်းမှာလည်း လုံခြုံရေးတာဝန်ယူရတဲ့ အရာရှိတွေကလည်း သူတို့နဲ့တွေ့တဲ့အခါ၊ ဆက်ဆံရတဲ့အခါ ကောင်းကောင်း မွန်မွန်ပါပဲ။ အန်တီကလည်း သူတို့အပေါ်မှာ ခင်ချင်တဲ့ စိတ်ရှိပါတယ်။ သူတို့ အတွင်းစိတ်က ဘယ်လိုရှိလဲ ဆိုတာတော့ ပြောလို့မရဘူး။ အန်တီ့ ဘက်ကပဲ အန်တီပြောနိုင်တာ သူတို့ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံတာကို အန်တီက ကျေးဇူးလည်း တင်တယ်၊ သူတို့အပေါ်မှာ ခင်မင်ရင်းနှီးချင်တဲ့ စိတ်လည်း ရှိတယ်။ နောက် တနင်္ဂနွေ နေ့တုန်းကလို ပေါ့လေ။ ရုံးအရှေ့မှာ ပြောသလိုပေါ့လေ။ ပြည်သူအားလုံးကို သူတို့ ဒီလိုပဲဆက်ဆံ စေချင်တယ်။
မေး။ ။ အန်တီ တခါတလေများ သိပ်မဝေးတော့တဲ့ ကာလတခုမှာ နေပြည်တော်ကို သွားပြီးတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့လို့ရမယ့် အစီအစဉ်များ ရှိမယ်လို့ ထင်မိသလား။ ယုံကြည်သလား။
ဖြေ။ ။ အန်တီကတော့ အဲဒီလိုမစဉ်းစားဘူး။ အန်တီကတော့ ဘယ်လိုဖြစ်အောင် လုပ်ရမလဲပေါ့နော်။ ကိုအောင်ဇော်တို့ ကြားဖူးမလားတော့ မသိဘူး။ ဂန္ဓီကြီးက ဟိန္ဒူဘာသာဝင် ဆိုပေမယ့် ခရစ်ယာန် ဓမ္မသီချင်းတပုဒ်ကို သိပ်ပြီးတော့ သဘောကျတယ် ဆိုတာလေ။ အဲဒီ သီချင်းဟာ Lead Kindly Light ဆိုတာ သူပြောထားတာတော့ အရှည် အဝေးကြီး မဟုတ်ဘူးပေါ့နော်။ တလှမ်းချင်း တလှမ်းချင်းသာ မြင်ခွင့်ပေးပါဆိုတာ၊ အဲဒါကို ဂန္ဓီကြီးက ယုံသလို အဲဒီဟာကို အန်တီလည်းယုံတယ်။ တလှမ်းချင်း တလှမ်းချင်းသာ မှန်အောင် လှမ်းနိုင်အောင်လို့ ကိုယ့်ကိုကိုယ် ကြိုးစားပြီးသွားမယ်၊ တလှမ်းချင်း တလှမ်းချင်းသာမှန်လို့ရှိရင်တော့ လမ်းမှန်ပေါ်ကနေ နေရာမှန်ကို ရောက်မှာ ပေါ့လေ။ အဝေးကြီး စိတ်ကူးမယဉ်စေချင်ဘူး။ နောက်ပြီးတော့ အန်တီက စိတ်ကူးယဉ် မျှော်လင့်ချက်ကို သိပ် အယုံအကြည်မရှိဘူး။ မျှော်လင့်ချက်ဆိုတာ ကြိုးစားချင်မှု။ ကိုယ်ကြိုးစား သလောက်ပဲ မျှော်လင့်ပိုင်ခွင့် ရှိတယ်လို့ အဲဒီလိုပဲ အယုံအကြည် ရှိရှိနဲ့ ကြိုးစားသွားမှာပဲ။
မေး။ ။ အဲဒီလိုမျိုး အန်တီနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေကြားမှာ အဲဒီလိုမျိုး တကယ့်ကို စေ့စပ် ဆွေးနွေးဖို့ အလားအလာ ရောက်တော့မယ်ဆိုပြီးတော့ စိတ်ကူးယဉ်ပြီးတော့ ပြောတာတွေ ရေးတာတွေ အပြင်မှာ ရော၊ အထဲမှာရော၊ ကုလသမဂ္ဂဆိုရင် ပြောခဲ့ဖူးတာ တွေလည်း ရှိခဲ့ဖူးတော့ အန်တီ ဘယ်လိုမြင်သလဲ။ဖြေ။ ။ အဲဒီလို မျှော်မှန်းကြည့်တာတော့ မမှားပါဘူး။ အန်တီတို့လည်း မျှော်မှန်းကြည့်တာပါပဲ။ တကယ်လို့ တွေ့ခဲ့ရင် ဘယ်လို ဘာပြောချင်လဲဆိုတာ စဉ်းစားကြည့်တယ်။ တခါတခါတော့ စဉ်းစားကြည့်တာပေါ့။ ခဏခဏတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကတော့ အဆင်သင့် ရှိရမယ်လေ။ ဘာလဲဆိုတော့ ဟို တဘက်ကနေ စကားပြောပါ၊ စကားပြောပါဆိုပြီး ကဲ လာ ပြောတော့ဆိုရင် ဘာပြောရမှန်း မသိဘူးဆိုရင် နည်းနည်း မကောင်းဘူးပေါ့လေ။ အဲဒီတော့ အပြင်ကလူတွေကလည်း ဒီလို ခန့်မှန်းကြည့်တဲ့ဟာကို ဘာမှ အပြစ်မမြင်ပါဘူး။ တခါတလေတော့ နည်းနည်း ရယ်ချင်တယ်။ သူတို့ခန့်မှန်းချက်တွေက ရယ်စရာလေးတွေပဲ၊ ဟုတ်တယ် ဟာသလိုပဲ။
မေး။ ။ အန်တီမှတ်မိလား ဘယ်ဟာလဲ၊ ဘယ်အချက်ကို ရယ်ချင်တာလဲ။
ဖြေ။ ။ မပြောတော့ပါဘူး။ ဒါပေမယ့် တချို့လူတွေရဲ့ ခန့်မှန်းချက်တွေ ကတော့ နည်းနည်းလေး ဟာသ ဆန်တာပေါ့။ နည်းနည်းလေး စိတ်ကူးယဉ်လွန်းအား ကြီးလွန်းတယ်ပေါ့။ ဒါပေမယ့် အဲဒါကို အပြစ်ကြီးလို့ မမြင်ပါဘူး။ တချို့ကလည်း အကောင်း ဖြစ်စေချင်လို့ပေါ့။ တချို့ကလည်း အကောင်းမြင်ဝါဒ မဟုတ်ဘူး။ ပြောင်းပြန်ပေါ့၊ အဆိုးမြင်ဝါဒလည်း ရှိပါတယ်။ အဲဒါတွေကလည်း နည်းနည်း အစွန်းရောက်တဲ့ အဆိုးမြင်ဝါဒတွေ ရှိတယ်။ ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ အဲဒါတော့ အစွန်း နှစ်ဘက်ပေါ့။ ဒါက တကယ်တော့လည်း တဘက်က လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ အခြေအနေတွေက ခန့်မှန်းတဲ့အတိုင်း ဖြစ်တာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာ စကားနဲ့ ပြောရရင် အနတ္တပေါ့နော်။ အစိုးမရခြင်းပေါ့။ ကိုယ်မှန်းသလိုလည်း ဖြစ်တာမဟုတ်ဘူး၊ သူ မှန်းသလိုလည်း အမြဲဖြစ်တာ မဟုတ်ဘူး။ အမြဲတမ်းတော့ ကိုယ်က အဆင်သင့် ရှိနေရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားရမှာပေါ့။
မေး။ ။ အဲဒီလို ပြင်ဆင်ထားတယ်ဆိုရင် တကယ်လို့များ နောက်တခေါက် ထပ်ပြီးတွေ့ကြပြီး ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ကြပြီဆိုရင် အန်တီ ဘာတွေ ပြောချင်လဲ။
ဖြေ။ ။ အခြေအနေပေါ်မှာ တည်တယ်လေ။ ဘယ်လို အခြေအနေမျိုးမှာ တွေ့ကြမှာလဲ။ ဘာကြောင့် တွေ့ကြ မှာလဲ။ အဲဒီတော့ အဲဒါတွေအပေါ်မှာ အခြေခံပြီးတော့ ပြောရမှာပေါ့နော်။
မေး။ ။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ နိုင်ငံရေးက ဖယ်ထုတ်လို့မရဘူးလို့ တချို့က မြင်ကြ ရေးကြ ပြောကြတယ်။ အခြေခံ ဥပဒေသစ်မှာ ဆိုလည်း တပ်မတော်က နိုင်ငံရေးအခန်း ကဏ္ဍမှာဆက်ပြီးရှိမယ်၊ သွားမယ်၊ ထိန်းချုပ် ထားမယ် ဆိုပြီးတော့ သိရပါတယ်။ စစ်တပ်နဲ့ နိုင်ငံရေး အခန်းကဏ္ဍကို အန်တီ ဘယ်လိုမြင်သလဲ။ဖြေ။ ။ နိုင်ငံရေးဆိုတာ ဘယ်သူ့ဆီက ဘယ်အသိုင်းအဝန်းကမှ ဖယ်ထုတ်လို့မရဘူး။ နိုင်ငံရေးကို ဖယ်ထုတ်လို့ မရဘူး။ အားလုံးက နိုင်ငံရေးနဲ့ပဲ ဆက်စပ် နေတာပဲ။ ဒါပေမယ့် ဒီ ဆက်စပ်မှုဟာ မှန်ကန်တဲ့ ဆက်စပ်မှုတော့ ဖြစ်ဖို့ အရေးကြီးတာပေါ့။
မေး။ ။ တပ်မတော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ ရေးကို လိုလားတဲ့လူတွေ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ တကယ်လည်း ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အန်ကယ်လ် ဦးတင်ဦးကို ကြည့်မယ် ဆိုရင် လည်း အန်တီနဲ့ နောက်ကနေ အမြဲတမ်း ပါဝင်တဲ့၊ တိုက်ပွဲဝင်ခဲ့တဲ့ လူထဲမှာ ပါပါတယ်။ ဆိုတော့ တပ်မတော်ထဲက အရာရှိတွေရယ်၊ မိသားစုတွေရယ်၊ အပြောင်းအလဲ မြင်ချင် လိုချင်ကြတဲ့ လူတွေကို အန်တီပြောချင်တဲ့ သတင်းစကားက ဘာလဲ။
ဖြေ။ ။ အပြောင်းအလဲလိုချင်ရင်တော့ အပြောင်းအလဲ ဖြစ်အောင်လို့ လုပ်ရမှာပေါ့။ အန်တီက စောစာက ပြောသလိုပေါ့။ အန်တီက ဒီလိုပဲ မျှော်လင့်နေတဲ့ ဟာမျိုးကို အယုံအကြည် မရှိဘူး။ မျှော်လင့်တယ် ဆိုရင် မျှော်လင့်တဲ့ဟာကို ရဖို့ ကြိုးစားမှု ထုတ်ရမယ်။
မေး။ ။ ရွေးကောက်ပွဲလည်း ကျင်းပပြီးပြီ အန်တီရယ်။ Free and Fair မဖြစ်ဘူး၊ ပြည်ခိုင်ဖြိုး ပါတီကနိုင်တာကို တွေ့ရတယ်။ တရားဝင် ကြေညာတာတော့ မရှိသေးဘူး ပေါ့နော်။ ဒါပေမယ့် လောလောဆယ် လက္ခဏာတွေကြည့်မယ်ဆိုရင် သူတို့နိုင်တယ် ဆိုတာ အသေအချာပဲပေါ့လေ။ မကြာခင်မှာ ပါလီမန် လွှတ်တော် ခေါ်မယ် အစိုးရ ဖွဲ့မယ်။ ဒါကို အခင်းအကျင်း အသစ်လို့ နိုင်ငံတကာက မြင်တယ်၊ ပြောကြတယ်ပေါ့လေ။ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်က ဒီအခင်းအကျင်း သစ်ကို ဘယ်လို ရင်ဆိုင်မလဲ။
ဖြေ။ ။ တကယ်ပဲ အခင်းအကျင်းအသစ်လား။ အဲဒါက အန်တီက မေးပိုင်ခွင့် ရှိတယ်လေ။
မေး။ ။ အဲဒါကြောင့် ကျနော်မေးတာ၊ အခင်းအကျင်းသစ်လား၊ အဲဒီ အခင်းအကျင်းသစ် ဆိုရင်ကော အန်တီ ဘယ်လို ရင်ဆိုင်မလဲ။ ဘယ်လို ဖြတ်ကျော်မလဲ။
ဖြေ။ ။ အခုဟာကလေ အခင်းအကျင်းသစ်ဆိုတာ ဘာကိုပြောမှန်းကို မသိဘူး။ ပါလီမန် ရှိတာကို ပြောတာလား။ ပါလီမန်ရှိတာပဲ ပြောတာဆိုလို့ရှိရင်တော့ နိုင်ငံရေးဆိုတာ ပါလီမန် အတွင်း နိုင်ငံရေး၊ ပါလီမန်အပြင် နိုင်ငံရေး ဆိုတာ အမြဲရှိတာချည်းပဲ။ အဲဒီတော့ အန်တီတို့က ပါလီမန်အပြင် နိုင်ငံရေး လုပ်တဲ့လူတွေ ဖြစ်မှာပေါ့။ အဲဒီတော့ အန်တီတို့ ပါလီမန် နိုင်ငံရေး အပြင်ဘက်မှာ လုပ်တဲ့လူတွေ ဆိုတာလည်း အန်တီတို့က သူတို့ နိုင်ငံရေး လုပ်ပုံလုပ်နည်းတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီ ဆိုတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်လုပ်သွားမှာပဲ။မေး။ ။ နိုင်ငံတကာက ဆိုရင်လည်း ရွေးကောက်ပွဲ မတိုင်ခင်မှာ အမြင် အမျိုးမျိုးရှိတယ်။ တချို့က ရွေးစရာ လမ်းမရှိတော့ဘူးလို့ ပြောကြတယ်။ ဥရောပ နိုင်ငံတချို့ ဆိုရင်လည်း ထောက်ခံတဲ့ ပုံစံမျိုးတွေ ပြောကြတာတွေ့တယ်။ အထဲနဲ့ အပြင်နဲ့ သဘောထား ကွဲတဲ့ ပုံစံတွေ ဖြစ်ကုန်တယ်။ အန်တီ ဘီဘီစီမှာလည်း ဖြေသွားတာ ကြားပါတယ်။ ဆိုတော့ အခု ရွေးကောက်ပွဲ ပြီးသွားပြီ။ တချို့လည်း မျက်စိမျက်နှာ ပျက်သွားကြတယ်။ အရှက်တွေ ကွဲကြတယ်။ သူတို့ ထင်သလို မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး ပေါ့လေ။ အန်တီ ဘာပြောချင်လဲ သူတို့ကို။
ဖြေ။ ။ အဲဒါကို ကောင်းကောင်းလေး သင်ခန်းစာ ယူပါလို့ ပြောချင်တယ်။
မေး။ ။ နိုင်ငံတကာက ဒေါ်စု လွတ်လာတာ ကြိုဆိုတယ်၊ ဝမ်းသာတယ်ပေါ့လေ။ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လုပ်မယ်လို့ ပြောတယ်။ အမေရိကန်ကလည်း တိုက်ရိုက် သဘော ဆက်ဆံမယ် ပြောတယ်၊ ပေါ်လစီ ဆက်ထားမယ်လို့ပြောတယ်။ မကြာခင်မှာ Meeting တွေလုပ်ဦးမယ်လို့ ပြောတယ်။ အဲဒီတော့ နိုင်ငံတကာက ဘယ်လို ဖိအားပေးမှုတွေ၊ လက်တွေ့ကျကျ ဆက်ဆံမှုတွေ၊ အပြုသဘောဆောင်တာတွေ လုပ်စေချင်သလဲ။ နောက်တခုက အာဆီယံနဲ့ တရုတ် အပေါ်မှာရော အန်တီဘာပြောချင်လဲ။
ဖြေ။ ။ အာဆီယံနဲ့ တရုတ်တို့ကို နီးနီးကပ်ကပ် ဆက်ဆံစေချင်တယ်။ အန်တီတို့နဲ့ ဆက်ဆံစေချင်တယ်။ အန်တီတို့က မဆက်ဆံသင့်တဲ့ လူမျိုးများမဟုတ်ပါဘူးဆိုတာကို သေသေချာချာ သိစေချင်တယ်။ ပြီးတော့ ခုနက ပြောသလို ပိတ်ဆို့မှုတွေ ဘာတွေ အဲဒါတွေလည်း မဖြုတ်သေးဘူး ဘာဘူးလို့ပြောတာဟာလည်း ခုနက ကိုအောင်ဇော် ပြောတာနဲ့ ဆက်စပ် နေတာပေါ့လေ။ တကယ်ပဲ အခင်းအကျင်းသစ် ဟုတ်လို့လား။ ဒါလည်း သူတို့က ကြည့်နေတယ်လို့ ထင်တယ်။
မေး။ ။ အပြင်မှာ ဆိုရင်လည်း Exile Community အကြီးကြီးဖြစ်နေပြီး Illegal ရွှေ့ပြောင်း ထွက်လာကြတာ တွေလည်း အများကြီးပဲ၊ သိန်းနဲ့ သန်းနဲ့ချီပြီး ထွက်လာကြတာ လူငယ်တွေက အများကြီးပဲ။ အန်တီကလည်း လူငယ်နဲ့ ပညာရေးကို အရမ်းကို ဦးစားပေး ပြောလေ့ရှိတယ်။ အပြင်က လူငယ်တွေ၊ အထဲက လူငယ်တွေ။ ပညာရေး ကိစ္စတွေ အန်တီ ဘာတွေ လုပ်မလဲ၊ ဘာတွေစီစဉ်ထားလဲ။ အန်တီ ဘာတွေပြောချင်သလဲ၊ ဘာမက်ဆေ့ခ်ျတွေ ပေးချင်လဲ။
ဖြေ။ ။ အန်တီက အပြင်က လူငယ်တွေနဲ့ အဆက်အသွယ်ရှိချင်တယ် ဆိုတာ အဲဒါတွေကြောင့်။ အထူးသဖြင့် အနောက် နိုင်ငံတွေမှာ ရောက်သွားတဲ့ လူငယ်တွေ ဆိုရင် ပညာရေးနဲ့ ပတ်သက်လို့ အများကြီး အခွင့်အရေး ရတယ်။ အန်တီတို့ ပြည်တွင်းထဲက လူငယ်တွေထက်ပေါ့။ ဒါကြောင့်မို့လို့ အန်တီက ပြည်တွင်းက လူငယ်တွေနဲ့ ပြည်ပက လူငယ်တွေကို ဆက်စပ်မှု ရှိစေချင်တယ်။ ပြည်ပ ရောက်သွားတဲ့ လူငယ်တွေက ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ရဲ့သက်တူ ရွယ်တူတွေကို မမေ့စေချင်ဘူး။ မေ့လည်းမမေ့ဘူးလို့ အန်တီထင်တယ်။ အခု တော်တော်များများက ဘလောဂ့်ဆိုက်တွေ လုပ်တာတို့၊ အင်တာနက်မှာ ဆက်နွှယ်တာတို့ ဘာတို့ လုပ်နေတယ် ဆိုတော့ ပြည်တွင်းကို မမေ့ဘူးလို့ ထင်တယ်။ အဲဒါကို အင်အား တခုအနေနဲ့ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီးတော့ ရပ်တည်ပေးမယ်လို့ ထင်တယ်။
မေး။ ။ အရင်ကနဲ့မတူဘူး အန်တီ၊ အရင်တုန်းက လွတ်တုန်းက ဆိုရင် တိုင်းရင်းသားတွေက ငြိမ်နေတယ်။ အခု အန်တီ့ကို အရမ်းကို ထောက်ခံတာတွေ တွေ့ရတယ်။ အန်တီကလည်း ဒုတိယ ပင်လုံညီလာခံ လုပ်မယ်ဆိုတော့ အန်တီ ဘယ်လောက်အားရလဲ။
ဖြေ။ ။ အားရပါတယ်။ အားရတယ် ဆိုတာလေ။ အန်တီ ညီညွတ်မှုကို အားရတာပါ။ အန်တီ့ကို ထောက်ခံလို့ရယ် မဟုတ်ဘူး။ ဒီလို ညီညွတ်မှုကို ဦးတည်လာတဲ့ လက္ခဏဖြစ်လို့ အားရတာပါ။ ။

Thursday, November 18, 2010

ဆရာတော်ဦးသုမင်္ဂလ ကော့တောင်ကျွန်းသို့ရောက်ရှိ


ကိုကို 18/11/2010 thursday

ထိုင်းနိုင်ငံတောင်ပိုင်းစူရတ်ဌာနီခရိုင်ကော့တောင်ကျွန်းသို့ ဆရာတော်ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်) ယနေ့ ၁၈.၁၁.၂၀၁၀နံနက် ၁၀:၂၅ တွင်ရောက်ရှိပြီး ၁၈/၁၉ ရက်နှစ်ရက်ဆက်တိုက် ည (၈:၃၀)မှ(၁၀:၃၀)ထိ
ကော့တောင်ဘုန်းတော်ကြီးကျောင်းတွင် တရားပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။
တရားနာလာရောက်ကြမည့် သူတော်ကောင်းအပေါင်းတို့သွားလာရေးလွယ်ကူစေရန်
-ဟတ်စလီ ။ ။အမေ့အိမ်ဆိုင်လမ်းထိပ်
-မဲဟတ် ။ ။စုံဆန် လမ်းထိပ်
-ချလုံဘန်ကောက်။ ။ဘတ်ပွဲစား ဖီးလောင်အိမ်ရှေ့
နေရာများမှသာသနာ့အလံထောင်ထားသောကားများဖြင့် ည(၀၇:၀၀)နာရီမှစတင်၍ အကြို အပို့လုပ်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

