Wednesday, February 18, 2009
သံတွဲထောင်မှ ၈၈ကျောင်းသားများကို ပြစ်ဒဏ်လျှော့မပေး
ခေတ်ပြိုင်-မင်းနိုင်သူ၊ ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၀၉ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနားရောက်ရှိနေခိုက် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြစ်ဒဏ်လျော့ပေါ့ပေးခြင်း၊ ပြစ်ဒဏ်တပေါင်းတည်း ကျခံစေခြင်းတို့ လုပ်ပေးနေသော်လည်း ရခိုင်ပြည်နယ် သံတွဲထောင်ရှိ နိုင်ငံရေးအကျဉ်းသား များမပါဝင်သေးကြောင်း ယမန်နေ့က ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သူ ၈၈မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိန်း၏ အစ်မ မမျိုးပပသိန်းက ခေတ်ပြိုင်သို့ ပြောသည်။“ကျမတို့ ဘာမှမကြားသေးပါဘူး။ ဒီသံတွဲထောင်မှာတော့ ပြစ်ဒဏ်လျော့ခံရတဲ့ အကျဉ်းသား မရှိသေးပါဘူး။ ကျမတို့မနေ့က ထောင်ဝင်စာတွေ့ခဲ့ပါတယ်။ထုံးစံအတိုင်း (၁၅) မိနစ်လောက် တွေ့ခွင့်ရခဲ့ပါတယ်”ဟု မမျိုးပပသိန်းက ပြောသည်။ကိုမျိုးရန်နောင်သိန်း၊ စမ်းချောင်းကိုကိုကြီး၊ ကိုဇော်မင်းတို့အပါအ၀င် ၈၈မျိုးဆက်ကျောင်းသား (၁၃) ဦးကို အာဏာပိုင်များက ယခုလ (၆) ရက်တွင် အင်းစိန်ထောင်မှ သံတွဲထောင်သို့ ပြောင်းရွေ့ခဲ့ပြီးနောက် မိသားစုများအနေဖြင့် ထောင်ပြောင်းပြီးပထမအကြိမ်အဖြစ် ထောင်ဝင်စာတွေ့ခဲ့ကြခြင်းဖြစ်သည်။“တွေ့တဲ့အချိန်မှာ ထောက်လှမ်းရေးတွေကလည်းစောင့်ပြီး ဘာတွေပြောတယ်ဆိုတာ လိုက်မှတ်နေတာပဲလေ။ ကျမတို့သုံးယောက် တွေ့တာပေါ့နော်။ အဲဒါထောက်လှမ်းရေးက (၁၅) ယောက်လောက်က စောင့်ကြည့်နေတာပဲ။ သံစကာနှစ်ထပ်ခြားပြီး တွေ့ခဲ့ကြရတာပါ” ဟု မမျိုးပပသိန်းက ပြောသည်။ကိုမျိုးရန်နောင်သိန်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၁၃) ရက်တွင် အင်းစိန်ထောင်တရားရုံးမှ ထောင် (၂) နှစ် ချမှတ်ခဲ့သည်။ အင်းစိန်ထောင်အတွင်း လမ်းမလျှောက်နိုင်ခဲ့သော ကိုမျိုးရန်နောင်သိန်းသည် ယခုဝါးလုံးထောက်ကာ လျှောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။“အထဲရောက်တော့လည်း အဆင်ပြေအောင်တော့နေကြရတာပေါ့။ အဆင်မပြေလည်း ပြေတယ်ပေါ့။ ကိုယ့်ဟာနဲ့ကို စိတ်ချမ်းသာအောင်နေကြတဲ့လူချည်းပါပဲ။ ထိုင်ပြီးစိတ်ညစ်နေ လို့မှမရတာလေ။ သူတို့အဆင်ပြေအောင်နေတယ်လို့ပြောပါတယ်။ ကိုမျိုးကတော့ လမ်းစမ်းလျှောက်နေတယ်။ ဟိုတုန်းကတော့ ၀ါးလုံးတန်းကိုင်ပြီးတော့ကို မတ်နိုင်တဲ့ အနေအထားမှာမရှိဘူးလေ။ အခုတော့ ၀ါးလုံးထောက်ပြီးတော့ စမ်းလျှောက်နေပါပြီ။ ဒါကလည်း သူ့ဘာသူကြိုးစားတာပါ။ စမ်းချောင်းကိုကိုကြီးတို့လည်း နေကောင်းကြပါတယ်။ ထောင်ဝင်စာက တရက်တည်းတွေ့ခဲ့ကြတာလေ။ သူတို့ကိုလည်းတွေ့ခဲ့ရပါတယ်” ဟု မမျိုးပပသိန်းက ကျန်းမာရေးအခြေအနေကို ပြောပြသည်။ထောင်ဝင်စာတွေ့ခွင့် တလတခါအဖြစ် ပြောင်းလဲကန့်သတ်လိုက်စဉ်က ကိုဇော်မင်းသည် အစာငတ်ခံဆန္ဒပြခဲ့သော်လည်း ယခုအခါပုံမှန် ပြန်လည်နေထိုင်ပြီ ဖြစ်ကြောင်းသိရသည်။“ထောင်ဝင်စာတွေ့ခွင့်တွေစပြောင်းတုန်းက သူတို့အထဲက လူတွေကမသိလိုက်ဘူး။ မသိလိုက်တော့ ကိုဇော်မင်းကလည်း သူတဦးထဲလို့ ထင်မှာပေါ့။ အဲဒါကြောင့် အဲလိုဖြစ်သွား တယ်ထင်တာပဲ။ ကျမလည်း ကျမမောင်ကိုပြောခဲ့ရတယ်။ အကုန်လုံး တတိုင်းပြည်လုံးကို အဲလိုပြောင်းလိုက်တာလို့။ သူတို့လည်းအခုတော့ သိသွားကြပါပြီ” ဟု မမျိုးပပသိန်းက ပြောသည်။
Thursday, February 19, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment