ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော ရနောင်းမြို့တွင်
ယာယီဖွင့်လှစ်ထားရှိထားသည့် ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တွင် လာရောက်လျှောက်ထားသည့် မြန်မာရွှေ့ပြောင်း လုပ်သားဦးရေမှာ ၁၃၄၈၁၀ ဦးထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံတွင်းတွင် ဖွင့်လှစ်ထားသော နယ်စပ်ရုံးများဖြစ်သည့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းမြို့တို့တွင် လာရောက်လျှောက်ထားကြသည့် ရွှေ့ပြောင်းလုပ်သားဦးရေ စုစုပေါင်း အရေအတွက်နီးပါးသို့ ရောက်ရှိလာ ခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် မြန်မာရွှေ့ ပြောင်းလုပ်သားများအား မြန်မာ- ထိုင်းနယ်စပ် တစ်လျှောက်တွင် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးလေးရုံး ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ယာယီ မြန်မာနိုင်ငံကူးလက်မှတ်လာရောက် လျှောက်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ စုစုပေါင်း ၂၈၅၁၇၆ ဦး ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယင်းတွင် မြန်မာ နယ်စပ်မြို့ များဖြစ်သည့် တာချီလိတ်မြို့တွင် လာရောက်လျှောက်ထားသူ ဦးရေ ၅၄၂၂၅ ဦး၊ မြ၀တီမြို့တွင် ၆၄၁၁၂ ဦး၊ ကော့သောင်းမြို့တွင် ၃၂၀၂၉ ဦး စုစုပေါင်း ၁၅၀၃၆၆ ဦး ရှိလာခဲ့ ပြီး ထိုင်းနိုင်ငံဘက်ခြမ်း ရနောင်းမြို့တွင် သွားရောက် ဖွင့်လှစ်ထားသော ရုံး၌ လာရောက်လျှောက်ထားသည့် ရွှေ့ပြောင်းလုပ်သားဦးရေမှာ စတင်ဆောင်ရွက်ပေးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာ လ ၁၂ ရက်နေ့အထိ စာရင်းများအရ ၁၃၄၈၁၀ ဦး ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်ခြမ်း ရနောင်းမြို့တွင် ဖွင့်လှစ်ပေးထားသော ယာယီမြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးတွင် ငါးလအတွင်း လာရောက် လျှောက်ထားသူ ဦးရေမှာ ၁၃၄၈၁၀ ဦးထိ ရှိခဲ့ပြီး ယင်းသို့ သိသိသာသာ တိုးတက်များပြားလာခြင်းမှာ ယာယီမြန်မာနိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာ ထိုင်းနိုင်ငံတွင်းမှ လာရောက်လျှောက်ထားရခြင်း ဖြစ်သောကြောင့် သွားလာရေးလွယ်ကူ အဆင်ပြေသည့်အပြင် အခြားသော ကုန်ကျစရိတ်များလည်း နည်းပါးသက်သာမှုကြောင့် ရနောင်းမြို့ရုံးတွင် လျှောက်ထားသူ ဦးရေ ပိုမိုများပြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကာလတွင် မြန်မာ- ထိုင်းနယ်စပ် တစ်လျှောက် ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး လေးရုံးအနက် မြ၀တီရုံးကို ခေတ္တပိတ်ထား ပြီး ကျန်ရုံးများကို ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:
Post a Comment