Wednesday, November 17, 2010

ဒေါ်အောင်ဆန်းစုကြည် HIV/AIDS ဝေဒနာရှင်များကို အားပေး

ရန်ပိုင် Wednesday, 17 November 2010 18:47

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက် အကူပြုအဖွဲ့မှ စောင့်ရှောက် ထားသည့် HIV/AIDS ဝေဒနာရှင်များကို ယနေ့ နေ့လယ်၂ နာရီခန့်တွင် သွားရောက်တွေ့ဆုံ အားပေးကြောင်း သတင်းရသည်။
ယမန်နေ့က တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး NLD ရုံးချုပ်မှ ပြန်လည် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)ဝေဒနာရှင်များ၏ ဆေးဝါး ကုသမှု အခြေအနေ၊ စားဝတ်နေရေး အခြေအနေများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ များကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းအားပေးကြောင်း ဝေဒနာရှင်တဦး ဖြစ်သည့် မသီသီအေး က ဧရာဝတီသို့ ပြောပြ သည်။“အမေစုကို တွေ့ရလို့ အရမ်းဝမ်းသာတယ်၊ တွေ့ရမယ်လို့ ထင်လည်း ထင်မထားဘူး၊ မျက်ရည်တောင် ကျတယ်”ဟု ၎င်းကပြော သည်။လူနာရှင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရသည့်အတွက် မျော်လင့်ချက်ကုန်နေသည့် ဘ၀တွင် ခွန်အားများ ဖြစ်လာကြောင်း၊ ဘ၀သက်တမ်းတလျှောက်တွင် ယခုကဲ့သို့ တွေ့ဆုံရမည်ဟု မထင်ကြောင်း မသီသီအေးက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်က ပျော်ပျော်ရွှင်ရွှင်နှင့် ဆေးကုသခံယူရင်း ဘ၀ကို ဖြတ်သန်းရန် ပြောဆိုသွားကြောင်းလည်း ၎င်းကဆက် လက်ပြောပြသည်။လူနာရှင် မသီသီအေးသည် ရန်ကုန်ဇာတိဖြစ်ပြီး အသက်၂၈ နှစ် ရှိပြီဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်ကမှ ၎င်းတွင် ရောဂါ ရှိနေကြောင်း သိရသည်ဟု ပြောသည်။အဆိုပါ ရောဂါကို ၎င်း၏ အမျိုးသားထံမှ ကူးစက်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသားတိမ်းပါးသွားပြီးနောက် တောင်ဒဂုံမြို့နယ်ရှိ NLD လူမှု အထောက်အကူပြု အဖွဲ့၏ ဂေဟာတွင် ဆေးကုသမှု ခံယူရင်း နေထိုင်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။NLD လူမှုအထောက်အကူပြုအဖွဲ့သည် HIV/AIDS ဝေဒနာရှင်များကို ပြုစုစောင့်ရှောက်မှုပေးရန် ရန်ကုန်တိုင်းအတွင်း ဂေဟာ သုံးခုတည်ထောင်ထားကြောင်း၊ ယခု တောင်ဒဂုံမြို့နယ် ဂေဟာတွင် လူနာပေါင်း ၁၀၀ ကျော် နေထိုင်ကြောင်း သိရသည်။ယင်း လူနာများ ပြုစုစောင့်ရှောက်ရေးကို လူမှုအထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်း ဦးဆောင်သည့် NLD လူငယ်များက ဦးစီး ဆောင်ရွက်နေခြင်းဖြစ်သည်။ဝေဒနာရှင် တဦးဖြစ်သည့် မ၀င်းဝင်းနိုင်ကလည်း “အမေစုက ပြောတယ်၊ ရောဂါ အတွက် စိတ်ဓာတ်မကျဖို့၊ ဆေးဝါး တွေကို တတ် နိုင်သမျှ ကူညီပေးမယ် ပြောတယ်”ဟု ဆိုသည်။ဝေဒနာရှင်များ အားလုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လာရောက်အားပေးမှုကြောင့် ပျော်ရွင်နေကြောင်း မ၀င်းဝင်းနိုင်က ဆက်လက်ပြောသည်။ယခုကဲ့သို့ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ပေးသည့် လုပ်ငန်းအား ယခင်ကတည်းက NLDလူငယ်များကို စနစ် တကျ လုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည် စီစဉ်ပေးခဲ့ကြောင်း၊ ယင်းလုပ်ငန်းများသည် တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်နေသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် ဆက်လက်လုပ်ဆောင်သွားရန် သံန္နိဋ္ဌာန် ချထားကြောင်း မဖြူဖြူသင်းက ပြောသည်။NLD လူမှု အထောက်အကူပြုအဖွဲ့သည် ၂၀၀၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး လုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင်ပေါင်း ၃၃၉၀၀၀ ခန့်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၂၀၀၇ ခုနှစ်ထုတ် အစီရင်ခံ စာအရ သိရသည်။

Tuesday, November 16, 2010

စစ်တွေ-အမ်း ရထားလမ်းကို အကြောင်းပြပြီး ရခိုင်ရှေ့ဟောင်း ယဉ်ကျေးမူကိုဖျက်စီး

မောင်အေး
-------------
စစ်တွေ - အမ်း ရထားလမ်းကို အကြောင်းပြပြီး ရှေးဟောင်း မြောက်ဦးမြို့ ရှိ ရခိုင်ရှေ့ဟောင်း စေတီ၊ ပုထိုးများ၊ ကျုံးများကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က စတင်ပြီး မြေတူး စက်များဖြင့် ဖြိုဖျက်နေကြောင်း မြောက်ဦး မြို့ခံများက နိရဉ္စရာသို့ ပြော သည်။
ယခု ဖြိုဖျက်ခံနေရသည့် ဘုရားများနှင့် သမိုင်းဝင်နေရာ အမည်များကို မြောက်ဦးမြို့မှ သမိုင်း သုတေသီ တဦးက ယခုကဲ့သို့ပြောသည်။

“အခု ပြည်စိုးကြီးဘုရားကိုရောက်သွားပါပြီ။ အဲဒီ ဘုရားလည်း တခြမ်းပျက်သွားပါပြီ။ အဲဒီကနေ မင်းသမီး တံတိုင်း၊ ရဲလှတံတိုင်း၊ နောက် ရဲလှကုန်း၊ နောက်ပြီး ရဲလှခံတပ်၊ အခု ရဲလှ ခံတပ်ကိုလည်း ဖြိုဖျက်နေပြီ။ အဲဒီကနေ မြောက်ဦးမြို့ အရှေ့မြောက်ဘက်ကို ရထားလမ်း ဖေါက်သွားပါမယ်။ ပြီးမှ ပင့်ကူတောင်ပြင်ကို ရောက်မယ်။ အဲဒါက ဘုရင်ခေတ်က စစ်မြေပြင် လုပ်ခဲ့နေရာ ဖြစ်ပါတယ်။ အဲဒီ နေရာမှာလည်း မြေသား မြို့ရိုးတွေရှိပါတယ်။”

ယခု ရေးဆွဲထားသည့် လမ်းအတိုင်းဖောက်လုပ်လျှင် မြောက်ဦးမြို့တွင် လက်ရှိနာမည်ကြီး ကိုးသောင်းဘုရား အနီးမှ ရထား ဖြတ်သွားမည်ဖြစ်ပြီး ကိုးသောင်းဘုရားလည်း ပျက်စီးသွားနိုင်သဖြင့် မြို့ခံများက စိုးရိမ်နေကြသည်။

၎င်းမှတဆင့် မီးသမ ကျုံးကိုဖြတ်ကာ ဘုရားအုပ် ဘုရား၊ ထိုမှ တဆင့် မင်းဖောင် စေတီအနီးမှ ရထားလမ်း ပြန်ပေါ်လာမည် ဖြစ်ပြီး အရဲစီး ချောင်းကိုဖြတ်ကာ ယခုလက်ရှိဖောက် လုပ်ထားသည့် ရန်ကုန်စစ်တွေ လမ်းမကြီးနှင့် ထိတွေ့မည်ဖြစ်သည်။

ညီမတော်စေတီ၊ စောမဲကုန်း စေတီနှင့် တခြား စေတီများ အကြားတွင် မြောက်ဦး ဘူတာရုံ ဆောက်လုပ် နေသည့်အတွက် အဆိုပါ နေရာမှ မြေများကို တူးဖြိုလိုက်ပါက မင်းဒရားပြင် တံတိုင်းများ လည်း ကျိုးပျက် သွားမည်ဖြစ်သည်။

ယခုလမ်းမှာ မြောက်ဦးမြို့ မှ ထင်ရှားသော ဘုရားများကို ဖြတ်သွားမည် ဖြစ်သဖြင့် လမ်းတလျှောက်တွင် တည်ရှိနေသော ရခိုင် အမျိုးသားများ၏ အဖိုး မဖြတ်နိုင်သည့် ရှေ့ဟောင်း အမွေများ ပျက်စီးသွားမည်ဟု သူက ပြောသည်။

အခုအခါ သံဇင်တံတောင်တန်းရှိဘုရားနှစ်ဆူနှင့် ပုထိုးများ၊ သရီကုန်ပေါင်ရှိ အမွေနှစ်များနှင့် အမြင့်တောင်ခံတပ်၊ ပြည်စိုးကြီး ဘုရားများကို မြေတူးစက်နှင့် တူဖြို လိုက်ပြီးဖြစ်သည်။

ယခု ဖြိုဖျက်နေသည့် လမ်းကြောင်းအတိုင်း ဖောက်လုပ်ရန် ညွန်ကြားခဲ့သူမှာ ဒုညွန်ကြားရေးမှူး စောလွင် ဖြစ်ပြီး လက်ရှိ ဦးဆောင် ဖြိုဖျက်နေသူမှာ ပုဂံမှ ပြောင်းရွေ့လာသည့် ဗိုလ်မှူးအဆင့်ရှိသူ တဦးဖြစ်သည်။

ယခုအခါ ဒုတိယညွန်ကြားရေးမှူး စောလွင်ကို စစ်တွေမြို့ယဉ်ကျေးမှုပြတိုက်သို့ ပြောင်းရွေ့ လိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များအား ဖျက်ဆီး နေသည်ကို မြို့မိမြို့ဘများမှ သွားရောက် တားဆီးသည့် အတွက် ခရိုင်ဥက္ကဌနှင့် မယကဥက္ကတို့ အဆိုပါ ရထားလမ်း ဖေါက်လုပ် နေသည့် နေရာများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး ပျက်စီးသွားသည့် စေတီပုထိုးများကို လက်ရှိ အနေထားတိုင်း ဆက်လက် ထားရှိရန်နှင့် ဘုရား စေတီပုထိုးတော်များ အနီး ရထားလမ်း ဖေါက်လုပ်ခြင်းကို ယာယီ ရပ်တန့်ထားရန် ညွန်ကြားထားကြောင်း သိရသည်။ သို့သော်လည်း တခြား မီးရထား လမ်းပိုင်းများကိုလည်း ဆက်လက် ဖောက်လုပ်နေကြောင်း သူကပြောသည်။

“အခု တ၀က်တပျက် ဖျက်ဆီးခံထားရတဲ့ စေတီတော်တွေ၊ ပီးတော့ တောင်တွေကို ဖြိုလိုက်လို့ တန်းလန်း တွဲလွဲကျနေတဲ့ ဘုရား တွေကို ရှေ့မူ မပျက်ပြန်လည် ပြုပြင်မယ်လို့ အာဏာပိုင်တွေက ပြောဆိုတဲ့ အပေါ် ကျွန်တော်လည်း နားမလည်ဘူး။ စေတီတွေ ဘုရားတွေ ကျူံး တွေနဲ့တခြား သမိုင်းဝင်နေရာတွေ ရထားလမ်းကို အကြောင်းပြပြီး ဆက်ပြီး ဖျက်ဆီးမှာကို လူတွေက အထူး စိုးရိမ်နေသလို စိတ်မကောင်းလည်း ဖြစ်နေကြပါတယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့ ဖြိုဖျက်ခံနေရခြင်းကို ဟန့်တားရန် မြို့မိမြို့ဘများနှင့် သံဃာတော်များက စီစဉ်နေပြီး ယခု ဖျက်ဆီး ခံလိုက်ရသည့် နေရာများကို ဒေသခံများက ဗွီဒီယိုဖြင့် မှတ်တမ်းတင် နေကြကြောင်းလည်း သူကပြောသည်။

ဂီရိဒဏ်ခံ ဒေသများတွင် အပျက်အစီး စာရင်းမကောက်ခိုင်း

မင်းနိုင်သူ Tuesday, 16 November 2010 15:39

ရခိုင်ပြည်နယ် ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ ဒေသအတွင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးများ ကောက်ယူခြင်း၊ ထုတ်ပြန်ခြင်းများကို နိုဝင်ဘာ ၁၅ မကျော်မီ အထိ မပြုလုပ်ကြရန် စစ်အစိုးရက ညွှန်ကြား ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တနေရာ မြင်ကွင်း။ (ဓာတ်ပုံ - AP)ယင်းညွှန်ကြားချက်ကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများအပါအ၀င် အဖွဲ့အစည်းအသီးသီးသို့ ပေးပို့ခဲ့ပြီး အကြောင်းပြချက် မပေးသော်လည်း ရွေးကောက်ပွဲကြောင့် ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် NGO အဖွဲ့တခုမှ တာဝန်ရှိသူတဦးက ပြောသည်။ဂီရိမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသော မြေပုံမြို့နယ်တွင် ကူညီထောက်ပံ့မှုများ ယခုအထိ လုံလောက်စွာ မရရှိသေးကြောင်း သိရသည်။“အခုချိန်အထိကို အမိုးအကာလုံလုံခြုံခြုံနဲ့ မနေနိုင်ကြသေးဘူး။ တချို့လည်း ရွက်ဖျင်တဲနဲ့။ ရွက်ဖျင်တဲ မရတဲ့သူတွေကလည်း ၀ါးလေးတိုင်မှာ ဖျာတွေမိုးကာပြီး နေကြရတယ်။ ကျနော်တို့ ဒေသမှာ အမိုးအကာအဖြစ် အသုံးများတဲ့ အုန်းဓနိပင်တွေကလည်း အကုန်ပြိုလဲကုန်တော့ အမိုးအကာအတွက်ကို ပစ္စည်းမရကြသေးပါဘူး။ အစိုးရက ပေးတယ်ဆိုတဲ့ သွပ်တို့ ဘာတို့ဆိုတာကလည်း လူထုအတွက် မပါဘူးလေ။ သူတို့ အစိုးရရုံးတွေ အတွက်ပဲ ပါတာကိုး” ဟု မြေပုံမြို့နယ် ဒေသခံတဦးက ပြောသည်။အဆိုပါ ဒေသခံက “ထမင်းနပ်မှန်အောင် စားရဖို့တောင် မလွယ်ပါဘူး။ နယ်ကလူတွေ မြို့တက်လာပြီး တောင်းရမ်းစားနေရတဲ့ အခြေအနေအထိကို ဖြစ်နေပါတယ်။ NGO အဖွဲ့တွေက လာလှူတာတော့ ရှိပါတယ်။ ဒါပေမယ့် လုံလောက်အောင် မရကြသေးပါဘူး။ တပတ်လောက်နေမှ ဆန် နို့ဆီဘူး ၄ ဘူးလောက်ပဲ ရပါတယ်။ အစိုးရဘက်ကတော့ အကူအညီပေးတာ မရှိပါဘူး” ဟု ဆက်လက် ပြောသည်။မြေပုံမြို့နယ်အတွင်းရှိ ငါး၊ ပုစွန်ကန်များနှင့် လယ်မြေများအတွင်း ပင်လယ်ဆားငန်ရေ ၀င်ရောက်ခဲ့သည့်အပြင် ငါးဖမ်းလှေနှင့် ပိုက်များလည်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သဖြင့် အသက်ဆက် ရပ်တည်ရန် အခက်အခဲရှိနေကြောင်း သိရသည်။မုန်တိုင်းဒဏ်ခံ ဒေသခံများအား အကူအညီပေးရန် လုံလောက်သော ထောက်ပံ့ရေးပစ္စည်းများ မရှိသေးကြောင်း မြေပုံနှင့် ကျောက်ဖြူမြို့နယ်တို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသော မင်္ဂလာမြန်မာ NGO အဖွဲ့မှ ဒေါက်တာ ဖုန်းဝင်းက ပြောသည်။“မြေပုံနဲ့ ကျောက်ဖြူမြို့နယ် ကျေးရွာတွေက အိမ်ထောင်စု ၃၀၀၀ လောက်ကို ဆန်ဖြန့်ဝေပေးနိုင်ဖို့ လုပ်နေတာ။ အခုအချိန်အထိ အိမ်ထောင်စု ၁၀၀၀ လောက်ကိုပဲ ဆန်ဖြန့်ဝေနိုင်ပါသေးတယ်။ ရေသန့်နဲ့ အိမ်သာတွေ ရနိုင်ဖို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ လက်တွဲ လုပ်ဖို့ရှိတယ်။ ဒါပေမယ့် UN အဖွဲ့အစည်းတွေနဲ့ လက်မှတ်မထိုးရသေးလို့ ဘယ်ရွေ့ဘယ်မျှအထိ လုပ်နိုင်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး။ ကျနော်တို့ အဖွဲ့အနေနဲ့တော့ ပျက်စီးဆုံးရှုံးတဲ့ ဒေသတခုလုံးနဲ့ နှိုင်းဆကြည့်ရင် အခုချိန်မှာ ၅ ရာခိုင်နှုန်းလောက်ပဲ လုပ်ပေးနိုင်ပါသေးတယ်” ဟု ဒေါက်တာဖုန်းဝင်းက ဆိုသည်။မကြာသေးမီက မြေပုံမြို့နယ်အတွင်း ကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သော သံဃာတော်တပါးကလည်း “ဦးပဉ္ဇင်းတို့ သွားလှူတဲ့ မြေပုံမြို့နယ် ကျွန်းသာယာဘက်မှာ ဗျူဟာမှူးကိုယ်တိုင် ထိုင်နေပြီး လာလှူတဲ့ အဖွဲ့တွေအားလုံးကို ဘာတွေ လှူမယ်၊ ဘယ်တွေသွားမယ်ဆိုတာ စာရင်းတောင်းတယ်။ ဦးပဉ္ဇင်းတို့ကို အနှောင့်အယှက် အတားအဆီးတော့ မရှိဘူး။ ဒါပေမယ့် ဦးပဉ္ဇင်းတို့ သွားလေရာ လိုက်ဖို့ စစ်သား ၂ ယောက် ထည့်ပေးလိုက်တယ်” ဟု မိန့်သည်။အောက်တိုဘာ ၂၂ ရက်နေ့က ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော စသည့်ဒေသများသို့ တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။ဂီရိ မုန်တိုင်းကြောင့် အိမ်ခြေ ထောင်ပေါင်းများစွာပျက်စီး ဆုံးရှုံးခြင်း၊ စပါးခင်းများ ရေလွှမ်းခံရခြင်း၊ ဆားကွင်းများ ပျက်စီးခြင်း၊ တာတမံများ ကျိုးပေါက်ခြင်းတို့ ဖြစ်ခဲ့ပြီး လူ ၈၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း NGO အဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။

Monday, November 15, 2010

ကြံ့ဖွံ့နှင့်လည်း လက်တွဲနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နရီလင်းလက် Monday, 15 November 2010 19:45

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေးနှင့် ပတ်သက်လာပါက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့်ပင် လက်တွဲမည်ဟု ပြောဆိုလိုက်သည်။

ယနေ့ NLD ရုံးချုပ်၌ ပါတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - Getty Images)ယနေ့ နေ့လယ် ၁ နာရီက ပြုလုပ်သော ပြည်နယ်နှင့်တိုင်း အသီးသီးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“တိုင်းပြည်အတွက် စေတနာ ရှိမယ်ဆို၊ စေတနာမှန်မှန်နဲ့ လာပူးပေါင်းချင်တယ်ဆို ကြံ့ဖွံ့ ပါတီ ဆိုရင်တောင် ဘာမှ ငြင်းစရာ မရှိဘူး။ မြန်မာပြည်ထဲက လူတွေတင်မကဘူး ကမ္ဘာက လူတွေနဲ့တောင် ဖိတ်ခေါ်ပြီး အားလုံးကောင်းအောင် လုပ်နေကြတာ ဖြစ်လို့ ဘာမှ အထူးငြင်းစရာမရှိဘူး။ ဖြောင့်ဖြောင့်မတ်မတ်၊ စေတနာမှန်မှန်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်း NLD ပါတီ မွန်ပြည်နယ် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တဆင့်ပြန်ပြောပြသည်။ဒေါ်အောင်ဆန်းစုကြည်သည် NLD မှ ခွဲထွက်ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အား စု (NDF) ကိုလည်း ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သော ၃၇ ပါတီထဲမှ ပါတီတခု အနေနှင့်သာ မြင်ကြောင်း၊ ဒီမိုကရေစီအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ပြော၍ ထူးထူးခြားခြား ရှုမြင် သုံးသပ်ထားခြင်း မရှိဟု သိရသည်။အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကိုယ်စားလှယ်များ၏ ပြောဆို တင်ပြချက်များကို ဒေါ်အောင်ဆန်း စုကြည်က နားထောင်ခဲ့ပြီး မေးမြန်းချက်များကို ခိုင်ခိုင်မာမာ ပြန်လည်ဖြေကြားကာ လူငယ်များ၊အမျိုးသမီးများနှင့်လည်း တိုင်းနှင့် ပြည်နယ် အလိုက် တွေ့ဆုံသွားမည်ဟု ပြောခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ပြောပြသည်။NLD အနေဖြင့် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မှတ်ပုံ မတင်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ သစ်အရ ရွေးကောက်ပွဲတွင် မှတ်ပုံမတင်သည့် မည့်သည့်ပါတီမဆို ဖျက်သိမ်းခံရမည်ဖြစ်သည်။အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ “NLD ဟာ ၈၈ ကတည်းက တရားဝင် မှတ်ပုံတင် ထားခဲ့တဲ့ ပါတီဖြစ်တယ်။ ဒီတော့ တရား ဥပဒေနဲ့ အညီ ဆက်လက်ပြီး ရပ်တည်ပိုင်ခွင့်ရှိတယ် ဆိုတာကို ဥပဒေ ကိုင်စွဲပြီး ရှင်းသွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ပြီးနောက်ပိုင်း NLD အဖွဲ့ဝင်များ အချင်းချင်း ပိုမိုစည်းလုံး လာကာ လူမှုရေး လုပ်ငန်းများအား တက်ကြွစွာ ဆောင်ရွက်လာနိုင်သည့် အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာသောကြောင့် ပိုမို ထိရောက်စွာ စွမ်းဆောင် နိုင်တော့မည်ဟု NLD အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။“နယ်တွေက လမ်းပန်းဆက်သွယ်ရေး ခက်တဲ့ လူတွေတောင် ရောက်လာတယ်။ ကိုယ်တိုင်လည်း အားရစရာ အနေအထားကို မျက်ဝါးထင်ထင် တွေ့ရတယ်” ဟု သူက ဆိုသည်။NDF ပါတီ အနေနှင့် ရိုးသား ဖြောင့်မတ်မှုရှိ၍ အနာဂတ် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် စေတနာမှန်မည် ဆိုပါက NLD နှင့် ပူးပေါင်း ဆောင်ရွက်ရေးတွင် အခက်အခဲမရှိနိုင်ဟု ထင်ကြောင်း ဦးအောင်ကြည်ညွန့်က ဆက်ပြောသည်။ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ကိုယ်စားလှယ်များက ရွေးကောက်ပွဲ ကာလ မတရားမှုများ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး၊ လက်ရှိ နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) နှင့် ဆက်သွယ် ဆောင်ရွက်ထားသည့် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကိစ္စရပ် များတွင် မှန်မှန်ကန်ကန် တရားဥပဒေနှင့် အညီ ဖြစ်ရေး စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်အား ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရသည်။ယနေ့ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုတခု ဖြစ်သောကြောင့် အသေးစိတ် ဆွေးနွေးမှုများ မပြုလုပ်ခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ မတရားသဖြင့် ဖြစ်ပေါ်နေသည့် အရာအားလုံးကို ဥပဒေနှင့် အညီ အမြဲမပြတ် ဆောင်ရွက်သွားရန် ပြောဆိုခဲ့သည်။ယနေ့ မနက်ပိုင်းက NLD အဖွဲ့ချုပ် ရုံးချုပ်အဖြစ် အနှစ် ၂၀ ကျော် ငွေကြေး လုံးဝမယူဘဲ ငှားရမ်းပေးခဲ့သည့် အိမ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်ဟု သိရသည်။အဆိုပါအိမ်ရှင်သည် အာဏာပိုင်များ၏ ခြိမ်းခြောက် ခံရခြင်းများ ရှိသည့် တိုင် ပါတီ မှတ်ပုံတင်ခြင်း မပြုသည့် နောက်တွင်လည်း NLD ရုံးချုပ်အဖြစ် ဆက်လက် ငှားရမ်းပေးထားဆဲ ဖြစ်သည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် သံတမန်တချို့၊ ပါတီ ကိုယ်စားလှယ်များနှင့် ဆက်လက်တွေ့ဆုံပြီး ညနေပိုင်း၌ ချမ်းမြေ့ရိပ်သာ ဘုန်းကြီးကျောင်း သို့ သွားရောက်ခဲ့သည်ဟု သိရသည်

မျိုးဆက်သစ်လူငယ်များအကြား ဒေါ်အောင်ဆန်းစုကြည် ရေပန်းစားနေ

နရီလင်းလက် Monday, 15 November 2010 17:13

ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသော်လည်း မျိုးဆက်သစ် လူငယ်များကြားတွင် ယခင်ထက် ရေပန်းစားနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၂ ရက်အကြာ ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို လူထု ကြားတွင် ဤသို့ တွေ့မြင်ရသည် (ဓာတ်ပုံ - AP)၁၉၈၈ ဝန်းကျင်က မွေးဖွားခဲ့သည့် မျိုးဆက်သစ် လူငယ်များသည် နိုင်ငံရေးနှင့် အလှမ်းကွာဝေး မှုများရှိခဲ့ သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုတွင်မူ တက်ကြွနေကြပြီး အနယ်နယ် အရပ်ရပ်မှ လူငယ်ထုများ၏ စိတ်ကို လှုပ်ကိုင်နိုင်ကြောင်း လူငယ်များက ပြောကြသည်။၈၈၈၈ အရေးတော်ပုံ ကာလကို မမီခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အမည် ကြားရုံဖြင့် နိုင်ငံရေးနိုးကြားစိတ်များ ဖြစ်ပေါ်လာသည်ဟု အသက် ၂၂ အရွယ် ပထမနှစ် နိုင်ငံခြား ဘာသာ တက္ကသိုလ် ကျောင်းသား တဦးက ပြောသည်။“၈ လေးလုံး ဆိုတာ ကြားပဲ ကြားဖူးတာ။ မြင်ခဲ့ရတာလည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ခပ်ကင်း ကင်းပဲ နေတာ။ လူငယ်ဆိုတော့ စားမယ်၊ သွားမယ်၊ ကျောင်းတက်မယ်။ ဒီလောက်ပဲလေ။ မှတ်မှတ်ရရ ကျနော့်သူငယ်ချင်းက သောကြာနေ့ ကတည်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မယ် သွားကြည့်ရအောင် ခေါ်တယ်။ မလိုက်ဖြစ်ဘူး။ နောက်နေ့ ထပ်ခေါ်တော့ ကျနော်ကလည်း ဘာရယ်မဟုတ်ဘူး လိုက်သွားလိုက်တာ သူ့ကို အပြင်မှာ ပထမဆုံး မြင်ဖူးတာပဲ။ သူပြောတဲ့ အသံ ကြားတာနဲ့တင် အားတွေတက်လာပြီး ငိုချင်သလို ဖြစ်လာတာ” ဟု သူက ဆိုသည်။လက်ရှိ မြန်မာနိုင်ငံတွင် စစ်အစိုးရက ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ထောင်ချခြင်း၊ ဖိနှိပ်ခြင်းများ ပြုလုပ်နေသောကြောင့် မျိုးဆက်သစ် လူငယ်များအနေနှင့် နိုင်ငံရေးကို ကြောက်စရာတခုအဖြစ် မြင်ကာ နိုင်ငံရေးစိတ်ဓာတ် အားနည်းနေရခြင်း ဖြစ်သည်။“တော်ရုံ လူငယ်ဆိုတာကလည်း နိုင်ငံရေးနဲ့ အလှမ်းဝေးကြတာ များတယ်။ ဒီလို ဝေးအောင်လည်း လုပ်ထားတာ ပါတယ်။ နဂိုကတည်းက ၈၈ အရေးခင်းလည်း မြင်ဖူးတာမဟုတ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းကလည်း အလှမ်း ကွာတဲ့ နေရာမှာ ရှိနေတော့ လူငယ်တွေက နိုင်ငံရေးကို သိပ်စိတ်မပါတာ များတယ်။ ဒီအကြောင်းပြောရင် အဖမ်းခံရမှာ ဆိုပြီး အလို လို ကြောက်နေတာ” ဟု မန္တလေး အခြေစိုက် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (Asia Green Bank) တွင် အလုပ် လုပ်နေသည့် လူငယ်တဦးက ဆိုသည်။ယခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာသောကြောင့် လူငယ်များ နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု ပိုမို အားကောင်း လာပြီး နိုးကြားမှု ရှိလာကြောင်းသူက ဆက်ပြောသည်။“အမေစု လွတ်တဲ့နေ့ကဆို facebook မှာ အကုန်လုံး အမေစုပုံတွေနဲ့၊ အမေစု ပြောတဲ့ စကားတွေ တက်သွားတာ။ မြန်မာ လူငယ်တွေ ကြားထဲမှာလည်း အမေစု၊ အမေစု ဆိုပြီး ၀မ်းသာအားရ ပြောဆိုကြ၊ ရေးကြတာကိုတွေ့ရရင် လူထုကို စည်းရုံး စရာမလိုဘဲ၊ အသက်အရွယ်၊ ခေတ်စနစ် အလှမ်းကွာတဲ့ လူငယ်တွေကပါ အမေစု ဆိုပြီး ဖြစ်လာတာ။ ဒါ သူ့ရဲ့ စွမ်းအားပဲ” ဟု ပြည်တွင်းအခြေစိုက် လူငယ် သတင်းထောက် တဦးကပြောသည်။ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်နေ့ မတိုင်မီ ကတည်းက လူငယ် အများစု အသုံးပြုသည့် facebook နှင့် အင်တာနက် လူမှု ကွန်ယက် များပေါ်တွင် သူ့အတွက် လွတ်မြောက်စေရန် ဆုတောင်းစကားများ၊ ခန့်မှန်းဝေဖန်မှုများ၊ လွတ်မြောက်မည်ကို ကြိုဆိုသည့် ၀မ်းသာအားရ ပြောဆိုမှုများ၊ ကဗျာများ၊ ဓာတ်ပုံများ စသည်ဖြင့် ပျံ့နှံ့ နေသည်ကို တွေ့ရသည်။“အမေစု လွတ်တာကို တော်တော်လေးဝမ်းသာတယ်။ အကုန်လုံးကလည်း မျှော်လင့်နေတာ။ ဒေါ်စု ခြံရှေ့မှာ စောင့်နေတဲ့ လူအုပ်ထဲမှာ လူငယ်တွေ အများကြီးပါတာ မြင်ရတော့ နိုင်ငံရေး စိတ်ဓာတ် လူငယ်တွေမှာ ရှိသေးပါလား ဆိုပြီး ၀မ်းသာမိတယ်။ ကိုယ်တိုင်လည်း NLD လူငယ် အဖွဲ့ဝင် တယောက်အနေနဲ့ လူငယ်တွေကို ဆက်ပြီး နိုင်ငံရေး အသိစိတ် တိုးလာအောင် လုပ်နိုင်ဖို့ ကြိုးစားသွားမယ်” ဟု NLD လူငယ် အဖွဲ့ဝင်တဦးက ပြောသည်။ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ မသမာမှုများဖြင့် အနိုင်ရရှိသွားသည့် အပေါ် လူထု၏ မကျေနပ်မှုများ ရှိနေခဲ့ရာ တရား မမျှတမှုကို ရှုတ်ချရန်၊ ရရှိသင့်သည့် အခွင့်အရေးများ တောင်းဆိုရန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကြောင့် အားကိုးစရာ၊ တိုင်တည်စရာ လူတဦး ရရှိသွားသည်ဟု မန္တလေးမြို့မှ လူငယ် ဓာတ်ပုံဆရာ တဦးကပြောသည်။“လူငယ်တွေ အားလုံးက နိုင်ငံရေးစိတ်ရှိပါတယ်။ အခြေအနေ တခုကြောင့်သာ မလှုပ်ဘဲ နေနေတာ။ အခု ဒေါ်အောင်ဆန်းစု ကြည် လွတ်ပြီလည်း ဆိုရော အားလုံး ၀ိုင်းစု သွားကြတာ။ လာပါလို့ မခေါ်ဘဲ ခြံရှေ့မှာ သွားစောင့်နေတာ။ ဒါတွေအားလုံးက သူ့အပေါ်မှာ ထားတဲ့ လေးစားမှု၊ အားကိုးမှု၊ ချစ်ခင်မှုတွေကို ပြတာပဲ။ သူ့အကြောင်း အင်တာနက်မှာ စောင့်ကြည့်တော့ လွတ်ပြီလဲ ကြားရော မျက်ရည်တောင် ကျတယ်” ဟု သူက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာလူငယ်များ ပညာရေးနှင့် နိုင်ငံရေးတွင် အားနည်းကြောင်း ယမန်နေ့ကမိန့်ခွန်းတွင် ထည့်သွင်း ပြောဆို သွားခဲ့သည်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံရေးတွင် လူငယ်များ ပါဝင်မှု ရှိလာစေရန် ပြောဆို စည်းရုံးရေးများ ပြုလုပ်ရန်မလိုဘဲ သူ၏ ရှေ့ဆောင်လမ်းပြ လုပ်ဆောင် ချက်များကြောင့် လူငယ်အင်အား အလိုအလျောက် ရရှိလာခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

Sunday, November 14, 2010

ပြန်လည် နိုးထလာတဲ့ တနင်္ဂနွေ ...

အောင်သက်ဝိုင်း Sunday, 14 November 2010 19:21


နေ့လယ် မွန်းတည့်ချိန် နေခြစ်ခြစ်တောက် ပူနေပြီဖြစ်ပေမယ့် ထောင်သောင်းချီ မရေမတွက်နိုင်တဲ့ လူတွေက အရိပ် အမိုး အကာ မပါတဲ့ ကားလမ်းမကြီးပေါ်မှာ မတ်တတ်ရပ်သူက ရပ်၊ ထိုင်သူက ထိုင်နဲ့ နေပူဒဏ်ကို အံတုနေကြတယ်။

လူထု မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)လူတွေ အားလုံးမျက်နှာမှာ ချွေးတွေက ရေတံခွန်အလား တဒီးဒီးစီးကျ ပင်ပန်းနွမ်းနယ်နေကြတယ်။ ဒါပေမယ့် သူတို့ရဲ့မျက်လုံး တွေ က နေမင်းကြီးလို အရောင်တောက်ပ လွန်းတယ်။ အချို့လူတွေက သစ်ပင်တွေပေါ်မှာ။ အချို့လူတွေက ကားခေါင်မိုး တွေ ပေါ်မှာ ။ အချို့လူတွေက မြင့်မားလှတဲ့ ခြံစည်းရိုးတွေပေါ်မှာ။ အချို့လူတွေက မြင့်မားလှတဲ့ ခြံစည်းရိုးသံတိုင်တွေကို ယီးလေးခိုလို့ နေတယ်။ ကင်မရာကိုင်ထားတဲ့ သတင်းထောက်၊ ပြည်သူတွေကလည်း နေရာတိုင်းမှာ ရှိနေတယ်။ သင်္ကန်းကို ခေါင်းပေါ်တင်ထား တဲ့ သံဃာတော်တွေ၊ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အမယ်အို၊ အဘိုးအိုတွေ၊ ဖိနပ်ကို ခါးကြားညှပ်လို့ ပူခြစ်နေတဲ့ ကတ္တရာ လမ်းမပေါ် ငုတ်တုတ်ထိုင်နေသူတွေက ဒုနဲ့ဒေး။ သူတို့ရဲ့မျက်လုံးတွေ အကုန်လုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို့ ဆိုင်းဘုတ် ထောင်ထားတဲ့ နှစ်ထပ် အိမ်ဝင်းထဲ ဆီကိုပါ။သူတို့ အားလုံး စောင့်မျှော်နေသူက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါပဲ။နေ့လယ် ၁၁ နာရီ ၃၀ မိနစ် ကျော် ရှိနေပြီဖြစ်သည်။ရန်ကုန်မြို့၊ ရွှေဂုံတိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တည်ရှိရာ ကားလမ်းမကြီးပေါ်မှာ လူများ တဖြည်းဖြည်း ပိုပို များလာ တယ်။ မနေ့ကမှ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ နေ့လယ် ၁၂ နာရီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ် တည်ရှိရာ ရွှေဂုံတိုင်မှာ ပထမ ဆုံး သော မိန့်ခွန်းပြောကြားမယ်လို့ ပြောဆို ထားတာ ကြောင့် ပြည်သူတွေ လာရောက် စုဝေးနေတာပါ။အချို့လူတွေက We Love Su ဆိုတဲ့ စာတန်းပါ စာရွက်တွေကို ကိုင်ဆောင်ထားကြပြီး အချို့လူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင် ထားကြတယ်။ “အမေစု” ”ဒေါ်အောင်ဆန်းစုကြည်” “ကျန်းမာပါစေ” ဆိုတဲ့ ပြိုင်တူ အော်ဟစ် သံတွေ ကလည်း မကြာခဏဆိုသလို လူအုပ်တွင်းက ထွက်ပေါ်နေတယ်။အော်ဟစ်သံတွေနဲ့ လူအုပ်ကြီး လှုပ်လှုပ်ရွရွ၊ ၀ရုန်းသုန်းကားဖြစ်လာပြီဆိုရင် “စည်းကမ်းရှိပါ” “စည်းကမ်းရှိပါ” ဆိုတဲ့ အသံတွေက လူအုပ်အတွင်းက ပြိုင်တူထွက်ပေါ်လာတယ်။ အဲဒီအခါ လှုပ်လှုပ်ရွရွဖြစ်သွားတဲ့ လူထုက ပြန်ငြိမ်သွားတယ်။လက်ခုပ်သံတွေကလည်း အချိန်တိုင်းလိုလို တဖြောင်းဖြောင်းနဲ့ ထွက်ပေါ်နေတယ်။ ပုံမှန် ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှာ လာရောက် သတင်းယူ၊ ဓာတ်ပုံရိုက်လေ့ရှိတဲ့ စစ်အစိုးရ ဘက်တော်သား အရပ်ဝတ်ရဲတွေ၊ စစ် ထောက်လှမ်းရေး တွေ လည်း ပျောက်ချင်းမလှ ပျောက်နေတယ်။ ဒါပေမယ့် အနီးအနား ဓမ္မာရုံ နှစ်ထပ် ကျောင်းဆောင်ပေါ်ကနေ ကင်မရာတွေနဲ့ ဓာတ်ပုံ၊ဗီဒီယို ရိုက်ကူးနေတဲ့ ယူနီဖောင်းဝတ် ရဲအရာရှိတွေ တော်တော်များများ ရှိနေတယ်။ကဗျာဆရာ ဖျာပုံနီလုံဦး ရေးဖွဲ့ထားတဲ့ အောင်ဆန်းသွေး ဇာနည်အနာဂတ် မြန်မာပြည်ဒီမိုနှင့် လူ့ အခွင့်အရေးဒေါင်းမိခင် ရဲရဲတောက်ဖောက်ထွက်မယ်လေး....။စတဲ့ “အောင်ပွဲရသည့်တိုင်” ကဗျာထဲက စာသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ကိုင်ဆောင်ရင်း “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”လို့ အုပ်စုလိုက် ကြွေးကြော်နေသူတွေလည်း တွေ့နေရတယ်။ လူတွေ အားလုံးက တက်ကြွ လှုပ်ရှားနေကြတယ်။ လူတိုင်းမှာ အပြုံးတွေကိုယ်စီ တွေ့မြင်နေရတယ်။နေ့လယ် ၁၂ နာရီမှာတော့ “ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီ” ဆိုတဲ့ အသံတွေနဲ့ လူတွေ ပြေးလွှား နေကြတယ်။ အသံချဲ့စက်က မိန့်ခွန်းပြောနေပေမယ့် ထောင်သောင်း ချီရှိတဲ့ လူအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံက မလွှမ်းမိုးနိုင်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးရှေ့ဝန်းကျင်မှာ ထိုင်နေတဲ့ လူတွေကလွဲရင် လူအများစုက ဒေါ်အောင်ဆန်းစုကြည် အသံကိုမကြားရဘူး။ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို ကောင်းကောင်းကြားနေရတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည် စကားတခွန်း ဆုံးတိုင်း လက်ခုပ်တွေ တီးကြတဲ့အခါ အသံကိုမကြားဘဲ အဖွဲ့ချုပ်ရုံးနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတဲ့ လူတွေက လက်ခုပ် လိုက်တီး ကြတယ်။နေ့လယ် ၁၂ နာရီအချိန်ကစပြီး လက်ခုပ်သံတွေက သုံးမိနစ်ခြား၊ ငါးမိနစ်ခြား တဖြောင်း ဖြောင်း ပေါ်ထွက်နေတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို လမ်းလျှောက်လာတဲ့ လူတန်း ရှည်ကြီးတွေကလည်း မနည်းလှ။“အသံလည်း မကြားရဘူး။ မြင်လည်း မမြင်ရဘူး။ ဒါပေမယ့် ကျေနပ်တယ်။ ဒီလူတွေက ပိုက်ဆံ ပေးလို့လာတာလည်း မဟုတ်ဘူး။ အခွင့်အရေးပေးလို့လာတယ်မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာ နဲ့ လာကြတာ။ မမြင်ရတဲ့ သံယောဇဉ်နဲ့ လာကြတယ်။ တို့တော့ကျေနပ် တယ် ဟေ့”ဟု ရန်ကုန်မြို့သို့ မန္တလေးမှ လာရောက်ခဲ့သူ အသက် ၆၀ ကျော်အရွယ် ဦးကြည်ထွန်း ဆိုတဲ့ မန္တလေးသား တဦးက ပြောတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက်နားထောင်တဲ့ လူထု ပရိသတ် (ဓာတ်ပုံ - ရိုက်တာ)သူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီဆိုတာနဲ့ မန္တလေးကနေ ရရာကားစီး လာပြီး မိန့်ခွန်း လာနားထောင်တာပါတဲ့။ ဦးကြည်ထွန်းလိုပဲ အနယ်နယ်အရပ်ရပ်က ဒေါ်အောင်ဆန်းစုကြည်ကို မြင်ချင်လွန်းလို့၊ တွေ့ချင်လွန်းလို့ လာရောက်ကြတဲ့ နယ် ဒေသခံ ကလည်း လူအုပ်ထဲမှာ အများအပြား ရှိနေပါတယ်။လူအုပ်ထဲမှာ သံဃာတော်တွေလည်း မနည်းလှပါဘူး။ ရွှေတိဂုံဘုရား ခြေတော်ရင်းက ကျောင်းတိုက် တခုမှာ သီတင်းသုံး နေထိုင် တဲ့ သံဃာတပါးက သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လွန်းလို့ ဆွမ်းမစားဘဲ နေ့လယ် ၁၁ နာရီ ကတည်းက လာ စောင့်နေတယ် လို့ ဆိုပါတယ်။လူအုပ်နားမှာ ဈေးလာရောင်တဲ့ ကွမ်းယာသည်၊ ငုံးဥပြုတ်သည်၊ ရေသန့် ရောင်းသူတွေ အပါအ၀င် လမ်းဘေးဈေးသည် ရာပေါင်း များစွာကိုလည်း တွေ့မြင်ရတယ်။အပြာရောင် ရင့်ရင့် အင်္ကျီနဲ့ ချိတ်ထဘီကို မြန်မာ ဆန်ဆန် ၀တ်ဆင်ထားပြီး လည်ပင်းမှာ စံပယ် ပန်းတကုံး ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို မမောနိုင်မပန်းနိုင် ဆက်တိုက် မိန့်ခွန်းတွေ ပြောနေတယ်။ပြည်သူတွေအားလုံး ကျေနပ်နေကြတယ်။ ပြည်သူတွေအားလုံး ရယ်မောပျော်ရွှင်နေကြတယ်။ ပြည်သူတွေ အားလုံး ပီတိ ဖြစ်နေကြတယ်။ ပြည်သူတွေအားလုံး လက်ခုပ်တီးနေကြတယ်။“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုတဲ့ ကြွေးကြော်သံ၊ လက်ခုပ်သံတွေနဲ့အတူ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့တဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမှန်တရားချစ်စိတ်တွေ ပြန်လည် နိုးထ လာချေပြီ … ။

NLD နိုင်ငံရေး ဆက်လုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဧရာဝတီ Sunday, 14 November 2010 18:03

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရစီ အဖွဲ့ (NLD) ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ သတင်းသမားများနှင့် တွေ့ဆုံ၍ ယနေ့ နေ့လယ်ပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ကြောင်း၊ သတင်းသမားများ၏ မေးမြန်းချက်များ ကို ဒေါ်အောင်ဆန်းစုကြည်က အချက်ကျကျ ပြန်လည်ဖြေဆိုသွားခဲ့ကြောင်း တက်ရောက်ခဲ့သည့် သတင်းသမား တဦးက ပြောသည်။

ယနေ့ NLD ရုံးချုပ်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မေးခွန်းများကို ပြန်လည်ဖြေကြားနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ သတင်းသမားတဦး၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပါတီဖျက် သိမ်းသည်ဖြစ်စေ မဖျက်သိမ်းသည်ဖြစ်စေ အရေးမကြီးကြောင်း၊ သို့သော် NLD ပါတီအနေဖြင့် နိုင်ငံရေးကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး လူမှုရေး အဖွဲ့အစည်းမဟုတ်ကြောင်း ဖြေဆိုသွားသည်။ပြည်သူများ၏ ရင်ထဲတွင် NLD ရှိနေခြင်းသာ အရေးပါသည့် ကိစ္စ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။Third Force ဟု အမည်တွင်နေသည့် တတိယ အုပ်စုနှင့် ပတ်သက်၍မူ ဒီမိုကရေစီအရေး၊ နိုင်ငံအရေးအတွက် ပူးပေါင်းလုပ်ကိုင် နိုင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အများပါဝင်သည့် လူထုနိုင်ငံရေးကို ဆက် လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။လက်ရှိဖြစ်ပေါ်နေသည့် တိုင်းရင်းသားအရေးကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်သာ လိုလားပြီး စစ်ရေးနည်းဖြင့် ဖြေရှင်း ခြင်းကို မနှစ်သက်ကြောင်း၊၂၁ ရာစုနှင့် ကိုက်ညီသည့် ပင်လုံညီ လာခံတခုကို ခေါ်ယူရန် လိုလားကြောင်း ပြန်လည်ဖြေဆို ခဲ့သည်။အလံသစ်နှင့် ပတ်သက်၍ ကြိုက်မကြိုက် မေးမြန်းရာ လွတ်လပ်ရေး ရခဲ့စဉ်က သဘော တူ အတည်ပြုခဲ့သည့် အလံကိုသာ အနှစ်သက်ဆုံး ဖြစ်ပြီး ဦးနေ၀င်း၏ မဆလ ပါတီ အုပ်စိုးစဉ်က အတည်ပြုခဲ့သည့် အလံကို မနှစ် သက်ကြောင်း၊ မကြာသေးမီကမှ စစ်အစိုးရ အတည်ပြုခဲ့သည့် အလံကိုမူ ပိုမို မနှစ်သက်ကြောင်း ဖြေဆိုသွားသည်ဟု အဆို ပါ သတင်းသမားကပြောသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စကားပြောခွင့်ရလျှင် ပြောချင်ပါသလားဆိုသည့် မေးခွန်းကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေး စကားပြောခွင့်ရလျှင် ပြောချင်ပါကြောင်း၊ ပြောချင်သည့် စကားများကို ပြောပြရလျှင် ပိုကောင်းမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ NLDပါတီမှ ခွဲထွက်ပြီး ရွေးကောက်ပွဲဝင်ခဲ့သည့် အမျိုးသားဒီမိုကရစီ အင်အားစု(NDF) ပါတီက အသုံးပြုခဲ့သည့် ခမောက် အမှတ် တံဆိပ်ကို ရွှေခမောက်ဟု တင်စားသုံးစွဲမှုနှင့် ပတ်သက်၍ “ကျမကတော့ NLDပါတီ အမှတ်တံဆိပ် ခမောက်ကို ရွှေခမောက် လို့ ဘယ်တော့မှ မသုံးပါဘူး၊ ၀ါးခမောက်လို့ပဲ ပြောပါတယ်”ဟု ဖြေဆိုသွားသည်။NLD ပါတီသည်လည်း ခမောက်အမှတ်တံဆိပ်ဖြင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဝင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ထို့အတူ NLD ပါတီမှ ခွဲထွက် ခဲ့ပြီး ရွေးကောက်ပွဲဝင်ခဲ့သည့် ပုဂ္ဂိုလ်များကလည်း NDF ပါတီအမည်ဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ခမောက်တံဆိပ်ကိုပင် အသုံးပြုခဲ့သည်။မကြာသေးမီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲမသာမှုများကိုလည်း စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းကာ အစီရင်ခံစာတစောင် ထုတ်ပြန်သွားမည်ဟု သိရသည်။ဒေါ်အောင်ဆန်းစုကြည်က သူမလုံခြုံရေးနှင့် ပတ်သက်၍ အထူးတလည်ပြင်ဆင်ထားခြင်း မရှိပါကြောင်း၊ နိုင်ငံသားအားလုံး၏ လုံခြုံရေးကို အစိုးရ အဖွဲ့အစည်းက တာဝန်ယူရ သကဲ့သို့ သူမ၏ လုံခြုံရေးသည်လည်း အစိုးရအပေါ်တွင်သာ တာဝန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ နုပျိုနေရပါသနည်းဆိုသည့် မေးခွန်းကိုမူ အလုပ်၏ လိုအပ်ချက်ကြောင့် ယခုကဲ့သို့ နုပျိုနေရ ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီရလျှင် သက်ကြီးရွယ်အို အဘွားကြီး ပုံစံမျိုးသာ နေတော့မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသွား ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီး အမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံခဲ့ရခြင်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် နေအိမ်အကျယ်ချုပ် ၁၈ လ သည် ယမန်နေ့က ပြည့်၍ ပြန်လည်လွတ်မြောက်လာ ခဲ့ သည်။လွန်ခဲ့သော နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ် ချုပ်ဖြင့် ထိန်းသိမ်း ထားခဲ့သည်။

သူမ လွတ်သည့် အချိန် ...

အောင်သက်ဝိုင်း Saturday, 13 November 2010 21:13
ကန့်သတ်နယ်မြေ (Restricted Area) ဆိုသော အနီရောင် စာလုံးကြီးများက အဖြူရောင် ဆိုင်းဘုတ်ပေါ်တွင် ထင်ထင်ရှားရှား တွေ့မြင်ရနေပြီး သံဆူးကြိုး အတားအဆီး များကလည်း လမ်းမကြီး တခုလုံးကို ဖြတ်ချထားသည်။

လွတ်မြောက်လာပြီးနောက် လာရောက် ထောက်ခံအားပေးသော လူထုကို နှုတ်ဆက်ရန် ခြံဝသို့ လျှောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)ရော်ဘာနံပါတ်တုတ်များ၊ မျက်ရည်ယိုဗုံးများ ပစ်နိုင်သည့် အမြောက်များ ကိုင်ဆောင်ထားသော လက်နက်အပြည့်အစုံ တပ်ဆင် ထားသည့် လုံထိန်းရဲများအားလုံးက သံဆူးကြိုး အတားအဆီးများနောက်တွင် အသင့်အနေအထားဖြင့် ရှိနေသည်။။ရဲအရာရှိတဦးက ခက်ထန်သော မျက်နှာဖြင့် အော်လံ အသေးစားကို ကိုင်ကာ စူးရှသော အသံဖြင့် အော်ဟစ်နေသည်။“ရှေ့တိုးမလာနဲ့၊ ဒါ ကန့်သတ်နယ်မြေပါ၊ နောက်ဆုတ်ပါ၊ တာဝန် ထမ်းဆောင်နေတာ” ဆိုသော ရဲအရာရှိက သူ့ရှေ့တည့်တည့်ရှိ လူ ရာပေါင်းများစွာကို အော်ဟစ် အမိန့် ပေးနေသည်။လူအများစုက ရဲအရာရှိ၏ စကားကို နားမထောင်သည့်အပြင် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုသော အသံများကို တူညီကျယ်လောင်စွာ အော်ဟစ်နေပြီး လက်ခုပ်သံများကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်း အတွင်း တဖြောင်းဖြောင်း ထွက်ပေါ်လျက် ရှိသည်။ယနေ့သည် နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရမည့်နေ့ ဖြစ်သည့်အတွက် တက္ကသိုလ်ရိပ်သာလမ်းတလျှောက် သတင်းထောက်များ၊ ပြည်သူများ၊ နိုင်ငံခြားသံတမန်များ အပါအ၀င် လူတထောင်ကျော်ခန့် လာရောက်စုဝေးနေကြသည်။မနက်လင်းအားကြီး အချိန်ကတည်းက လာရောက်စောင့်ဆိုင်းနေသော လူစုလူဝေးမှာ ညနေ ၅ နာရီကျော်လာချိန်အထိ ဆက် လက် စောင့်ဆိုင်းနေကြဆဲ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူ ငယ် သုံးဆယ်ခန့်က လုံထိန်းရဲများစောင့်ဆိုင်းနေသော သံဆူးကြိုးဘယ်ရီယာ ချထားသည့် နေရာရှေ့ တည့်တည့်တွင် ငုတ်တုတ်ထိုင်နေကြသည်။လုံထိန်းကားများကလည်း တက္ကသိုလ်ရိပ်သာလမ်းမ ထိပ်တွင် ပိတ်ရပ်ထားပြီး လုံခြုံရေးအထူး တင်းကျပ်ထားသည်။ အရပ်ဝတ်ရဲ၊ စစ်ထောက်လှမ်းရေး၊ စွမ်းအားရှင်များကလည်း နေရာအနှံ့အပြားတွင်ရှိနေပြီး အဖွဲ့ချုပ်လူငယ်များနှင့် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များကို ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။အချိန်ကား ညနေ ၅ နာရီ ၅ မိနစ်။ လူအုပ်ကြီးထံမှ လက်ခုပ်သံများ တဖြောင်းဖြောင်းထွက်ပေါ်လာပြီး လူအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။ ဒေါ်အောင်ဆန်းစုကြည်ခြံအတွင်းသို့ စတေကာ အနက်ရောင်ကပ် ကားများဝင်ရောက်သွားကတည်းက လူအုပ်ကြီးက ဂနာမငြိမ် ဖြစ်နေချေပြီ။“ဒေါ်အောင်ဆန်းစုကြည်ခြံတွင်းသို့ ကားများဝင်သွားပြီ” ဆိုသော သတင်းစကားကြောင့် သံဆူးကြိုး ဘယ်ရီယာ ချထားသည့် နေရာသို့ ပြေးသူပြေး၊ အားလုံး ရုတ်ရုတ်သဲသဲ။ လူတွေအားလုံး မျက်လုံး လားရာက ဒေါ်အောင်ဆန်းစုကြည် အိမ်တည်ရှိရာ နေရာဆီသို့ ဦးတည် ကြည့်ရှုလျက် ရှိသည်။ညနေ ၅ နာရီ ၁၅ မိနစ်ခန့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ချထားသည့် သံဆူးကြိုး ဘယ်ရီယာများကို လူ ဆယ်ဂဏန်း ကျော်က စတင်ရွှေ့နေကြပြီ။“ဟေး......ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ... ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုသော လူအုပ်ကြီးဆီမှ ပြိုင်တူ ထွက်ပေါ် လာသောအသံက ပတ်ဝန်းကျင်တခုလုံးကို မြည်ဟီး သွားစေတော့သည်။ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင်ချထားသော သဲအိတ်များကို လုံထိန်းရဲကားတစီးပေါ် လျှင်မြန်စွာ ဆွဲတင်နေကြသည်။ လူအုပ်ကြီးက ပို၍ ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်လာတော့သည်။“ဟုတ်ကဲ့၊ သေချာသွားပြီ။ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ” ဆိုသော ဖုန်းဆက် အကြောင်းကြားသံများကလည်း လူအုပ် အတွင်း တွင် ဆူညံလွန်းလှသည်။လုံထိန်းရဲများကလည်း သံဆူးကြိုး ဘယ်ရီယာများကို ဖယ်ရန် ပြင်ဆင်နေချေပြီ။ သံဆူးကြိုး ဘယ်ရီယာ နှစ်ခုမျှသာ ဖယ်ပြီးချိန် လူအုပ်ကြီးမှာ အပြေးအလွှားဖြင့် ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့သို့ ပြေးလွှားကြတော့သည်။“အမေစု” “အန်တီစု ကျန်းမာပါစေ” စသော အသံများဖြင့် ပြေးလွှားနေကြသော လူအုပ်ကား ကမ္ဘာပျက်သည့်အလား။ လူ အားလုံး ၏ မျက်နှာက ပြုံးနေကြသည်။“ဒေါ်အောင်ဆန်းစုကြည်” “ဒေါ်အောင်ဆန်းစုကြည်” “ဒေါ်အောင်ဆန်းစုကြည်” ဆိုသော ကြွေးကြော်သံများက အိမ်အမှတ် ၅၄ ခြံရှေ့တွင် ကျယ်လောင်စွာ မြည်ဟီးလျက်ရှိသည်။ညနေ ၆ နာရီ ကျော်ချိန် ခြံအမှတ် ၅၄ ရှိ ခြံစည်းရိုးသံတိုင်လေးနှစ်ခုကို ကိုင်ကာ အမျိုးသမီး တဦး မျက်နှာပေါ်လာချိန်တွင်တော့ လူအုပ်မှာ ထိန်းမရတော့။ ထိုအမျိုးသမီး၏ မျက်နှာကား ပြုံးနေပြီး ပရိသတ်လူအုပ်ကို လက် ဝေ့ယမ်း နှုတ်ဆက်လိုက်သည်။ သူမမှာ ပြည်သူလူထုနှင့် နှစ်ပေါင်းများစွာ ကွာဝေးနေပြီး ယနေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်တော့သည်။“အမေစု” “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” “အန်တီစု” ဆိုသော အသံများနှင့် ငိုသူက ငို၊ ခုန်ပေါက်သူက ပေါက်။ အားလုံးပျော်ရွှင်နေကြသည်။ထောင်ကျော်ရှိသော လူအုပ်သည် တဖြည်းဖြည်း ပိုပိုများလာသည်။ ဗေဒါရောင် မြန်မာဆန်ဆန် အင်္ကျီဝတ်ဆင် ထားသော ဒေါ် အောင်ဆန်းစုကြည်က လူထု၏ မျက်နှာကို မြင်လိုက်သည်နှင့် ပို၍ ပြုံးလာသည်။ သူမ လက်တချက်ဝေ့ယမ်းပြလိုက်တိုင်း ပြည်သူလူထုက အော်ဟစ်ကြသည်။နှစ်ပေါင်းများစွာ ပြည်သူလူထုနှင့် ခွဲခွာနေရသော သူမ၊ ခင်ပွန်းနှင့် သားနှစ်ဦးကို ပစ်ပယ်ပြီး မြန်မာလူထုအတွက် တိုက်ပွဲ ၀င် နေသော သူမ၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတဦးဖြစ်သော သူမ၊ လက်နက်ကိုင် စစ်အာဏာရှင် အစိုးရကို ငြိမ်းချမ်းသောနည်းဖြင့် တိုက်ပွဲဝင်နေသော သူမ၊ ပြည်သူချစ်သော သူမ၊ လူထု၏ နှလုံးသားတွင် ထာဝရ ကိန်းအောင်းနေသော သူမ။သူမ တိတ်ဆိတ်စွာနေရန် ပြောလိုက်ချိန်တွင် လူအုပ်မှာ မီးကို ရေနှင့်ငြိမ်းသတ်သည့်အလား ငြိမ်သက်သွားတော့သည်။ သူမအနေဖြင့် အခုလို လာရောက်နှုတ်ဆက်သောလူထုကို ကျေးဇူး တင်ကြောင်း အပါအ၀င် နိုဝင်ဘာလ ၁၄ ရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ရှိရာ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးသို့ နေ့လယ် ၁၂ နာရီလာရောက်ပါရန် လူထုကို ပန်ကြားနေသည်။ပြည်သူများကို ၁၃ မိနစ်ခန့် နှုတ်ဆက်ပြီးနောက် သူမ နေအိမ်အတွင်းသို့ ပြန်ဝင်သွားတော့သည်။ တက္ကသိုလ်ရိပ်သာလမ်းပေါ်တွင် မျက်ရည်ဖြိုင်ဖြိုင်ကျနေသော အမျိုးသမီး၊ အမျိုးသား၊ သံဃာတော်များကို တွေ့မြင်ရသည်။ သူတို့အားလုံး ပျော်နေကြသည်။ ကင်မရာကိုကိုင်ပြီး ကခုန်နေသော သတင်းထောက်များကိုပင် တွေ့မြင်နေရသည်။ယင်းနောက် သူမ နေအိမ်အတွင်း ပြန်ဝင်သွားသည်။ သို့သော်လည်း တက္ကသိုလ်ရိပ်သာ လမ်းပေါ်တွင် လူစုမကွဲသေး။ ညနေ ၆ နာရီ ၃၀မိနစ်ကျော်လာချိန်“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုသောအသံနှင့် ထောင်ချီရှိ လူအုပ်ကြီး ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ ပြန်သည်။ခြံရှေ့တွင် လက်ခုပ်သံများက တဖြောင်းဖြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများကို ကိုင်ဆောင်ထားသော လူပေါင်း များစွာ ကလည်း သူတို့၏ ခေါင်းဆောင်ကို လာရောက်နှုတ်ဆက်ကြသည်။“ဟေး” ဆိုသော အသံကြီး အလွန်မြည်ဟီးစွာ ထွက်ပေါ် လာပြန်သည်။ နောက်ဆက်တွဲ လက်ခုပ်သံများကလည်း ဆူညံလွန်း လှ၏။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယ အကြိမ်ပြန်လည်ထွက်ပေါ်လာသည်။ ထောင်သောင်းချီရှိသော လူအုပ်ကြီးက သူတို့ ခေါင်းဆောင်ကို ပြန်လည်မြင်တွေ့ရသည်နှင့် လက်များကို မိုးပေါ်ထောင် ဝှေ့ယမ်း နှုတ်ဆက် ကြသည်။ငါးမိနစ်ခန့် လူထုကို နှုတ်ဆက်ပြီးသူမ ခြံတွင်းပြန်ဝင်သွားသည်။ သို့သော် တက္ကသိုလ်ရိပ်သာ လမ်းပေါ်တွင် လူသူ မပျောက်သေး။ ဒေါ်အောင်ဆန်းစုကြည်ကို မမြင်တွေ့ရသည်တိုင် သူတို့ နှစ်ပေါင်းများစွာ ခြေချခွင့်မရသော ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့သို့ လူ ရာပေါင်းများစွာ လာရောက်နေကြဆဲ။ည အမှောင်ကျနေပြီဖြစ်သော်လည်း ပျော်ရွှင်နေသော ပြည်သူများ၏ မျက်နှာကား အရောင် တောက်လျက်ရှိသည်။ ဒေါ်အောင် ဆန်း စုကြည် အမှန်တကယ် လွတ်မြောက်ခဲ့ပြီ။

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

ကိုစိုး Saturday, 13 November 2010 19:24

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် ချထားရာမှ စစ်အစိုးရက ယနေ့ ညနေ ၅ နာရီ ၀န်းကျင်တွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံရှေ့တွင်လည်း လာရောက် စောင့်ဆိုင်းနေသော လူအုပ်မှာ ထောင်နှင့်ချီ၍ များပြားသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရှေ့နေ ဦးဉာဏ်ဝင်း က စနစ်တကျ ဖြစ်ရန် မေတ္တာရပ်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အိမ်အနီး ရောက်နေသူများက ပြောသည်။

လွတ်မြောက်လာပြီးနောက် ခြံဝမှ နေ၍ လူထုကို နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)ဒေါ်အောင်ဆန်းစုကြည်သည် အင်္ကျီ လက်ရှည် ခရမ်းရောင် ဖျော့ဖျော့ကို ၀တ်ဆင်ထားကြောင်း၊ လာရောက်စောင့်ဆိုင်းသည့် လူထုထဲမှ ၎င်းအား သစ်ခွပန်းများပေး၍ ကြိုဆိုကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က ခြံဝသို့ ထွက်၍ လူထုကို နှုတ်ဆက် ကြောင်းလည်း သိရသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လူထုကို နှုတ်ဆက်စကားစ၍ ပြောကြားသည်ဟု နားထောင်နေသူ ဧရာဝတီ သတင်းထောက် တဦးက ပြန်ပြောပြသည်။“မတွေ့တာကြာပြီဆိုတော့ ပြောစရာတွေ အများကြီးရှိတယ်၊ အဲဒါတွေ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီ လာခဲ့ အသံချဲ့စက်နဲ့ ပြောမယ်”ဟု လူထုကို ဒေါ်အောင်ဆန်းစုကြည် က ပြောရာ လူထုက တခဲနက် အားပေးကြကြောင်း သိရသည်။ ယနေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ဆိုသည်နှင့် လာရောက် စောင့်ဆိုင်းသည့် လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟု အော်ဟစ်၍ ၎င်း၏ ခြံရှေ့ကို ပြေးလာကြ ကြောင်း၊ လူအများစုမှာ ငိုကြပြီး တချို့ကလည်း ဘ၀မှာ အပျော်ဆုံးပဲဟု ပြောဆိုကြကြောင်း မျက်မြင်များက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးရောက်ရှိနေသော ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP) ဥက္ကဌ ဟောင်း ဦးဖြိုးမင်းသိန်းက“လူထု ခေါင်းဆောင် တယောက် လွတ်မြောက်လာတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လာရောက် စောင့်မျှော်နေသော အမျိုးသမီး တဦးကလည်း“လင်တွေ သားတွေတောင် မေ့သွားတယ်”ဟု ပြောသည်။ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက“ဥပဒေကြောင်းအရ ဆက်လက်ထိန်းသိမ်းလို့ မရပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအမှုနဲ့ ကျခံနေရတာ မဟုတ်ဘူး၊ ရာဇ၀တ်မှုနဲ့ကျခံနေရတာ ဖြစ်တယ်၊ အကယ်၍ မလွတ်ခဲ့ဘူးဆိုရင်တော့ ဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြသတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။ ရှေ့နေကြီး ဦးအောင်သိန်းကလည်း“အုပ်ချုပ်ရေးအာဏာနဲ့ ထောင်ချပြီးပြီ၊ အုပ်ချုပ်ရေးအာဏာနဲ့ ထိန်းသိမ်းထားတဲ့ အချိန်မှာ ထိန်းသိမ်းတဲ့ ဥပဒေကို ဖောက်ဖျက် တယ် ဆိုပြီး တရားရုံးပေါ်မှာ တရားစွဲ ပြစ်ဒဏ်ချပြီးပြီ၊ ပြစ်ဒဏ်ချတဲ့ အပေါ်မှာ အုပ်ချုပ်ရေး အာဏာအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က တ၀က် ပြစ်ဒဏ်ပဲချဖို့ ပြောထားတယ်၊ အဲဒီ တ၀က်ကိုလည်း ကောင်းမွန်စွာ နေရင် စောလွှတ်မယ်လို့ ပြောထားတာ၊ အခု အဲဒီ တ၀က်က ပြည့်ပြီ၊ လတ်တလောမှာ နောက်ထပ် ထပ်တိုးစရာတော့ မပေါ်နိုင်ဘူး၊ သေချာပေါက် လွှတ်ရ တော့မယ်”ဟု ပြောကြားထားသည်။ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး ၀န်းကျင်နှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ရှေ့တွင် သတင်းထောက်များ ၊ နိုင်ငံခြားသားများ အပါအ၀င် လာရောက်သည့် လူထုမှာ ထောင်ဂဏန်းနှင့်ချီ များပြားလာ၍ အဓိကရုဏ်း နှိမ်နင်းသည့် လုံထိန်း တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တားဆီးမှုများ ပြုလုပ်သောကြောင့် ယင်းလူအုပ်ကို NLD မှ အခြေအနေ ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။ယနေ့ နံနက်ပိုင်းက NLD ရုံးချုပ်သို့ ပြင်သစ် သံရုံး၊ ဗြိတိသျှ သံရုံး၊ သြစတြေးလျ သံရုံး စသည့် သံရုံးများမှ အနောက်တိုင်း သံ တမန်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သည့် ကိုယ်စားလှယ်လောင်းများလည်း လာရောက် ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် နေအိမ်အကျယ်ချုပ် ၁၈ လ သည် ယနေ့ ပြည့်ပြီ ဖြစ်သည်။ထို့ကြောင့် ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်စောင့်ဆိုင်းနေသည့် လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” “ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်”ဟူသော ကြွေးကြော်သံများကို ကြွေးကြော် ခဲ့ကြသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခု စက်တင်ဘာ ၂၇ ရက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တည်ထောင် ရာတွင် ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။၎င်းသည် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နေအိမ်တွင် နေအိမ်အကျယ်ချုပ် ချခံခဲ့ရပြီး ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။ ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်သည် ထပ်မံ၍ နေအိမ်အကျယ်ချုပ် ၁၉ လ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။၂၀၀၂ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် နိုင်ငံအနှံ့ ခရီးထွက်ပြီး လူထု တရားပွဲများကို ကျင်းပခဲ့ရာ ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထား သူများက တားဆီး ရိုက်နှက်ပြီးနောက်ပိုင်း နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ထပ်မံ၍ နေအိမ်အကျယ်ချုပ် ၁ နှစ် တိုးခံခဲ့ရသည်။ စစ်အစိုးရ က ဆက်လက်ပြီး၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ် ထပ်မံ တိုး ခဲ့ပြန်သည်။ ၂၀၀၉ ခုနှစ် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။လွန်ခဲ့သော နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ် ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

Friday, November 12, 2010

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် NLD ရုံးချုပ်တွင် ပြင်ဆင်ထား

ထက်အောင် Thursday, 11 November 2010 19:05
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ကြိုဆိုရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နိုင်ငံရေး ဦးဆောင်မှုကို ပြန်လည် ပေးနိုင်ရန်အတွက် ပါတီဌာနချုပ်ရှိ သူ၏ရုံးခန်းကို ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ကြိုဆိုရန် ရန်ကုန် NLD ရုံးချုပ်၌ ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)“ဒေါ်စု ပြန်လည်လွတ်မြောက်လာတာကို ကြိုဆိုဖို့ ကျနော်တို့ လုပ်နေကြပါတယ်။ သူရုံးထိုင်ဖို့အတွက် သီးသန့်ရုံးခန်း တခုကိုလည်း ရုံးချုပ်မှာ ပြင်ဆင်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သူ NLD အတွင်းရေးမှူး ဦးဝင်းတင်က ပြောပါသည်။ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွတ်ရက်စေ့မည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။ ယခုရက်အတွင်း အာဏာပိုင်များက ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် နိုင်ငံရေးလုပ်ငန်းများကို ချက်ချင်း လုပ်ကိုင်ဆောင်ရွက်မည်လား၊ လူမှုရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်မည်လား ဆိုသည်နှင့် ပတ်သက်၍ ဦးဝင်းတင်က “ကျနော်ယုံကြည်တာက ဒေါ်စုဟာ နိုင်ငံရေးကို အဓိကထားလုပ်လိမ့်မယ်။ ကျနော်တို့ကလည်း သူကို နိုင်ငံရေးဦးဆောင်မှုပြန်ပေးဖို့ ပြောမယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ဟာ နိုင်ငံရေးအရ တကယ့်ကိုအရေးကြီးတဲ့အခြေအနေ ရောက်နေပါတယ်” ဟု ပြောသည်။“ဒေါ်စုဟာ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ စိတ်အားရှိလှပါတယ်။ NLD ကလည်း နာဂစ်ဆိုင်ကလုန်းတိုက်ပြီးကတည်းက ဒုက္ခရောက်ကြတဲ့ ပြည်သူတွေကို ကူညီနေခဲ့တာ အခုဆိုရင် သူဟာနဲ့သူ အရှိန်ရနေပါပြီ။ ကျနော်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ သူ့ကိုတိုက်တွန်းချင်တာက ပြည်သူတွေ တကယ်လိုအပ်နေတယ် သူရဲ့ နိုင်ငံရေးဦးဆောင်မှုကို ပြန်လည်ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။စစ်အစိုးရအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရပ်တည်ချက် နှင့်ပတ်သက်၍ ဦးဝင်းတင်က “ဒေါ်စုက စစ်အစိုးရနဲ့ စကားပြောဖို့ အမြဲတမ်း တံခါးဖွင့်ထားတဲ့သူ တယောက်ပါ၊ အခုလည်း သူ့အနေနဲ့ ဒီတံခါးကို ဆက်လက်ဖွင့်ထားမှာပါလို့ ကျနော်ယုံကြည်တယ်” ဟု ဖြေကြားသည်။ဦးဝင်းတင်သည် ဒေါ်အောင်ဆန်းစုကြည် ယနေ့လွတ်မြောက်လာနိုင်သည်ဟုပင် မျှော်လင့်နေသည်။ အကြောင်းမှာ စစ်ဗိုလ်ချုပ်များသည် နက္ခတ်ဗေဒင်တို့ကို ယုံကြည်ကြသူများဖြစ်ပြီး ယနေ့သည် နိုဝင်ဘာလ ၁၁ ရက် (၁၁/၁၁) ဖြစ်သောကြောင့် ဗေဒင်ကိန်းခန်းအရ လွှတ်ပေးနိုင်ကြောင်း ပြောသည်။ ရန်ကုန်မြို့ခံတဦးကမူ “စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ ဘယ်အရာမှ မသေချာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလားဆိုတာလည်း မသေချာပါဘူး” ဟု ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၂ နှစ်တာ ကာလအတွင်း နေအိမ်တွင် ၃ ကြိမ်တိုင်တိုင် ၁၅ နှစ်ကြာမျှ အကျယ်ချုပ်ဖြင့် ချုပ်နှောင်ခံခဲ့ရသည်။

Wednesday, November 10, 2010

မင်းသမီး ၃ ပါးနှင့် NDF အရှုံးနှင့်ကြုံ

နရီလင်းလက် Tuesday, 09 November 2010 19:31

ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သော “ မင်းသမီး ၃ ပါး” ဟု မီဒီယာများက ဖော်ပြကြသူများ ပါဝင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့သည် မဲမသမာမှုများကြောင့် ရွေးကောက်ပွဲတွင် ဆိုးဆိုးဝါးဝါးဆုံးရှုံးမှုများ ရင်ဆိုင်ရကြောင်း သိရသည်။

ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေနှင့် ဒေါ်သန်းသန်းနု။ ရွေးကောက်ပွဲသည် မြန်မာပြည်အတွက် အပြောင်းအလဲ ဖြစ်မည်ဟု ထင်ခဲ့ကြသော်လည်း မျှော်လင့်သလို ဖြစ်မလာဟု ၎င်းတို့က ပြောသည် (ဓာတ်ပုံ - ဧရာဝတီ)မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက “နယ်မြေ ၄ ခုမှာ ၃ ခုက ကိုယ့်ကို ထောက်ခံတဲ့မဲ ရခဲ့တယ်။ ဒါပေမယ့် စာရင်းလည်း ပိတ်လိုက်ရော အမှတ်တွေက အရမ်းကို ကွာသွားတယ်။ ကိုယ့်ကိုဘယ်လို ထောက်ခံခဲ့တယ်ဆိုတာ သိပေမယ့် ရှုံးတယ်ဆိုတာက မဲရုံမှာ ကိုယ်စားလှယ်တွေ မထားနိုင်တာ၊ မဲ ရေတဲ့အချိန်မှာ ကိုယ့်ကို မခေါ်တာ။ ဒီလိုဆိုတော့ သူတို့ လုပ်ချင်တိုင်းလုပ်လို့ ရသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ ဒေါ်သန်းသန်းနုသည် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု အမျိုးသားလွှတ်တော်အတွက် မန္တလေးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲ အပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ “အခု ကျင်းပသွားတဲ့ ရွေးကောက်ပွဲက မတရားဆုံး ရွေးကောက်ပွဲတခုပဲ။ နိုင်သွားတဲ့ပါတီအနေနဲ့ သိက္ခာရှိရှိ ဖြစ်ချင်တယ်ဆိုရင်တော့ အရပ်သားအစိုးရ ပီပီပြင်ပြင်လုပ်ပေးခဲ့မယ်ဆိုရင်တော့ ကောင်းမယ်။ ဒီရွေးကောက်ပွဲကို အဖေသာ ရှိနေရင် မတရားဆုံး ရွေးကောက်ပွဲလို့ ပြောမှာပဲ” ဟု ဒေါ်သန်းသန်းနုက ပြောသည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို ကိုယ်စားပြု၍ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ချိုချိုကျော်ငြိမ်းက “နယ်ကလူတွေက ပေးလိုက်တာ ဒေါင်း၊ ထွက်လာတာ ခြင်္သေ့၊ ဘယ်လိုဖြစ်တာလဲတဲ့။ ကြိုတင်မဲတွေ အန်တီ မကြောက်ဘူး။ ဘာလို့လဲဆို ကိုယ့်ကိုယ် ထောက်ခံတဲ့လူ ဘယ်လောက်ရှိနေလဲကို သိနေတယ်လေ။ ဒါပေမယ့် မဲရုံမှူးက မဲပုံးကို အိမ်သယ်သွားပြီး ပက်ပက်စက်စက် မဲခိုးတယ်။ တချို့မဲရုံတွေမှာ ဖွင့်တောင် မဖွင့်ရသေးဘူး မဲပုံးထဲ မဲကရောက်နေပြီ။ ဒီအတွက် မနက်ဖြန် နေပြည်တော်အထိတက်ပြီး တိုင်ဖို့လုပ်မယ်” ဟု ပြောသည်။ဒေါ်ချိုချိုကျော်ငြိမ်းသည် ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သည်။ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေ၏ သမီးဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင် ဒီမိုကရက်တစ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နရီဗဆွေက “တပါတီက ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အသုံးချသွားတယ်။ တပါတီက ကြိုတင်မဲကို အသုံးချသွားတယ်။ ပြည်သူလူထုကတော့ မီးပျက်ပြီး အမှောင်ထဲမှာ နေနေရတယ်” ဟု ပြောသည်။ ရွေးကောက်ပွဲမတိုင်မီ ပါတီကိုယ်စားပြု သတင်းစာရှင်းလင်းပွဲတခုတွင် ၎င်းတို့ ၃ ဦးသည် မြန်မာပြည်၏ မင်းသမီး ၃ ပါးဟု တင်စားပြောဆိုခဲ့ပြီး စစ်အစိုးရမှာမူ စုန်းမ ၃ ယောက်အဖြစ် မြင်မည်ဟု ပြောခဲ့သည်။ မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးကောက်ပွဲသည် ပထမဆုံးခြေလှမ်းဟု ယုံကြည်ကာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဟု ၎င်းတို့က ပြောကြသည်။ မြန်မာတနိုင်ငံလုံးတွင် NDF ပါတီမှ ကိုယ်စားလှယ်လောင်း ၁၆၁ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရန်ကုန်မြို့တွင် ၁၆ နေရာ၌သာ အနိုင်ရခဲ့သည်ဟု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ဆိုသည်။“ပြည်သူပေးတဲ့မဲမှာ ကျနော်တို့ နိုင်တယ်၊ သက်ဆိုင်ရာက ပေးတဲ့မဲမှာတော့ ကျနော်တို့ ရှုံးတာပေါ့။ မဲရေတော့မှ ကြိုတင်မဲထုပ်တွေ ရောက်လာတယ်။ တချို့နေရာတွေမှာဆို အထုပ်တောင် မမြင်ရဘူး။ ဒါ ကြိုတင်မဲ ပေးထားတဲ့ လူစာရင်းဆိုပြီး ပြတယ်။ မဲတွေ ပြခိုင်းတော့ ပြခွင့်မရှိဘူးပြောတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးဆိုတာ အစကတည်းက သိပေမယ့် ဒီလောက်အထိ လက်လွတ်စပယ် လုပ်မယ်မထင်ဘူး။ မျှော်လင့်ထားတာထက် ပိုသွားတာပေါ့” ဟု ၎င်းက ပြောသည်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ရွေးကောက်ပွဲရလဒ်နှင့် မဲသမာမှုများအရ ရွေးကောက်ပွဲသည် မသင့်တင့်သောရွေးကောက်ပွဲ ဖြစ်သော်လည်း ပြည်သူများ နိုင်ငံရေးနိုးကြားမှု အားကောင်းလာစေရန် ပြုနိုင်ခဲ့ခြင်းသည် ဒီမိုကရေစီ အင်အားစုများ ရရှိလိုက်သည့် အမြတ်ဖြစ်သည်ဟု ဆိုသည်။ “တခြားပါတီက မဲမသမာမှုတွေကို တိုင်ဖို့လုပ်ရင်တော့ ၀င်ပါဝင်သွားဖို့ရှိတယ်။ တိုင်တယ်ဆိုတာ လေးစားတဲ့လူကို တိုင်တာလေ။ ကော်မရှင်က လေးစားစရာမရှိတော့ ကိုယ့်ပါတီအနေနဲ့ကတော့ တိုင်လည်းမတိုင်တော့ဘူး၊ ဘာမှလည်း ဒီပေါ်မှာ မမျှော်လင့်ထားဘူး” ဟု ၎င်းက ပြောသည်။ ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီအင်အားစုများကို တယောက်နှင့်တယောက် ကျောချင်းကပ်ပေးလိုက် ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပြောင်းလဲမှု တစုံတရာအတွက် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။ မြန်မာတနိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာ ၁၁၅၇ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ကြံ့ဖွံ့ပါတီက ၈၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိနေသည်ဟု ဆိုကြောင်း ယင်းပါတီမှ တာဝန်ရှိသူတဦးကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။

Monday, November 8, 2010

မသမာမှုများ မရှင်းပေးလျှင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု

နရီလင်းလက် Monday, 08 November 2010 15:22

ရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်က ရှင်းလင်း ပေးခြင်းမရှိလျှင် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန် တခြား ဒီမိုကရေစီ ပါတီများနှင့် ပြောဆိုထားသည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဦးခင်မောင်ဆွေက ပြောသည်။“မဲရေတွက်ချိန်မှာ မသမာမှုလုပ်တာတွေ၊ မတရား ကြိုတင်မဲ ကောက်ယူထားတဲ့ ကိစ္စတွေနဲ့ မသမာတဲ့ ကြိုတင်မဲကိစ္စတွေ၊ မဲရေတွက်တာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းမပေးရင် ဒီရွေးကောက်ပွဲကို အသိအမှတ်ပြု လက်မှတ်မထိုးပေးဖို့ တခြားပါတီတွေနဲ့ ပြောထားတယ် ” ဟု ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၆၄ နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကဆိုသည်။ရန်ကုန်တိုင်း ကျောက်တန်း မြို့နယ်တွင် ယမန့်နေ့ညက မဲရေတွက်ရာ NDF ပါတီကို ထောက်ခံသည့် မဲရရှိမှု များလာသည်ကို တွေ့ရချိန်တွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ မဲရေတွက်မှုကို ရပ်ပစ်လိုက်သည်ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။“ဗဟို ကော်မရှင်ကပဲ ရလဒ်ကို ဆုံးဖြတ်ပေးမယ်ဆိုပြီး မဲရေတွက်တာကို ရပ်ပစ်လိုက်တယ်” ဟု ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။သန်လျင်မြို့နယ်တွင် NDF ပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် အဓိက ယှဉ်ပြိုင်ခဲ့ပြီး မဲရေတွက်မှုအရ ကြံ့ဖွံ့ပါတီက ၉၈ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိနေကြောင်း သိရသည်။ NDF သည် ယခုနောက်ဆုံးသိရှိရသည့် ရလဒ်များအရ အမျိုးသားလွှတ်တော်တွင် ၃ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၈ နေရာနှင့် တိုင်းဒေကြီးလွှတ်တော်တွင် ၄ နေရာ ရရှိနေပြီးဖြစ်ကြောင်း သတင်းရရှိသည်။ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲ ကောက်ယူထားသည့် နည်းလမ်းကို အသုံးပြု၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများကို အနိုင်ရရှိရန် ပြုလုပ်နေသည်ဟု နိုင်ငံရေးပါတီများက ဝေဖန်ကြသည်။တောင်ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ် (၁) မှ ၀င်ရောက်ယှဉ်ပြိုင်သော တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ စောနိုင်သည် ရပ်ကွက်အသီးသီးရှိ မဲဆန္ဒနယ် ၁၀၀ ကျော်တွင် မဲရေတွက်မှုအရ အသာရရှိနေသော်လည်း မြို့နယ်အရောက် မဲစာရင်း ထုတ်ပြန်အပြီးတွင်မူ ရှုံးသွားကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောပြသည်။“မြို့နယ်အောက်မှာရှိတဲ့ မဲဆန္ဒနယ် အသေးလေးတွေ ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီမှာ ရေတွက်တာ အခြေအနေကောင်းတယ်။ ရလဒ်က မကြေညာပေးတော့ မသိရဘူး။ ဒါနဲ့ မြို့နယ်ကို ပို့လိုက်ပြီး ရလဒ်လည်း ကြေညာရော ရှုံးသွားတယ်။ ကြံ့ဖွံ့ပါတီက ကောက်ယူထားတဲ့ ကြိုတင်မဲတွေ ထပ်ပေါင်းလို့ သူတို့ နိုင်တာ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။ပဲခူးတိုင်းတွင်လည်း တရားမျှတမှု မရှိသည့် ကြိုတင်မဲ ကောက်ယူခြင်း၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက ကြံ့ဖွံ့ပါတီ မဲရုံစောင့် ကိုယ်စားလှယ်များကို ကြောက်ရွံ့နေရခြင်း၊ တခါးပိတ် မဲရေတွက်မှုများနှင့် ပတ်သက်၍ ပဲခူးတိုင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးသိန်းဌေးအပါအ၀င် ပဲခူးတိုင်းမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၉ ဦးက နေပြည်တော်သို့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့သွားမည်ဟု သိရသည်။ထို့အပြင် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ရပ်ကွက်တချို့တွင်လည်း ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲ ကောက်ခံမှုနှင့် အတင်းအကျပ် မဲထည့်ခိုင်းမှုကြောင့် အသာစီးဖြင့် အနိုင်ရရှိနေသည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဒေသခံတဦးက ပြောသည်။“မင်းတပ် တမြို့နယ်လုံးမှာ ပြည်သူ့ဆန္ဒအတိုင်း မဲပေးကြတာကို ကြည့်ရင် ချင်းပါတီတွေနဲ့ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ကို များတယ်။ ဒါပေမယ့် ကြိုတင်မဲ အကုန်လုံးကလည်း ကြံ့ဖွံ့ပါတီကို ထောက်ခံတာတွေပဲ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။ထို့အပြင် မြစ်ကြီးနားမြို့နယ် စီတာပူ ရပ်ကွက် ၊ ဒူကတောင့် ရပ်ကွက်များတွင်လည်း ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲဖြင့် အနိုင်ရရှိသွားသည်ဟု တစည ပါတီမှ ဦးလနန်ဘောက်က ပြောသည်။အစိုးရ ဝန်ထမ်းများကို ကြိုတင်မဲထည့်ခိုင်းခဲ့ပြီး မဲစာအိတ်များ သယ်ဆောင်ရာတွင် အိတ်ပိတ်ခြင်းမရှိကြောင်း၊ စီတာပူ ရပ်ကွက်တွင် ကြိုတင်မဲ ၆၀၀၊ ဒူကထောင့် ရပ်ကွက်တွင် ကြိုတင်မဲ ၄၀၀ ခန့် ရယူထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်တွင် နေရာအများစု၌ RNDP အနိုင်ရရန် သေချာ

ခင်ဦးသာ Monday, 08 November 2010 17:44

ရခိုင်ပြည်နယ် အတွင်း နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) သည် လွှတ်တော်သုံးရပ် စလုံးအတွက် မဲဆန္ဒနယ် အားလုံးနီးပါးတွင် အနိုင်ရရန် သေချာကြောင်း သိရသည်။“ကျနော်တို့ ပါတီက လွှတ်တော်သုံးရပ်စလုံးမှာ အသာစီးရနေပါတယ်။ နိုင်နေတဲ့ အနေအထားရဲ့ မဲ ရလဒ်က အတော်လေး အားသာနေပါတယ်။ အတိအကျကတော့ ကော်မရှင်က ကြေညာတဲ့နေ့ကို စောင့်ရမှာပေါ့” ဟု RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။ပြည်နယ်တခုလုံး၌ ၄၃ နေရာ ၀င်ပြိုင်ခဲ့ရာတွင် လက်ရှိစာရင်းအရ ၃၉ နေရာ အတိအကျ အနိုင်ရထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။မဲဆန္ဒနယ် အများဆုံးနှင့် မဲပေးသူအများဆုံးနေရာ ဖြစ်သော စစ်တွေမြို့တွင် RNDP ပါတီသည် ၎င်း၏ ပြိုင်ဘက်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အား လွှတ်တော် သုံးရပ်စလုံး၌ အပြတ်အသတ် အနိုင်ရခဲ့ကြောင်းသိရသည်။ရခိုင်ပြည်နယ် တခုလုံးမှ ယနေ့နေ့လယ်အထိ ရရှိထားသော စာရင်းအရ ဆိုလျှင် RNDP က မြိ့နယ်အများစု၌ ကြံ့ဖွံ့ပါတီအား ၈၅ ရာခိုနှုန်းဖြင့် အနိုင်ရထားပြီး တချို့မြို့နယ်တွင် လွှတ်တော်တချို့ရှုံးနိမ့်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဍားကျွန်း၊ မာန်အောင်၊ မြောက်ဦး စသည့် မြို့နယ်များ၌ လွှတ်တော်သုံးရပ် စလုံး၏ ကိုယ်စားလှယ်များက ကြံ့ဖွံ့ပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင် ရထားပြီ ဟု ၎င်းက ဆိုသည်။မြို့နယ်တချို့တွင်မူ တိတိကျကျ မသိရကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။“အခုလို မတရားမှုတွေ ကြားကနေ အနိုင်ရတာဟာ ကျနော်တို့ ကြောင့် မဟုတ်ပါဘူး။ ရခိုင် တိုင်းရင်းသား တွေကို ကိုယ်စားပြု ထားတဲ့ ပါတီကို ထောက်ခံ ပေးခဲ့ကြတဲ့ ပြည်သူတွေ ကြောင့်ပါ။ ဒီအတွက် ကျနော်တို့ ပြည်သူတွေအတွက် အလုပ်တွေ အများကြီး လုပ်ပေးသွားမှာပါ” ဟုလည်း သူက ဆိုသည်။“ကျနော်တို့ မြေပုံမြို့နယ်ဟာ လေဘေးဒဏ်ကို အဆိုးဆုံး ခံခဲ့ရတယ်။ တမြို့နယ်လုံး နီးပါးမှာလည်း ကြံ့ဖွံ့က ကြိုတင်မဲတွေ ယူထားပါတယ်။ ဒါပေမယ့် မဲလာပေးတဲ့သူ အားလုံးဟာ ခြိမ်းခြောက်မှုတွေ ကြားက ကျနော်တို့ပါတီကို မဲပေးခဲ့ ကြပါတယ်” ဟု မြေပုံ မြို့နယ်မှ RNDP ကိုယ်စားလှယ် တဦးက ပြောသည်။ကြံ့ဖွံ့ပါတီသည် မြေပုံမြို့နယ်ရှိ လေဘေးဒုက္ခသည်များအား ၎င်းပါတီကို မဲပေးမှ ဆန်ပေးမည်ဟု ဆိုကာ ကြိုတင်မဲများ အတင်းအကျပ် ကောက်ခံခြင်းကို နိုဝင်ဘာလ ၅၊ ၆ ရက် တို့တွင် ပြုလုပ်ခဲ့သည်။လေဘေးဒဏ် ခံခဲ့ရသော ကျွန်းသာယာ ဒေသခံတဦးက “ကြံ့ဖွံ့ပါတီက နေရာတကာ နိုင့်ထက်စီးနင်း လုပ်လေ့ရှိပါတယ်။ ဒုက္ခသည်တွေ ကိုလည်း အားပေးရမယ့်အစား ကြိမ်းလား မောင်းလား လုပ်လေ့ရှိတော့ ဘယ်သူကမှ သူတို့ကို ထောက်ခံ ချင်တဲ့ စိတ်ထားမရှိကြဘူး။ NGO နဲ့ လူမှုရေးအဖွဲ့ စေတနာ ရှင်တွေက လှူထားတဲ့ ပစ္စည်းတွေကို မပေးဘဲ အခုထိ သိမ်းထား ဆဲပါ” ဟု ဒုက္ခသည် တဦးက ရှင်းပြသည်။ဒေသခံအများစုမှာ ယနေ့အထိ နေထိုင်စရာ၊ စားသောက်စရာ အပြည့်အ၀ မရသေးကြောင်းလည်း သူက ပြောသည်။“ရွေးကောက်ပွဲမှာ သူတို့မနိုင်တဲ့အတွက် အခြေအနေက ပိုဆိုး လာနိုင်သေးတယ်” ဟု လည်း ၎င်းက ဆိုသည်။ကြံ့ဖွံ့ပါတီသည် ၎င်းတို့ပါတီ အနိုင်ရရေးအတွက် နည်းလမ်းပေါင်းစုံ အသုံး ပြုခဲ့သော်လည်း မဲဆန္ဒနယ် အများစုတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရပြီး ပြည်သူများကလည်း တိုင်းရင်းသားပါတီ မရှိပါက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ကိုသာ မဲပေးမည်ဟု ကျောက်ဖြူ ဒေသခံ တဦးက ပြောသည်။“ကျမက ရခိုင်မိဘတွေက မွေးထားလို့ ရခိုင်ပါတီပဲ မဲပေးတယ်။ ရခိုင်ပါတီ သီးသန့် မရှိရင် ကြံ့ဖွံ့ပါတီ မဟုတ်တာ ပေးမယ်”ဟု ကျောက်ဖြူ ဒေသခံ အမျိုးသမီး တဦးက ပြောသည်။တိုင်းရင်းသားပါတီနှင့် ဒီမိုကရက်တစ် အင်အားစုပါတီများ ၀င်ရောက်ယှဉ်ခြင်း မရှိသော တောင်ကုတ်မြို့နယ်တွင် ကြံ့ဖွံ့ပါတီနှင့် တစည ၂ ပါတီသာ ပြိုင်ကြရာ ကြံ့ဖွံ့ပါတီ ရှုံးနိမ့်ကြောင်း တောင်ကုတ် ဒေသခံများထံမှ သိရသည်။ရခိုင်ပြည်နယ် တခုလုံးတွင် ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၄ နေရာရှိ သည့်အနက် RNDP မှ ပြည်သူ့လွှတ်တော်၌ ၁၂ နေရာ၊ အမျိုးသားလွှတ်တော်၌ ၈ နေရာ၊ ပြည်နယ်လွှတ် တော်၌ ၂၃ နေရာ စုစုပေါင်း ၄၃ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။“ကျနော်တို့ပါတီရဲ့ ရှေ့ဆက်လုပ်သွားမယ့် အဓိက အချက်က ဥပဒေပြုရေးပါ။ ကျနော်တို့က အုပ်ချုပ်ရေး တာဝန်ကို မယူပါဘူး။ ခြစားနေတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ ရပ်တန့်သွားဖို့၊ ပြည်သူတွေ ဥပဒေအတိုင်း လွတ်လပ်စွာ နေထိုင်ခွင့်၊ တန်းတူအခွင့်အရေး ရခွင့်တွေ လုပ်သွားမှာပါ။ နောက်တခုက လျှပ်စစ်အပြည့်အ၀ရရေးပါ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

မဲပေးကြပြီ (၁) (နံနက် ၅:၃၀ မှ ညနေ၂၀:၁၀ အထိသတင်းများ)

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီမှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံများ ဖွင့်လှစ်၍ မဲပေးခြင်းများ စတင်နေပြီ ဖြစ်ပါသည်။
နံနက်စောစောပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မြို့နယ် အသီးသီးမှ မဲရုံများတွင် မဲပေးသူများ မဲပေးရန် စောင့်ဆိုင်းသူများဖြင့် စည်ကားနေပြီ ဖြစ်ပါသည်။ ''ဗဟန်းမြို့နယ် မဲရုံအမှတ် ၂ မှာ မဲပေးရမယ့်သူ ၁၃၆၁ ရှိတယ်။ မနက် ၆ နာရီခွဲကျော်ဆိုတော့ ကိုယ်က စောလှပြီ ထင်နေတာ ကိုယ့်ရှေ့မှာ မဲပေးပြီးတဲ့သူက ၅၀ လောက် ပေးပြီးသွားပြီ။ လူထုကတော့ တာဝန်ကျေပါတယ်။ ကိုယ်ရဲ့မဲတွေ အညစ်မခံရဖို့ပဲ အရေးကြီးတယ်။ ဒါဆိုရင်တော့ လူထုရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရနိုင်တယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့နီးတူ အခြား နယ်မြို့များတွေလည်း မဲပေးမှုများကို နံနက် ၆ နာရီမှ စတင်လျက် ရှိပါသည်။ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့တွင် မဲပေးမည့်သူများ နံနက် ၄ နာရီ ၀န်းကျင်ခန့် ကတည်းက စတင် စုရုံးနေကြကြောင်းလည်း သိရသည်။ မန္တလေးမြို့တွင်မူ မဲရုံဖွင့်ချိန် နံနက် ၆ နာရီဝန်းကျင်ခန့်တွင် မဲပေးရန် လာရောက်သူ နည်းပါးနေသေးကြောင်း သိရသည်။
''မဲကို တစ်ခါမှ မပေးဘူး။ ဒါ ပထမဆုံးအကြိမ်ပဲ ကိုယ်ရွေးတဲ့ ကိုယ်စားလှယ် ရွေးခံစေချင်ပါတယ်''ဟု လားရှိုးမြို့နယ် မဲရုံ အမှတ်(၅)တွင် ပထမဆုံး မဲပေးခဲ့သူ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။
ကရင်ပြည်နယ် ဖားအံမြို့ ကူးဆိပ်ရပ်ကွက် မဲရုံအမှတ် (၂) တွင် ပထမဆုံး မဲပေးသူမှာ အသက် ၆၀ ကျော် အရွယ်ရှိ ပညာရေးမှူးဟောင်းတစ်ဦး ဖြစ်ပြီး ၎င်းက ဖလုံ-စဝေါ် ပါတီ အမှတ်တံဆိပ်ဘေးတွင် အမှန် ခြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ မဲရုံများတွင်လည်း မဲပေးရန် စောင့်ဆိုင်းနေသူများ ရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နောင်ကုန်ကျေးရွာ မဲရုံ အမှတ်(၁)တွင် စတင် မဲပေးသူမှာ အသက် ၃၀ အရွယ် လူငယ်အမျိုးသားတစ်ဦး ဖြစ်ပြီး လုပ်ငန်းခွင် မ၀င်မီ မဲလာပေးခြင်း ဖြစ်ကြောင်း၊ ကျားဖြူပါတီကို မဲပေးခဲ့ကြောင်း သိရသည်။ ၎င်းက''ပါတီတစ်ခုအနေနဲ့ ဦးဆောင်နိုင်မယ့် ခေါင်းဆောင်ကောင်းရှိတယ်လို့ ယူဆပြီး မဲပေးခဲ့တယ်''ဟု ပြောကြားခဲ့ပါသည်။
မဲရုံစတင်ဖွင့်လှစ်သည့် နံနက်အစောပိုင်း အချိန်များက ရန်ကုန်မြို့တော် တစ်ဝှမ်းရှိ မြို့နယ် အသီးသီးရှိ မဲရုံအများစုတွင်အသက် ၂၀ ၀န်းကျင်နှင့် အထက် လူလတ်ပိုင်းများနှင့် အသက် ၅၀ နှင့်အထက် လူကြီးပိုင်းများသာ မဲပေးခဲ့ကြသော်လည်း နံနက်ပိုင်း နေပွင့်ချိန်တွင် လူငယ်အများစုပါ လာရောက်မဲပေးခဲ့ကြပြီ ဖြစ်သည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် ရောက်ရှိသတင်းယူနေသူ သတင်းထောက်တစ်ဦးက နံနက်ပိုင်း ၆ နာရီခန့်တွင် နေ့မပွင့်နှင်း မကွဲသေး၍ ရာသီဥတုအေးသောကြောင့် မဲပေးသူ နည်းပါးခဲ့သော်လည်း နေပွင့်ချိန် ၈ နာရီခန့်တွင် မဲပေးသူများ တစ်တစ်စ များပြားလာခဲ့ကြောင်း သတင်းပေးပို့ခဲ့သည်။
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် သစ်တောရပ်ကွက်မှ ပထမဆုံး မဲပေးခဲ့သူ ဦးသန်းလွင် အသက် ၅၈ က "အခုမဲပေးရတာ အဆင်ပြေပါတယ်။ မဲပေးဖို့ မနက် ၅ နာရီခွဲ ကတည်း ရောက်နေပါတာ" ဟု ပြော ပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ကျွန်းတောရပ်ကွက်တွင် ပထမဆုံးမဲပေးခဲ့သူ အငြိမ်းစား နိုင်ငံဝန်ထမ်း အမျိုးသားတစ်ဦးက "နိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ခဲ့ပါပြီ။ ရွေးကောက်ပွဲ ရလဒ်ဟာ မျှတမယ်လို့လည်း ယုံကြည်မျှော်လင့်နေပါတယ်"ဟု ဆိုခဲ့ သည်။
(နံနက် ၇ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဆင်မင်းရပ်ကွက်တွင် ပထမဆုံးမဲပေးခဲ့သူ အငြိမ်းစား နိုင်ငံဝန်ထမ်းတစ်ဦးကလည်း သူ၏ယုံကြည်ချက်ကို အောက်ပါအတိုင်း ပြောပြခဲ့သည်။ "နိုင်ငံသားတစ်ယောက် အနေနဲ့ နိုင်ငံတာဝန်ကျေပွန်ချင်လို့ အစောဆုံး မဲပေးခဲ့တာပါ။ ၁၉၉၀ ပြည့်တုန်းကလည်း မဲပေးခဲ့ဖူးပါ သေးတယ်။ တိုင်းပြည်တိုးတက်အောင် လုပ်မယ့်လို့ ထင်တဲ့ပါတီကို မဲပေးခဲ့ပါတယ်။ ရလဒ်ကိုလည်း မျှော်လင့်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရှိ ဗိုလ်တထောင်မြို့နယ် အမှတ်(၇)ရပ်ကွက် တွင် ပထမဆုံးမဲပေးခဲ့သူ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက "ကျွန်မတို့တစ်အိမ်လုံးမဲပေး ကြမှာပါ။ အသက်ကြီးတဲ့သူတွေက တော့ နောက်မှလာပြီး မဲပေးပါလိမ့် မယ်။ ကျွန်မတို့အနေနဲ့ တာဝန်ကျေပါတယ်။ ဘယ်သူနိုင်နိုင်ပါ။ တိုးတက်မယ်ဆိုရင် ကျေနပ်ပါပြီ"ဟု ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နံနက် ၇း၃၀ နာရီမှ ၈ နာရီဝန်းကျင် တွင်မဲရုံအသီးသီး၌ မဲပေးသူအများ ဆုံးရှိနေကြောင်း သတင်းပေးပို့ချက် များအရသိရသည်။ အသက် ၂၀ ၀န်းကျင်လူငယ်အများစုမှာ နံနက် ၈ နာရီနောက်ပိုင်းတွင် အစုအဖွဲ့များ နှင့်လာရောက်မဲပေးကြကြောင်းသိရ သည်။
တာမွေမြို့နယ်မှ မဲပေးခဲ့ကြသူ အသက် ၂၀ ၀န်းကျင် လူငယ်များ ၏အသံမှာ "ကျွန်တော်ဒီရွေးကောက် ပွဲကို အရမ်းစိတ်ဝင်စားပါတယ်။ ဒါကြောင့် နံနက်အစောကြီး သူငယ်ချင်းနဲ့ချိန်းပြီး လာပေးခဲ့တာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် ကောင်းအောင်လုပ်ပေးနိုင်မယ်လို့ ယုံကြည်တဲ့ပါတီကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် ပထမ ဆုံးမဲပေးရတဲ့ ရွေးကောက်ပွဲပါ။ မဲပေးခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်ပေးခဲ့တဲ့မဲ တန်ဖိုးရှိမယ် လို့လည်း ယုံကြည်ပါတယ်။ ညနေ မဲရေတွက်ချိန်ကိုလည်း ပြည်သူတစ်ယောက်အနေနဲ့ စောင့်ကြည့်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
ဆေးတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသည့် လူငယ်တစ်ဦး ကလည်း ကျွန်တော် ဒီရွေးကောက်ပွဲကို စိတ်ဝင်စားပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေလည်း လေ့လာထားပါတယ်။ ဒါကြောင့် အစောဆုံး လာပေးဖြစ်တာပါ။ ကျွန်တော် ပေးသင့်ပေးထိုက်တယ်လို့ ယုံကြည်တဲ့ ပါတီကို မဲပေးခဲ့ပါတယ်။ ကျွန်တော် ပေးခဲ့တဲ့မဲ တန်ဖိုးရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော့်အတွက် ပထမဆုံးမဲပေးခွင့်ရတာဖြစ်လို့ ထူး ခြားတဲ့ အတွေ့အကြုံတစ်ခုပါ။ မဲရေတွက်ချိန်မှာ ဘယ်လိုရလဒ်ထွက်ပေါ် လာမယ်ဆိုတာကို သွားစောင့်မကြည့်နိုင်ရင်တောင် နားစွင့်ထားဖို့စိတ်ကူး ထားပါတယ်"ဟု ပြောပြခဲ့သည်။
အသက် ၂၂ နှစ်ရှိပြီဖြစ်သည့် သရုပ်ဆောင်မော်ဒယ် ဂျူးဂျူးကေ ကလည်း "ဂျူးဂျူးပထမဆုံး မဲပေးရတာပါ။ ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်တာကြောင့် ထူးခြားတယ်လို့ ဆိုလို့ရပါတယ်။ ဂျူးဂျူးတို့ အတွက် အကောင်းဆုံးလုပ်ပေးနိုင်တယ်လို့ ယုံကြည်တဲ့ပါတီကို မဲပေးခဲ့ပါတယ်။ အဲဒါက နိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုလို့ ယုံကြည်ထားပါတယ်။ ညနေမဲရေတွက်ချိန်ကိုတော့ မစောင့်ကြည့်တော့ပါဘူး"ဟု ဆိုခဲ့ပါသည်။
အသက် ၂၂ နှစ်အရွယ်သတင်းထောက် လူငယ်တစ်ဦးကလည်း "လူငယ်ဘ၀ရဲ့ နှစ် ၂၀ကျော်အရွယ်မှာ ပထမဆုံးကြုံတွေ့ရတဲ့ ရွေးကောက်ပွဲမို့ ပေးဖြစ်တာပါ။ နိုင်ငံရေးခံယူချက်တွေ၊ သဘောတရားတွေကို အများကြီး နားမလည်ပေမယ့် အသစ် တစ်စုံတရာကို မျှော်လင့်ပြီးကိုယ်ပိုင် ခံယူချက်တစ်ခုနဲ့ ပေးခဲ့ပါတယ်။ ရိုးသားမှုတွေပြည့်နှက်နေမယ့် နိုင်ငံအတွက် ပြည်သူအတွက်ဆိုတဲ့ တစ်ကြောင်းတည်းစိတ်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာစေဖို့ ဆန္ဒပြုမိပါတယ်" ပြောပြခဲ့သည်။မဲရုံစတင်ဖွင့်လှစ်သည့် နံနက်အစောပိုင်း အချိန်များက ရန်ကုန်မြို့တော် တစ်ဝှမ်းရှိ မြို့နယ် အသီးသီးရှိ မဲရုံအများစုတွင်အသက် ၂၀ ၀န်းကျင်နှင့် အထက် လူလတ်ပိုင်းများနှင့် အသက် ၅၀ နှင့်အထက် လူကြီးပိုင်းများသာ မဲပေးခဲ့ကြသော်လည်း နံနက်ပိုင်း နေပွင့်ချိန်တွင် လူငယ်အများစုပါ လာရောက်မဲပေးခဲ့ကြပြီ ဖြစ်သည်ဟု သိရသည်။ရန်ကုန်မြို့တော်၏ နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် မြင်ကွင်းများကို သတင်းထောက်များက ဆက်လက် သတင်းပေးပို့ခဲ့ကြရာ ရန်ကုန်မြို့တော်ရှိ လမ်းမကြီးများတွင် ခရီးသွားများ ကျဲပါးနေပြီး ခရီးသည်တင် ယာဉ်များလည်း ကျဲပါးစွာ သွားလာနေကြောင်း သိရသည်။ ရန်ကုန်မြို့ ရပ်ကွက်အသီးသီးတွင် ဆန္ဒမဲပေးကြသူများ အုပ်စုလိုက်သွားလာမှုများ ရှိနေပြီး နံနက် ၉ နာရီနောက်ပိုင်းတွင် နံနက်ပိုင်း အစောပိုင်းက ပျောက်တိပျောက်ကြားသာ တွေ့ခဲ့ရသည့် အသက် ၂၀ ၀န်းကျင် လူငယ်များ မဲပေးရန်ထွက် လာခဲ့ကြပြီ ဖြစ်သည်ကိုတွေ့ရသည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်များရှိ လူ ၅၀၀ ၀န်းကျင် မဲပေးနိုင်သော မဲရုံကြီးများတွင် စနစ်တကျ အဆင်ပြေစွာ မဲပေးနိုင်ခဲ့ကြကြောင်း မဲဆန္ဒရှင်အများစုက ဖြေကြားခဲ့ကြပြီး မဲရုံကြီးများတွင် ရွေးကောက်ပွဲ ၀င် ပါတီအသီးသီးမှ ကိုယ်စားလှယ်များကိုလည်း တွေ့ရှိခဲ့ရကြောင်း ပြောပြခဲ့သည်။ ရန်ကုန်မြို့ပေါ်ရှိ မြို့နယ်ရပ်ကွက် အများစုတွင် နံနက် ၄ နာရီ ၃၀ တွင် နံနက် ၆ နာရီမှစတင်၍ မဲပေးနိုင်ပြီ ဖြစ်ကြောင်း သက်ဆိုင်ရာများမှ ကြေငြာပေးခဲ့ပြီး။ မဲပေးနိုင်ပြီဖြစ်ကြောင်း လူအများစု မဲပေးနေပြီဖြစ်ကြောင်းကို နံနက် ၈ နာရီ ၀န်းကျင်အထိ မော်တော်ယာဉ်များဖြင့် တစ်လမ်းဝင်တစ်လမ်းထွက် လိုက်လံကြေငြာပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်တွင် မဲရုံစတင်ဖွင့်လှစ်ချိန်၌ အသက် ၅၀ နှင့်အထက် လူကြီးပိုင်းများ မဲစတင်ပေးခဲ့ကြပြီး အမျိုးသားအများစုက ဦးဆောင်မဲပေးခဲ့ကြသည်ဟု သိရသည်။ သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာတွင်မူ အထည်ချုပ်စက်ရုံတစ်ခုမှ လူငယ်အမျိုးသမီးများ စက်ရုံအစီအစဉ်ဖြင့် အုပ်စုဖွဲ့၍ မဲလာပေးကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ (က)ရပ်ကွက်၊ (ခ)ရပ်ကွက်နှင့် ဝေဘာဂီမြိုသစ် (၅) ရပ်ကွက်၊ (၆) ရပ်ကွက်၊ (၈) ရပ်ကွက်ရှိ မဲရုံမျာတွင် မဲရုံများ စတင်ဖွင့်လှစ်ချိန်တွင် အသက် ၅၀ ကျော်လူကြီးများက အုပ်စုလိုက် မဲပေးခဲ့ကြပြီး လူလတ်ပိုင်းများမှာ နံနက် ၈ နာရီနောက်ပိုင်းမှ တဖွဲဖွဲရောက်ရှိလာသည်ဟု သိရသည်။ အသက် ၂၀ ၀န်းကျင် လူငယ်များကို အတွေ့ရနည်းနေသေးသည်ဟု သတင်းပေးပို့ခဲ့ကြပြီး မဲဆန္ဒရှင်အများစုက အမျိုးသား ဒီမိုကရေစီအင်အားစုကို မဲပေးခဲ့ကြသည်ဟု သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၃၂ ရပ်ကွက်တွင် ပထမဆုံး မဲပေးခဲ့သူ ဒုတိယဗိုလ်မှူးကြီး အငြိမ်းစား မင်းလွင်က "ကျွန်တော် နိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ခဲ့ပါပြီ။ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို စွမ်းဆောင်နိုင်မယ်လို့ ယူဆရတဲ့သူတွေကို ပါတီစွဲကင်းစွာနဲ့ မဲပေးခဲ့ပါတယ်။ သူတို့ သူတို့ တာဝန်ကို တကယ်ကို ထမ်းဆောင် ခွင့်ရလိမ့်မယ်လို့ ယုံကြည်နေပါ တယ်" ဟု ပြောပြခဲ့သည်။
အလားတူ တာမွေမြို့နယ် ကျားကွက်သစ် စံပြရပ်ကွက်တွင် ပထမဆုံး ဆန္ဒမဲပေးခဲ့သူ အသက် ၆၈ နှစ်အရွယ် အငြိမ်းစား အရာရှိ ကြီးတစ်ဦးက "ကျွန်တော်တို့အိမ်မှာ မဲပေးရမယ့်သူ ခုနစ်ဦးရှိပါတယ်။ ကလေးတွေတော့ ပါမလာပါဘူး။ အခြားအလုပ်လည်း မရှိတော့ စောစောပဲ လာပြီးတော့ မဲပေးတာပါ။ မဲပေးရမယ့် ကိုယ်စားလှယ်တွေရဲ့ နောက်ခံကို သေသေချာချာ လေ့လာပြီးတော့မှ ရွေးခဲ့တာပါ။ အပြောင်းအလဲတွေကို လုပ်ပေးနိုင်မယ့် ထင် တဲ့ပါတီကို မဲပေးခဲ့ပါတယ်"ဟု ပြောပြခဲ့သည်။
(နံနက် ၉ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)
ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ပင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း မဲရုံအသီးသီးတွင် နံနက်ပိုင်းမှစတင်၍ ဆန္ဒမဲပေးခဲ့ကြရာ နံနက် ၈ နာရီနောက်ပိုင်းတွင် မဲပေးသူ အများဆုံး ဖြစ်ခဲ့ကြောင်း ဒေသအသီးသီးမှ ပေးပို့သည့်သတင်းများအရ သိရသည်။
နံနက် ၁၀ နာရီ ၀န်းကျင်တွင် ရရှိလာသော သတင်းများကို ဆက်လက်တင်ပြပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီကျော်ချိန်တွင် မန္တလေးမြို့ပေါ်ရှိ မဲရုံအသီးသီး၌ ဆန္ဒမဲပေးမှုများ ခပ်စိပ်စိပ်များလာကြောင်း တွေ့ရှိရ သည်။ အထူးသဖြင့် မန္တလေးမြို့၏ အနောက်ခြမ်း ဆင်ခြေဖုံးရပ်ကွက်များ ဖြစ်သော အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ ချမ်းအေးသာစံမြို့ နယ်၊ သီရိဟေမာ အနောက်ထင်းဝင်းရပ်ကွက်၊ မဟာအောင်မြေ မြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ချမ်းမြ သာစည်မြို့နယ်၊ သံလျက်မှော်ရပ်ကွက်များရှိ မဲရုံအသီးသီးတွင် မဲပေးမှုများ များပြားလာသည်ကို တွေ့ရ သည်။
ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ပညာရေးတက္ကသိုလ်တွင် နံနက် ၈ နာရီအချိန်၌ ပညာရေး တက္ကသိုလ်မှ ဆရာ၊ ဆရာမလောင်း များအနက် လူဦးရေ ၄၅၀ မဲပေး ပြီးစီးကြောင်းနှင့် ထိုအရေအတွက်တွင် ဆရာ ၁၂၇ ဦး ပါဝင်ကြောင်း သိရသည်။ အလားတူ ချမ်းမြသာစည်မြို့နယ်ရှိ သူနာပြုတက္ကသိုလ်မဲရုံ တွင် စည်ပင်သာယာ၊ သွားဘက်ဆိုင်ရာ တက္ကသိုလ်၊ အရိုးအထူးကု ဆေးရုံ၊ အားကာသိပ္ပံ ကုတင် ၃၀၀ ဆံ့ဆေးရုံတို့မှ ၀န်ထမ်းများနှင့် မဲဆန္ဒ ရှင်များ ဦးရေ ၇၀၀၀ ကျော်အနက် နံနက် ၈ နာရီအချိန်တွင် ဦးရေ ၄၀၀ ကျော် မဲပေးပြီးစီးသွားကြောင်း သိရသည်။
နံနက် ၁၀ နာရီဝန်းကျင်မှ စတင်၍ မန္တလေးမြို့တွင် မဲပေးမှု အရှိန်အဟုန် မြင့်တက်လာကြောင်း သိရသည်။ မန္တလေးမြို့လယ်ရှိ မဲရုံ အသီးသီးတွင် ဆန္ဒမဲပေးမှု အားကောင်းလာပြီး အောင်မြေသာစံ မြို့နယ် ပြည်ကြီးကျက်သရေ အရှေ့ အနောက်ရပ်ကွက်၊ ချမ်းအေးသာစံ မြို့နယ် အရှေ့ရပ်ကွက်၊ ကဉ္စဏမဟီ ရပ်ကွက်၊ မဟာအောင်မြေမြို့နယ် မဟာအောင်မြေရပ်ကွက်၊ ရတနာ ဘုမ္မိရပ်ကွက်၊ ဟေမမာလာရပ်ကွက်များရှိ မဲရုံအသီးသီးတွင် ဆန္ဒ မဲပေးမှုများ များပြားလာကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့တွင် ယနေ့နံနက်မှစ၍ ဆန္ဒမဲများ စတင်မဲပေးမှုများရှိလာကြောင်း ဒေသခံတစ်ဦးကဆိုသည်။စစ်ကိုင်းတိုင်း ဒေသကြီးတွင်လည်း ရွှေဘို မြို့ပေါ်ရှိ မဲရုံအများစု သည် အခြေခံပညာကျောင်းများတွင် ပြုလုပ်ကြကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကျောင်းကြီးလမ်းမဲရုံတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ပထမဆုံး စတင်မဲပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါမဲရုံတွင် မဲပေးမည့်သူအများအပြားရှိပြီးကြိတ် ကြိတ်တိုးလျက်ရှိကြောင်း သိရသည်။ စစ်တွေမြို့တွင် မဲရုံပေါင်း ၁၃၉ ရုံ ရှိပြီး မဲဆန္ဒရှင်ပေါင်း ၁၄၆၀၀၀ ကျော်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ မဲရုံများတွင် မဲပေးရန် စောင့်ဆိုင်းနေသူများ များပြားနေပြီး မြို့ပေါ်ရှိမဲရုံများတွင် မဲပေးရန် အတွက် အများအပြားလာရောက် ကြကြောင်းသိရသည်။ မိသားစု လိုက်လာရောက်မဲပေးသူများ ပြား လျက်ရှိသည်။ "မနက် ၆ နာရီခွဲမှာ မဲပေးခဲ့ပါတယ်။ ကတ်ပြားထုတ်ပြီး အခန်းတစ်ခန်းစီဝင်၊ ကိုယ်ကြိုက်တဲ့ ပါတီကို လွတ်လွတ်လပ်လပ် မဲပေးခဲ့ပါတယ်။ အဆင်ပြေပါတယ်"ဟု လပွတ္တာမြို့နယ် (၁၀)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခဲ့သူ အသက် (၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာ အသက် ၃၀ အရွယ် မဲဆန္ဒရှင်အမျိုးသားတစ်ဦးကလည်း "သုံးခုစလုံး တစညပဲ ထည့်တယ်။ တစညကို ဘာကြောင့်ထည့်ရလဲ ဆိုတော့ ကျွန်တော်တို့က စပါးစိုက်တာ စပါးကို ချစ်လို့။ ကျန်တာတော့ ကျွန်တော် သိပ်မသိဘူး"ဟု ပြော ကြားခဲ့သည်။
(နံနက် ၁၀ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)
"ကျွန်တော်ကတော့ အမျိုးသားလွှတ်တော်အတွက် ပြည်ထောင်စုဒီမိုကရေစီပါတီကို ရွေးခဲ့တယ်။ ပြည့်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအင်အားစုကိုပေးတယ်။" ဟု ပဲခူးတိုင်းဒေသကြီး၊ နန်းတော်ရာရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါသည်။
"နံနက်က မဲသွားပေးပြီးမှ လယ်ထဲသွားတယ်။ ကိုယ်စားလှယ်လောင်းတွေကိုတော့ တစ်ယောက်မှ မမြင်ဖူးဘူး။ ပါတီနာမည်ကိုပဲကြည့်ပြီး မဲပေးခဲ့တယ်။ မှတ်မိသလောက်ဆိုရင်တော့ ဒီမိုကရေစီဆိုတဲ့ စာလုံးပါတဲ့ပါတီကို အဓိကပေးခဲ့တယ်။" ပဲခူးတိုင်းဒေသကြီး၊ ပြည်တော်သာကျေးရွာအတွင်းရှိ အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးကပြောကြားခဲ့သည်။
"အပြောင်းအလဲတစ်ခုကို လိုချင်လို့ မဲသွားပေးတာ။ ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိတယ်။" ပဲခူးဒီဂရီကောလိပ်တွင် နောက်ဆုံးနှစ်(မြန်မာစာ)တက်ရောက်နေသော အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တွင် ဆန္ဒပဲလာရောက်ပေးသော ဒေါက်တာအောင်ဗိုလ် (မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာသန်းမြင့်၏သား) ကလဲ "ရှမ်းလူမျိုးဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးလွှတ်တော် မဲကိုယ်စားလှယ် ဆန္ဒမဲပုံးအပါအ၀င် မဲပုံးလေးပုံးမှာ ဆန္ဒမဲပေးခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် က နှစ်ဦးပဲရှိပြီး ကျွန်တော်တို့လို လူမျိုးတွေက မဲထည့်တဲ့နေရာမှာ သွေးစကားပြောမှာပါ။ အခု ကျွန်တော့်အသက် ၂၇ နှစ်မှာ ပထမဆုံးအကြိမ် ဆန္ဒမဲပေးရတာဖြစ်ပေမယ့် ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက် အတွေ့အကြုံနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အတွက် စဉ်းစားဆုံးဖြတ်ပြီး ဆန္ဒမဲပေးခဲ့တာပါ"
"နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ပတ်သက်တာပေါ့။ ဘာပဲလုပ်လုပ် လမ်းမှာ အမှိုက်ပစ်တာကအစ နိုင်ငံရေးပဲ အမှိုက်ကို စည်းကမ်းမဲ့ မပစ်ရဘူး။ အမှိုက်ပုံးထဲပဲထည့်ရမယ်။ လမ်းဖြတ်ကူးရင်လည်း မျဉ်းကြားကကူးရမယ်။ လူတိုင်းမှာ ကိုယ်လုပ်ရမယ့် တာဝန်သိတတ်တာ အားလုံးကနိုင်ငံရေးပဲ" ဟုတ် ပြောကြားသည်။
"ဈေးရောင်းရဦးမှာမို့ မနက်စောစောကြီး မဲရုံဖွင့်ပြီဆိုတာနဲ့ မဲသွားပေးခဲ့တာ။ မိသားစု ၈ယောက်မှာ မဲပေးရမယ့်သူ ၅ယောက်ရှိတယ်။ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ် မအားကြဘူး။ ပေးရမယ့် တာဝန်ရှိတယ်လို့ ယူဆလို့ မနက် ၇နာရီ မထိုးခင်ကတည်းက မိသားစု၅ယောက်လုံး သွားပေးခဲ့တယ်။ ကျွန်မအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း မဲပေးခဲ့ပါတယ်။" ဟုအောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်မှ ကွမ်းယာရောင်းချသူတစ်ဦးက ပြောသည်။
တောင်ကြီးမြို့ရှိ သူနာပြုသွားဖွား သင်တန်းကျောင်းမှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး "ကျောင်းတစ်ကျောင်းလုံးစုပြီး မဲရုံဖွင့်ဖွင့်ခြင်း မဲလာပေးတာပါ။ နေ့လယ်ပိုင်းကျတော့ သင်တန်းချိန် နဲ့ဆေးရုံဂျူတီတွေရှိလို့ပါ။ လူအများကြီး စုပြုံကျလို့ နည်းနည်း စောင့်ရတာတစ်ခုပါပဲ။ ပေးရတာ အဆင်ပြေပါတယ်။ သူငယ်ချင်းတွေ စုပြီးလာတာဆိုတော့ မဲပေးရတဲ့ အခန်းမှာ တစ်ယောက်နဲ့တစ်ယောက် မတိုင်ပင်ရဘူးဆိုတာ မသိကြဘူးလေ။ မဲရုံထဲမှာ ခေါင်းချင်းဆိုင်နေကြလို့ မဲရုံတာဝန်ရှိသူတွေက သတိပေးတော့မှ သိရတာ"ဟု ပြောပြခဲ့သည်။
မြို့နယ်အချို့ရှိ မဲဆန္ဒနယ်စာရင်းများတွင် မိသားစုလိုက် မဲပေးခွင့်ကျန်ရှိခဲ့သည့် ဖြစ်ရပ်များရှိနေကြောင်း ဆန္ဒမဲမပေးလိုက်ရသည့် မိသားစု များထံမှသိရှိရသည်။ စမ်းချောင်းမြို့နယ် ဦးဖီးလမ်းတွင် နေထိုင်သူတစ်ဦးက "နိုဝင်ဘာလ ၇ ရက်နေ့က မဲပေးဖို့အတွက် မဲဆန္ဒရှင်စာရင်းမှာ နာမည်ပါမပါလိုက်ရှာတယ်။ ကျွန်တော့်အပြင် ကျွန်တော့်မိသားစုတစ်ခုလုံး မဲဆန္ဒရှင်စာရင်းမှာမပါလာဘူး။ အဲဒီကမဲရုံမှူးကို မေးကြည့်တော့ ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒပေးဖို့အတွက် စာရင်းလိုက်ကောက်တဲ့အခါမှာ မပေးမီဘဲ ကျန်ခဲ့တဲ့ မိသားစုတွေဖြစ်လို့လို့ ပြောတယ်။ ကျွန်တော့် ဦးဖီးလမ်းထဲက ကျွန်တော်တို့မိသားစုအပြင် အခြား ၄၊ ၅ မိသားစုလောက် (လူဦးရေ ၂၀ ကျော်) မဲစာရင်းထဲမပါဘူးလို့ ကြားသိရပါတယ်။ ဒီမိုကရေစီ အပြောင်းအလဲအတွက် အခွင့်အရေးတစ်ရပ်ဆုံးရှုံးခဲ့ရပါတယ်" လို့ ပြောကြားခဲ့သည်။
ထို့အပြင် တာမွေမြို့နယ် စိတ္တသုခလမ်း ပုသိမ်ညွှန့်ရပ်ကွက် တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း မဲမပေးခင် လိုက်ကောက်တဲ့ စာရင်းကိုလည်း ကျွန်မတို့မိသားစု ပေးလိုက်တယ်။ အဲဒါကြောင့် မဲပေးတဲ့အခါမှာ ကိုယ့်နာမည်ပါမယ်ထင်ပြီး ရွေးကောက်ပွဲမတိုင်မီ မဲစာရင်းကို သွားမကြည့်မိလိုက်ဘူး။ ရွေးကောက်ပွဲနေ့ကျတော့ မဲသွားထည့်တဲ့အခါမှာ နာမည်စာရင်း မပါတဲ့အတွက် မဲပေးလို့မရဘူးလို့ ပြောတယ်။ ကျွန်မ တို့အိမ်အပြင် စိတ္တသုခလမ်းမှာ မဲစာရင်းမှာမပါလို့ မဲမပေးလိုက်ရတဲ့ မိသားစု ၄၊ ၅ စုလောက်ရှိတယ်။ အရမ်းစိတ်ပျက်မိပါတယ်"ဟု ပြောကြားခဲ့သည်။
ထိုသို့မဲပေးခွင့် ဆုံးရှုံးလိုက်ရသည့် မဲဆန္ဒရှင်များသည် မိမိတို့ဆုံးရှုံးလိုက်ရသည့် မဲတစ်ပြားအပေါ် သံသယရှိနေပြီး အဆိုပါမဲများသည် ပယ်မဲများဖြစ်မသွားဘဲ တခြားနေရာသို့ ရောက်ရှိသွားမည်ကို စိုးရိမ်လျက်ရှိကြသည်။
(နေ့လည် ၁ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)မြစ်ကြီးနားမြို့ပေါ်ရှိ ဧရာမဲရုံတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ မဲရုံကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပုဂ္ဂိုလ်တစ်ဦးက ဓာတ်ပုံရိုက်ယူသဖြင့် အဆိုပါ မဲရုံကိုယ်စားလှယ်က ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ ရပ်ကွက်ကော်မရှင်ကလည်း အဆိုပါတိုင်ကြားမှုအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက် တိုင်ကြားခဲ့သည်ဟု သိရပါသည်။အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက" မြစ်ကြီးနားမြို့ပေါ်မှာ မဲရုံပေါင်း ၁၀၀ကျော် ရှိပါတယ်။ အဲဒီအထဲက မှ မဲရုံ ၃၀မှာ ကျွန်တော်တို့ မဲရုံကိုယ်စားလှယ်တွေ စောင့်ကြည့်လျက် ရှိပါတယ်။ မဲပေးမှုတွေ ပြီးဆုံးသွားလို့ ဆန္ဒမဲလက်မှတ်တွေကို ရေတွက်တဲ့အခါမှာ သက်ဆိုင်ရာ မဲရုံမှူးတွေ၊ ရယကအဖွဲ့ဝင်တွေ၊ ပါတီတွေက မဲရုံကိုယ်စားလှယ်တွေနဲ့ အများပြည်သူရဲ့ရှေ့မှာ ရေတွက်ရပါမယ်။ ဒီလိုမဟုတ်ဘဲ ရလဒ်တွေကို အများပြည်သူ အရှေ့မှာ ရေတွက်ချင်းမရှိဘဲ ထုတ်ပြန်ခဲ့ရင်တော့ ကန့်ကွက်သွားမှာပါ"ဟု ပြောဆိုခဲ့သည်။မြစ်ကြီးနားမြို့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦးကမူ" ဆန္ဒမဲလက်မှတ်တွေကို မဲရုံမှူးတွေ၊ ရယကအဖွဲ့ ၀င်တွေနဲ့ ပါတီကိုယ်စားလှယ်တွေ အရှေ့မှာ ရေတွက်ရမယ်ဆိုတာ သိထားပြီးဖြစ်ပေမဲ့ အများပြည်သူပါ၊ မပါကတော့ မသိရသေးပါဘူး"ဟု ပြောကြားခဲ့သည်။
နိုဝင်ဘာလ (၇)ရက်နေ့ ယနေ့တွင် ပြုလုပ်လျက်ရှိသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံ၌ မဲရေတွက်ချိန်တွင် စောင့်ကြည့်ကြရန် ပြည်သူများကို လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပန်ကြားခဲ့ကြပါသည်။''ဒီမိုကရေစီတံခါးကို တွန်းဖွင့်မဲ့ ပြည်သူတွေ အနေနဲ့ မဲရုံပိတ်ချိန် မဲရေတွက်မှုမှာ စောင့်ကြည့်ဖို့ဆိုတာ ဒီနေ့အတွက် အဓိကကျတဲ့ တာဝန်ကြီးတစ်ရပ်လို့ ပြောချင်ပါတယ်။ ပုဇွန်တောင်မြို့နယ်မှာ မဲရုံ (၆၂)ရုံ ရှိပါတယ်။
ကျွန်တော်ကတော့ မဲရုံကိုယ် စားလှယ် တစ်ယောက်မှ မထားပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်က ကျောင်းဆရာ လုပ်ခဲ့ဖူးတော့ ကျွန်တော်နဲ့ သိကျွမ်းတဲ့ မိတ်ဆွေတွေ ပညာရေး ၀န်ထမ်းတွေ အကုန်လုံးက မဲရုံတွေမှာ တာဝန်ကျနေပါတယ်။ လာရောက် မဲပေးတဲ့သူတွေက ကျွန်တော် ထင်ထားတာထက် တော်တော်ကိုများပါတယ်။ No Vote တွေကြောင့် မဲရုံမှူးတွေ အိပ်ငိုက်နေမယ်လို့ ကျွန်တော် ထင်ထားတာပါ။ အခုတော့ ကျွန်တော်ကိုယ်တိုင် တန်းစီပြီး မဲထည့်ခဲ့ရပါတယ်''ဟု ပုဇွန်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရန်ကျော် က ပြောကြားခဲ့ပါသည်။
''ဒါပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ အသည်းကြားက မဲတစ်ပြားပါ။ မလေလွင့်ဖို့ အဆုံးရှုံး မခံဖို့ကို ပေးတဲ့ မဲက ကိုယ်ပေးတဲ့သူအတွက် မဟုတ်ဘဲ၊ တစ်ခြားတစ်ဘက်ကို ပြောင်းမသွားဖို့ မဲရုံတွေကိုသွားပြီး မဲရေတွက်တာ ပြည်သူတွေ စောင့်ကြည့်ပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူတွေအနေနဲ့ မဲပေးရုံနဲ့ တာဝန်ပြီးဆုံးပြီလို့ မယူဆစေချင်ပါဘူး။ တန်ဖိုးရှိတဲ့ မဲတွေ မဆုံးရှုံးဖို့ပါ။ မဲရုံတွေကို ပြည်သူတွေ လွတ်လွတ်လပ်လပ် သွားလို့ရပါတယ်။ ရေတွက်တာကို စောင့်ကြည့်ဖို့ (၁၀)ဦး လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ အဲဒီတာဝန်ကို ပြည်သူတွေ ထမ်းဆောင်ပေးကြပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်''ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောပြခဲ့သည်။
''ပြည်သူတွေ အနေနဲ့ ကိုယ်ပေးခဲ့တဲ့ မဲတန်ဖိုးကို သိရဖို့ မဲရုံတွေမှာ ရေတွက်ပြီးချိန်အထိ စောင့်ကြည့်စေချင်ပါတယ်။ ဒါမှ ရေတွက်ပြီးချိန်မှာ ကိုယ်ပေးခဲ့တဲ့မဲ ဘယ်လောက် အရာရောက်သလဲဆိုတာ သိရမှာပါ။ အခု ရန်ကင်း ၁၂ နဲ့ ၁၁ ရပ်ကွက်မှာ ပြည်သူတွေ အများအပြား မဲလာပေးတာ ပေးတဲ့သူ များလွန်းလို့ တန်းစီကြရပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် မဲပေးဖို့ မသွားသေးပါဘူး။ ပြည်သူတွေကို ဦးစားပေးချင်လို့ပါ။ ပြည်သူတွေ တော်တော်များများ မဲပေးပြီး နေ့ခင်းလောက်မှ မဲသွားပေးပါ မယ်။ ကျွန်တော်ပြောချင်တာက No Vote အစီအစဉ် မအောင်မြင်ဘူး ဆိုတာပါ''ဟု ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးသန့်က ပြောကြားခဲ့ပါသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဝိုင်းကြည် ကလည်း ''ကျွန်မ ၀င်ပြိုင်တာ မဲဆန္ဒနယ် သုံးနယ်မှာပါ။သုံးခုစလုံးမှာ မဲရုံကိုယ်စားလှယ် မထားပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မကို ယုံကြည်တဲ့ ပြည်သူတွေကို ကျွန်မကလည်း ယုံ ကြည်လို့ပါ။ ဒါကြောင့် ကျွန်မကို ယုံကြည်တဲ့ ပြည်သူတွေက မေတ္တာထားပြီး ကျွန်မကိုယ်စား မဲရုံတွေမှာ ဂရုတစိုက် ၀ိုင်းဝန်းကူညီ စောင့်ကြည်ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ ပြည်သူတွေက စောင့်ကြည့်ပေးဖို့ကိုလည်း ကျွန်မအနေနဲ့ အထူးပဲ မေတ္တာရပ်ခံအပ်ပါတယ်။ အခုဆိုရင် ကျွန်မမှာ ကိုယ်စားလှယ်မရှိလို့ မဲရုံတွေကို ကျွန်မကိုယ်တိုင်သွားပြီး မဲရုံမှူးတွေ အပါအ၀င် ရွေးကောက်ပွဲမှာ တာဝန်ရှိသူတွေကိုလည်း မေတ္တာရပ်ခံထားပါတယ်''ဟု ပြောကြားခဲ့သည်။
''မဲရုံတွေ ပိတ်ပြီးတဲ့ အခါမှာ မဲဆန္ဒရှင်တွေ အနေနဲ့ မဲရေတွက်မှုကို ကိုယ်တိုင် သွားကြည့်ခွင့် ရှိတယ်။ အဲဒါကို သွားကြည့်မှလည်း ကိုယ်ပေးထားတဲ့မဲ တန်ဖိုးရှိမရှိဆိုတာ သိနိုင်မယ်။ မကြောက်မရွံ့နဲ့ သွားရောက် ကြည့်ရှုဖို့ စောင့်ကြည့်ပေးဖို့ ပန်ကြား ချင်ပါတယ်။ အခု ကျွန်တော်သိထားသလောက် တာမွေမြို့နယ်မှာ မဲရုံပေါင်း ၁၉၉ ရုံ ရှိပါတယ်။ ကျွန်တော့်ဆီက သွားကြည့်နိုင်တာ ၁၅ ရုံပဲ ရှိတယ်။ ဒါကြောင့် ကျန်တဲ့ မဲရုံတွေကို ပြည်သူတွေ ကြည့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းတင်အောင်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသုဝေကလည်း ''ကျွန်တော်ကတော့ မဲရုံကိုယ်စားလှယ် အပြည့်အ၀ မထားနိုင်ပါဘူး။ ထားနိုင်တဲ့ နေရာမှာလည်း မဲရုံမှူးတွေက ပြောပါတယ်။ မဲရေတွက်မှုကို ကြည့်လို့ရပါတယ်။ ဒါပေမယ့်လို့ ရေတွက်လို့ ရတဲ့ အဖြေတွေကို တယ်လီဖုန်းနဲ့ ပြန်ပြီး သတင်းမပေးပို့ရဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ အနေနဲ့မဲရုံမှာ မဲရေတွက်မှုကို စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်''ဟု ပြောကြားခဲ့ပါသည်။
ဦးမျိုးမြင့်နောင် (တစညကိုယ်စား လှယ်လောင်း) ရှမ်းပြည်နယ် တောင်ကြီး"ကိုယ်ကိုယ်တိုင် ကိုယ်စားလှယ်လောင်း ဆိုပေမယ့် နိုင်ငံသား တစ်ယောက်အနေနဲ့ မဲလာပေးတာပါ။ ပါတီစုံဆိုတော့ တခြားလူတွေအတွက်လည်း အားပေးရဦးမယ်လေ"
စစ်တွေ၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ ကော်မရှင်အဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်တွေထဲမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မဲဆန္ဒရှင်ဦးရေနဲ့ မဲရုံအရေအတွက်ကို ဆွေးနွေးသွားတာပါ။ ၁၂ နာရီလောက်မှာ ဘိုးတန်းမဲရုံကို သွားကြတယ်။ ပြီးရင် ကျန်တဲ့မဲရုံတွေကို မဲရေတွက်မှုကို သွားပြီးလေ့လာမှာဖြစ်ပါတယ်။နေပြည်တော် ပုဗ္ဗသီရိ ၃ ရပ်ကွက်တွင် ကျေးရွာအုပ်စု ၁၅ ခု မဲရုံ ၄ ရုံ မဲပေးခွင့်ရှိသူဦးရေ ၅၆၅၃၈ ရှိကြောင်း ဥတ္တရသီရိ ၂ ရပ်ကွက်တွင် ကျေးရွာအုပ်စု ၈ ခု၊ မဲရုံ ၂၀ ရုံ၊ မဲပေးခွင့်ရှိသူဦးရေ ၄၁၆၄၄ ရှိကြောင်း ဇမ္ဗူသီရိ ၁၁ ရပ်ကွက်တွင် ကျေးရွာ ၃ ရွာ မဲရုံ ၃၇ ရုံ မဲပေးခွင့်ရှိသူဦး ရေ ၈၅၈၃၄ ရှိကြောင်း ဒက္ခိကာသီရိ ၂ ရပ်ကွက်တွင် ကျေးရွာ ၆ ရွာ မဲရုံ ၁၃ ရုံ မဲပေးခွင့်ရှိသူဦးရေ ၁၇၄၄၆ ရှိကြောင်း တပ်ကုန်း ၅ ရပ် ကွက်တွင် ကျေးရွာ ၅၀ မဲရုံ ၉၆ ရုံ မဲပေးခွင့်ရှိသူဦးရေ ၁၃၇၆၂၄ ရှိကြောင်းနှင့် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရာခိုင်နှုန်း ၆၀ ကျော်မဲပေးပြီးဖြစ်ကြောင်း သိရသည်။ နေပြည်တော် ပျဉ်းမနားရပ်ကွက်ကြီး ၅ ရပ်ကွက် ကျေးရွာအုပ်စုပေါင်း ၃၃ ခု မဲရုံ ၁၂၄ ရုံ မဲပေးခွင့်ရှိသူ ၁၁၇၀၉၄ ရှိရာ မွန်းတည့် ၁၂ နာရီမထိုးခင်၌ပင် အားလုံးနီးပါးမဲပေးပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် နေပြည်တော်တပ်ကုန်းမြို့နယ်၌ ရပ်ကွက်ကြီး ၅ ရပ် ကွက်ကျေးရွာအုပ်စု ၅၀ မဲရုံ ၉၆ ရုံ မဲပေးခွင့်ရှိသူ ၁၃၇၆၁၄ ဦးရေ၌ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်တွင် အားလုံးနီးပါးမဲပေးပြီးဖြစ်ကြောင်း သိရသည်။
ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက် ရုံ ၃ တွင် မဲပေးခွင့်ရှိသူ ၁၃၆၇ ယောက်၊ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်အထိ ၈၀၀ ခန့်မဲပေး ပြီးဖြစ်ကြောင်း၊ ကြိုတင်မဲ ၁၃၅ ယောက်ရှိကြောင်း၊ အောင်မင်္ဂလာ ရပ်ကွက်တစ်ခုလုံး၌ မဲရုံအားလုံးပေါင်း ၅ ရုံ၊ ကြိုတင်မဲ ၇၀၀ မဲပေးနိုင်တဲ့သူ စုစုပေါင်း ၅၀၀၀ကျော်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အပါအ၀င်ဒေသအချို့၌ ရွေးကောက်ပွဲနေ့တွင် မွန်းတည့်၁၂နာရီ အထိရရှိသောသတင်းများအရ မဲပေးခွင့်ရှိသူဦးရေ၏ ရာခိုင်နှုန်း၅၀ကျော် အချို့နေရာများတွင် ၆၀ ရာခိုင်နှုန်းကျော် မဲပေးပြီးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးရှိ တောင်ဥက္ကလာပမြို့နယ်တွင် မွန်းတည့်၁၂နာရီအထိ မဲပေးခွင့်ရှိသူဦးရေ၏ ၆၀ရာခိုင်နှုန်းခန့် မဲပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။
(နေ့လည် ၃ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)
တောင်ကြီးမြို့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ မဲရုံကိုယ်စားလှယ် မနန်း (အသက် ၄၆)က"မဲပေးတဲ့ နေရာ မှာ စနစ်တကျရှိပါတယ်။ ကျွန်မတို့ စောင့်ကြည့်ဖို့အတွက် အားလုံးမြင်နိုင်မယ့် နေရာကို စီစဉ်ပေးထားပါ တယ်။ မနက် ၅ နာရီ ၃၀ မိနစ် မဲရုံမဖွင့်ခင်ကတည်းက ရောက်နေတာပါ"ဟုပြောကြားခဲ့သည်။
လားရှိုးမြို့၊ မွန်းလွဲ ၃း၃၀ နာရီ"မဲရုံအမှတ်(၅)မှာလူနည်းသွားပြီ။ ယှဉ်ပြိုင်တဲ့ပါတီလေးပါတီလုံးစောင့် ကြည့်နေကြတယ်"ဟု လားရှိုးမြို့ ဒေသခံတစ်ဦးကပြောသည်။
မွန်းလွဲ ၃း၄၀ နာရီရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးစိုင်းစိန်ဝင်းက"လက်ရှိ အခြေအနေမှာတော့ ပါတီနဲ့ လူအများရှေ့မှာ မဲစစ်ဆေးခွင့်ရတယ်။ မဲရေရင်လည်း ရှိမှာပါ။ ကျွန်တော်တို့ အမြင်ကတော့ မျှတတယ်။ မှန်ကန်တယ်လို့ ယူဆတယ်"ဟု ပြောကြားခဲ့သည်။
မုံရွာမြို့၊မွန်းလွဲ ၄း၀၀ နာရီအောင်မင်္ဂလာရပ်ကွက် မဲရုံ အမှတ် (၁)မှာတော့ လက်ရှိမဲပေးမှု တွေနည်းလာပြီ။ တစ်မြို့နယ်လုံး မွန်းလွဲ ၃ နာရီအထိ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ စောင့်ကြည့်မှုနည်းတယ်။ ၄ နာရီနောက် ပိုင်းမှာတော့ မဲရေတွက်တာကိုသွား မယ်"ဟု ဒေါက်တာမြင့်ဝေ NDF ကိုယ်စားလှယ်လောင်း ကပြောသည်။
မောင်တောမြို့၊ မွန်းလွဲ ၄း၀၀ နာရီ"လက်ရှိဈေးဆိုင်များ ပိတ်ထားတယ်။ ဘင်္ဂလားဒေ့ရှ်ကို ပတ်စပို့နဲ့ သွားတဲ့ ခရီးသည် အ၀င်အထွက် မရှိဘူး။ ၄ နာရီနောက်ပိုင်းတော့ မဲ ရုံစောင့်ကြည့်တဲ့သူတွေ ရှိလာတယ်" မောင်တော ဒေသခံတစ်ဦးက ပြောသည်။
ရွှေဘိုမြို့၊မွန်းလွဲ ၄း၁၀ နာရီ"၄ နာရီခန့် မဲရုံပိတ်ခါနီးအချိန် အထိ မဲပေးသူတွေ အနည်းငယ်ရှိ တယ်။ အခု ၄ နာရီကျော်သွားပြီ ဆိုတော့ ရွှေဘိုတစ်မြို့လုံးမှာရှိတဲ့ မဲ ရုံတော်တော်များများ အ၀င်မခံတော့ ဘူး။ မဲရုံထဲမှာ ရှိနေတဲ့သူနဲ့ စောင့် ကြည့်နေတဲ့ ယှဉ်ပြိုင်ဘက်ပါတီနှစ်ခုက ကိုယ်စားလှယ်တွေပဲရှိတယ်" ဟု မဲရုံအမှတ်(၁-၂)အနီးရှိ ဒေသခံ တစ်ဦးကပြောသည်။
မဲရုံ၌ မဲရေတွက်ချိန်တွင် စောင့်ကြည့်ကြရန် ပြည်သူများကို လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပန်ကြား
စမ်ချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ မဲရုံ ၁ မဲရေတွက်မှုမှာ ပြည်သူလူထုသက်သေ ၁၀ ဦးကို စောင့်ကြည့်ခွင့် မပြုသဖြင့် အဆိုပါ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးစိုးဝင်း(NDF)က မဲရေတွက်မှုအား ကန့်ကွက်ထား၊ လောလောဆယ်တွင် အဆိုပါ မဲရုံ၌ မဲရေတွက်ခြင်းအား ရပ်ဆိုင်းထားကြောင်းသိရ။
(ညနေ ၄ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)
မြောက်ဥက္ကာပမြို့နယ် တစ်ခုလုံးတွင် မဲပေးသူရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်း ရှိကြောင်းနှင့် မကြာမီအချိန် တွင် မဲရေတွက်ခြင်း ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် မဲဆန္ဒနယ်မြေ အမှတ် (၁၀) ၌စာရင်းရှိလူဦးရေ ၂၅၀၀ ကျော်တွင် ၂၀၀၀ ကျော် မဲပေးပြီးဖြစ်၊ အမှတ် (၁) နယ်မြေ၌ စာရင်းရှိဦးရေ ၆၀၀၀ တွင် ၃၀၀၀ ကျော် မဲပေးပြီးဖြစ်၊ အမှတ် (၈) နယ်မြေတွင် စာရင်းရှိဦးရေ ၂၀၀၀ တွင် ၁၀၀၀ မဲပေးပြီးဖြစ်၊ အမှတ် (၁၁) နယ်မြေတွင် စာရင်းရှိဦးရေ ၁၀၀၀ ၌ ၆၀၀ ကျော် မဲပေးပြီးဖြစ်၊ အမှတ် (၉) နယ်မြေ မဲရုံ အမှတ် (၁) တွင် စာရင်းရှိဦးရေ ၁၅၀၀ ၌ ၁၀၀၀ ကျော် မဲပေးပြီးဖြစ်၊ အမှတ် (၄) နယ်မြေတွင် စာရင်းရှိဦးရေ ၁၇၀၀ ၌ ၁၀၀၀ ကျော် မဲပေးပြီး ဖြစ်၊ အမှတ် (၆) နယ်မြေတွင် စာရင်းရှိဦးရေ ၆၀၀၀ ၌ ၃၀၀၀ ကျော်မဲပေးပြီးဖြစ်ကြောင်း သိရသည်။ မြောင်းမြမြို့နယ်တွင် အမျိုး သားဒီမိုကရေစီအင်အားစုပါတီ (ခမောက်) အခြေအနေကောင်းနေပြီး၊
လပွတ္တာမြို့နယ်တွင် တစ်သီးပုဂ္ဂလများ အခြေအနေ ကောင်းနေသည်ဟု မဲပေးသူပြည်သူများထံမှ စုံစမ်းသိရှိရသည်။
လပွတ္တာမြို့နယ် သက်ကယ်သောင် ကျေးရွာအုပ်စုတွင် မဲများစတင်ရေတွက်နေပြီဖြစ်။
လပွတ္တာမြို့ပေါ်၌ ဆင်ခြေဖုံးရပ်ကွက်များ၌ မဲပေးမှု အားကောင်းသော်လည်း မြို့လယ် ရပ်ကွက်များအတွင်း မဲပေးသူနည်းခဲ့ကြောင်း သိရ။
လပွတ္တာမြို့နယ် သပြုကုန်းကျေးရွာတွင် မဲများစတင် ရေတွက်နေပြီဖြစ်။
လပွတ္တာ၊ မြောင်းမြ ၊၀ါးခယ်မ၊ အိမ်မဲ မြို့ပေါ်ရှိ မဲရုံများတွင် စတင်မဲရေတွက်နေပြီဖြစ်
(ညနေ ၄ :၃၀ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)
ပဲခူးမြို့၊ မွန်းလွဲ ၄း၃၀ နာရီဥဿာမြို့သစ် အမှတ် ၄ ရပ် ကွက် မဲရုံအမှတ်(၁) တွင် မဲရေတွက် မှု စတင်နေပြီး ယှဉ်ပြိုင်ဘက် ပါတီ တစည နဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် လောင်းတွေစောင့်ကြည့်နေကြတယ်။ "မဲဆန္ဒရှင်ဦးရေ ၁၇၇၃ ဦးရှိပြီး မဲပေးသူဦးရေ ကတော့ ကြိုတင်မဲ ၁၅ မဲ အပါအ၀င် ၁၄၅၄ ဦးရှိတယ် လို့သိရတယ်။ မဲပေးသူ ၇၁ ရာခိုင်နှုန်းလောက်ရှိတာပေါ့"ဟု ဒေသခံလေ့လာသူ တစ်ဦးကပြောသည်။
မုံရွာမြို့၊ မွန်းလွဲ ၄း၃၀မုံရွာတောင်ရပ်ကွက် မဲရုံအမှတ် (၂) မှာ အခု မဲရေတွက်နေပါပြီ။ အခု ထိ(၄း၃၀ နာရီ)တော့ မပြီးသေးပါဘူး။ မဲပေးနိုင်သူဦးရေ ၁၅၀၀ ကျော်ရှိပြီး မဲပေးသူကတော့ ကြိုတင် မဲ ၆၇ ဦးအပါအ၀င် ၁၀၆၈ ဦးရှိပါတယ်။ အခုမဲရုံမှာ ယှဉ်ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ NDF ၊ ဒီငြိမ်း၊ ပြည်ခိုင်ဖြိုး၊ တစည၊ ပမနခ ပါတီတို့မှ စောင့်ကြည့်နေကြပါတယ်။
မော်လမြိုင်၊ ညနေ ၄း၃၅မော်လမြိုင်မြို့ ဈေးချိုရပ် တောင်ကုန်းမူလတန်းလွန်ကျောင်း မှာရှိတနဲ့ မဲရုံအမှတ် (၃) မှာ မဲရေတွက်တာ စတင်နေပါပြီ။ သံတမန် တွေရှေ့မှာ ရေတွက်နေတာပါ။ ယှဉ်ပြိုင်ဘက် ကိုယ်စားလှယ် တွေဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ပါတီ၊ ပြည်ခိုင်ဖြိုး၊ တစညပါတီ တို့မှ တစ်ပါတီလျှင် သုံးဦးစီဖြင့် စောင့်ကြည့်နေကြတယ်"ဟု ဒေသခံ တစ်ဦးကပြောသည်။
မောင်တောမြို့၊ ညနေ ၄း၅၀ နာရီအမှတ်(၄)ရပ်ကွက် မဲရုံအမှတ် (၁)တွင် မဲစတင်ရေတွက်နေပြီဖြစ်သည်။ ယင်းရုံအတွက် မဲပေးနိုင်သူ ၁၂၀၀ ဦးရှိပြီးလက်ရှိမဲပေးသူဦးရေ ၈၆၈ ဦးရှိတယ်။ ကြိုတင်မဲက ၁၀၀ ကျော်ရှိတယ်။ ပြည်ခိုင်ဖြိုးပါတီက တော့ တစ်မြို့လုံးကမဲရုံတွေကို ကားတွေနဲ့ လိုက်ကြည့်နေကြ တယ်။ တစညနဲ့ ပြည်ခိုင်ဖြိုးက ယှဉ်ပြိုင်ဘက် ပါတီကိုယ်စားလှယ် လောင်းတွေလည်း မဲရေတွက်မှုကို စောင့်ကြည့်နေကြတယ်။ လက်ရှိအနေအထားအရ ပယ်မဲတွေသာ များနေတယ်လို့ သိရတယ်။
တောင်ကြီးမြို့၊ညနေ ၄း၅၀ နာရီတောင်ကြီးမြို့ သစ်တောရပ် မဲရုံအမှတ်(၂)မှာ ညနေ ၄း၅၀ မှ ကြိုတင်မဲ စတင်ရေတွက်နေပြီး မဲပေးပိုင်ခွင့် ရှိသူ ၄၅၀၆ ဦးရှိတယ်။ မဲကိုတော့ အခုချိန်ထိ ရေတွက်နေတုန်းပဲ။ ကြိုတင်မဲ ၂၂၉ ဦးရှိတယ်။ ပါတီ သံရုံးကိုယ် စားလှယ်လောင်းတွေနဲ့ ပါတီ ကိုယ်စားလှယ်လောင်းတွေ ဖြစ်တဲ့ ရှမ်းဒီမိုကရက်တစ်ပါတီ၊ တစညနဲ့ ပြည်ခိုင်ဖြိုးပါတီ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ စောင့်ကြည့်နေတယ်လို့ သိရတယ်။
ဘားအံမြို့၊ ညနေ ၅း၁၀ နာရီအမှတ်(၁)ရပ်ကွက် မဲရုံအမှတ် (၁) တွင် မဲပေးနိုင်သူဦးရေ ၁၃၃၂ ရှိပြီး မဲပေးသူကတော့ ၁၁၃၅ ရှိ တယ်။ ဖလုံစဝေါ်၊ ပြည်ခိုင်ဖြိုး၊ တစည ပါတီတွေက ကိုယ်စားလှယ်လောင်းတွေ စောင့်ကြည့်နေကြတယ်။မဲရေတွက်မှုကတော့ မပြီးသေးဘူး။ ကြိုတင်မဲပုံးတော့ မဖွင့်ရသေးဘူး။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် နန်းဦးလွင်ကျေးရွာမဲရုံ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် နန်းဦးလွင်ကျေးရွာမဲရုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မဲပုံးကို ဖွင့်လှစ်ရေတွက်ရာ ဦးကျော်စိုးထိုက်(အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ)က မဲ(၁၇၀)၊ ဦးခင်မောင်လေး(၈၈မျိုးဆက်ကျောင်းသားလူငယ်များ)က (၁၉)မဲ၊ ဦးထွန်းကြည်(တ.စ.ည)က (၁၄၁)မဲ၊ ဒေါ်နန်းရွှေကြာ (၂၅၆)မဲရရှိကြောင်း သိရသည်။ ပယ်မဲမှာ ၃၄ မဲရှိသည်ကို တွေ့ရသည်။ကြိုတင်မဲ ၁၉ မဲရှိရာ၊ ဦးအောင်သန်း(ပြည်ခိုင်ဖြိုး)က (၁၇)မဲ၊ ဦးထွန်းကြည်(တ.စ.ည)က ၁ မဲ၊ ဒေါ်နန်းရွှေကြာ (၀ံသာနုNLD)က ၁ မဲ ရရှိထားပြီး မဲပေးနိုင်သူ (၁၁၅၀)ဦးအနက် (၁၁၂၀)ဦး မဲပေးခဲ့သည်ဟု သိရသည်။ပုသိမ်ကြီးမြို့နယ် နန်းဦးလွင် ကျေးရွာတွင် ဒေါ်နန်းရွှေကြာ ဦးဆောင်သော ၀ံသာနု NLD က ပါတီဌာနချုပ် ဖွင့်လှစ်ထားကြောင်းလည်း သိရှိရသည်။
စမ်ချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ မဲရုံ ၁ မဲရေတွက်မှုမှာ ပြည်သူလူထုသက်သေ ၁၀ ဦးကို စောင့်ကြည့်ခွင့် မပြုသဖြင့် အဆိုပါ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးစိုးဝင်း(NDF)က မဲရေတွက်မှုအား ကန့်ကွက်ထား၊ လောလောဆယ်တွင် အဆိုပါ မဲရုံ၌ မဲရေတွက်ခြင်းအား ရပ်ဆိုင်းထားကြောင်းသိရ။
"သိရတဲ့နေရာတွေမှာတော့ ၉၀ ရာခိုင်နှုန်းလောက် ရပါတယ်၊ ချင်းအမျိုးသားပါတီက ဝင်ပြိုင်တဲ့မြို့နယ်တွေမှာ အခြေအနေကောင်းနေပါတယ်"ဟု ချင်းအမျိုးသားပါတီမှ ပါမောက္ခဒေါက်တာ ကန်ကျင်ဒါးလ်က ညနေ ၄နာရီ၂၀မိနစ်တွင် ပြောကြား
စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်းလမ်းရှိ မဲရုံအမှတ် (၃)(၄)တွင်လည်း လိုအပ်သော သက်သေ ၁၀ ယောက်ကိစ္စ ကန့်ကွက်မှုများကြောင့် မဲရေတွက်ခြင်းအား ရပ်ဆိုင်းထားကြောင်း သိရသည်။
အခြေအနေက ကောင်းပါတယ်။ ဒါပေမယ့်လို့ တချို့မဲဆန္ဒရှင်တွေဟာ ၄ နာရီ မထိုးခင်ကတည်းက မဲမပေးရဘဲ မဲရုံပိတ်တယ်ဆိုပြီး ပြန်လာရပါတယ်။ နောက်ပြီး မိသားစုလိုက်၊ မိသားစုလိုက် မဲဆန္ဒပေးပိုင်ခွင့်စာရင်းမှာ မပါတာတွေရှိပါတယ်"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ပြန်ကြားရေးတာဝန်ခံဦးသိန်းထွန်းအေးက ညနေ ၄ နာရီ ၃၅ မိနစ်တွင် ပြောကြားခဲ့သည်။
"လက်ရှိအခြေအနေအရတော့ ဒီမိုကရက်တစ်(မြန်မာ)က အခြေအနေကောင်းပါတယ်။ အခု ၉၄ လမ်း မဲရုံနံပါတ် ၈ မှာ မဲရေတွက်တာကို စောင့်ကြည့်နေပါတယ်။ မိနစ် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာရင် တိကျတဲ့အဖြေထွက်လာမှာပါ"ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ပြန်ကြားရေးမှူး ဦးလှမြင့်က ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ပြောကြားခဲ့သည်။
စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နေရီဗဆွေ(ဒီမိုကရက်တစ်ပါတီမြန်မာ)က "ကျွန်မမိတ်ဆွေတစ်ယောက် မဲရေတွက်တဲ့အချိန် နောက်ဆုံးလူ ၁၀ ယောက်ထဲမှာ စာရင်းပါတယ်။ သူက မဲရေတဲ့အခါမှာ သက်သေ ၁၀ ယောက်အဖြစ် ပါဝင်ချင်လို့ မဲရုံမှူးကို မေတ္တာရပ်ခံတဲ့အခါမှာ မဲရုံမှူးက လက်မခံပါဘူး။ ကျွန်မမိတ်ဆွေအပြင် အခြားနောက်ဆုံး ၁၀ယောက်ကိုလည်း မဲရုံအပြင်ဘက်ကိုထွက်ခိုင်းတယ်။ မဲရုံတံခါးပိတ်ထားတယ်လို့သိရတယ်။ အဲဒီမဲရုံက စမ်းချောင်းမြို့နယ်ရှမ်းကုန်းလမ်းအတွင်းက အ.မ.က(၁၉)စမ်းချောင်းကျောင်းဝင်း အတွင်းမှာရှိတဲ့ မဲရုံဖြစ်တယ်လို့သိရပါတယ်"ဟု ပြောကြားခဲ့သည်။
"ဒီနေ့မှ လာပေးတဲ့ မဲတွေမှာတော့ ကျွန်တော်တို့ အများကြီးရပါတယ်။ ဒါပေမယ့်လို့ ပြီးခဲ့တဲ့ ၂ ရက်က လုပ်သွားတဲ့ ကြိုတင်မဲတွေက ကြံ့ခိုင်ရေးထဲ ပါသွားပါတယ်။ အခုချိန်ထိတော့ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတ်သက်လို့ အားလုံးကို ခြုံငုံပြီးတော့ ပြောလို့မရနိုင်သေးပါဘူး။" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြန်ကြားရေးအရာရှိတစ်ဦးက ညနေ ၄ နာရီ ၅၁ မိနစ်တွင် ပြောကြားခဲ့သည်။
"ရပ်ကွက်မှာဆိုရင်တော့ ကျွန်တော်တို့ပါတီက အောင်နိုင်ဖို့ များပါတယ်။ ဒါပေမယ့် မင်္ဂလာဒုံမြို့နယ် ကော်မရှင်ရုံးမှာ ကြိုတင်ဆန္ဒမဲပုံးကို ဖွင့်လိုက်တဲ့အခါ ခြင်္သေ့တွေချည်းပဲဖြစ်နေတဲ့အတွက်ကြောင့် ဒါကိုအတည်ပြုတယ်ဆိုတာ ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်တွေက လက်မှတ်မထိုးသေးပါဘူး။ အခုကျွန်တော်တို့လိုက်သွားနေပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကန့်ကွက်ထားပါတယ်။ ကျွန်တော်တို့လိုပဲ ဒီမဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေအများစုက ကန့်ကွက်ထားပါတယ်။ အဲဒီပါတီတွေထဲမှာ ကရင်ပြည်သူ့ပါတီနဲ့ တ.စ.ညပါတီလည်း ပါပါတယ်"ဟု မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးတင်မောင်အေးက ပြောကြားခဲ့သည်။ ( ၄ နာရီ ၅၅ မိနစ်)တွင် ပြောကြားသည်။
ရွေးကောက်ပွဲ မဲရလဒ်များ


eleven news