ကော့တောင်ကျွန်း၌ မိုးသည်းထန်စွာရွာသွန်းပြီးလမ်းများပျိုပျက်

ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုး)တရားပွဲ(ကော့တောင်ကျွန်းအမှတ်တရ)

Friday, March 18, 2011

ငါးထောင်တန် အတုဖြင့် ဈေးဝယ်သူ ဖမ်းစီးခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမြင့်ကို လာဒ်ပေး လာဒ်ယူမူကြောင့် အလုပ်မှ ထုတ်ပယ်လိုက်သလို ရဲမြို့နယ်မှူး ဦးထွန်းစံယုံကိုလည်း အာဏာ အလွဲသုံးစားမူကြောင့် အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သတင်း ရရှိသည်။
ရသေ့တောင် ဒေသခံ တစ်ဦးက “ သူတို့ နှစ်ဦးစလုံးကို လွန်ခဲ့တဲ့ အပတ်ကဘဲ Force to retire လုပ်လိုက်ပါတယ်။ အတင်း အလုပ်မှ အနားယူခိုင်းလိုက်တာ ဖြစ်ပါတယ်။ မယက ဥက္ကဌ ဦးအောင်မျိုးမြင့်ကိုတော့ လာဒ်ပေး လာဒ်ယူမူနဲ့ အလုပ်မှ ဖြုတ်လိုက်သလို ရဲမြို့နယ်မှူး ဦးထွန်းစံယုံကိုတော့ အာဏာ အလွဲသုံးစားမူနဲ့ အလုပ်က ဖြုတ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။အဆိုပါ မြို့နယ် လူကြီးနှစ်ဦး အလုပ်မှ တပြိုင်တည်း အဖြုတ်ခံရခြင်း ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာမှ စုံစမ်းရာ အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးက ယခုကဲ့သို့ ပြောသည်။“ မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမင်းက ရသေ့တောင်မြို့ ဦးမောင်သာထွန်းပိုင်တဲ့ လိုင်စင်ရ အပေါင်ဆိုင်က သူ့ကိုက်ကျိုး အတွက် မြို့နယ် ရံပုံငွေကို ပြပြီး ငွေ ၂၅၀၀၀ ကောက်ခံတယ်လို့ ပြောပါတယ်။ အဲဒီငွေတွေထဲမှာ ငါးထောင်ကျပ်တန်တွေက အတု ဖြစ်နေပေမယ့် မယက ဥက္ကဌက ငွေအတုမှန်း မသိဘဲ ဈေးသွားဝယ်တော့ ဈေးရောင်းတဲ့သူတွေက မယက ဥက္ကဌကို ငါးထောင်ကျပ်တန် အတုတွေနဲ့ ဈေးဝယ်ဆိုပြီး စွပ်စွဲ ပြဿနာ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ ခုလို အလုပ်က ထုတ်ပယ် ခံလိုက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။၎င်းပြင်သူက “ အဲသလို ပြဿနာတွေ ဖြစ်ပွားနေချိန်မှာ နောက်ထပ် ငွေစက္ကူ ၅၀၀၀ ကျပ်တန် အတုတွေကို ကူတောင် ကျေးရွာဘက်က လူတချို့ဆီက ဖမ်းမိတယ်။ အဲဒီနောက်ပိုင်း အပေါင်ဆိုင် ပိုင်ရှင် ဦးမောင်သာထွန်းကို ဖမ်းဆီး စစ်ဆေးတော့ မယက ဥက္ကဌ လာဒ်ယူတဲ့ ကိစ္စတွေ ပေါ်သွားတယ်။ ဒါပေမယ့် မယက ဥက္ကဌကို အလုပ်က မဖြုတ်သေးဘဲ ရှိနေတဲ့ အချိန်မှာ နောက်ထပ် ရဲမြို့နယ်မှူးနဲ့ ပြဿနာ ဖြစ်ပွားတော့ တခါတည်း သူကို အလုပ်က ဖြုတ်ပီး အနားပေးလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။ဦးအောင်မျိုးမင်းမှာ အဆိုပါ အမူ အပြင် မြို့နယ် အတွင်း ဆန်မှောင်ခိုစက်လှေများမှ ငွေကြေးကောက်ခံမူ၊ ၀ါးဖေါင်များမှ ပိုက်ဆံ ကောက်ခံမူ အပါအ၀င် တခြား လာဒ်ပေး လာဒ်ယူမူကြောင့် အကြိမ်ကြိမ် တိုင်ကြားခံထားရသူ ဖြစ်ကြောင်းလည်း သိရသည်။လွန်ခဲ့သော အပတ်က ရဲမြို့နယ်မှူး ဦးထွန်းစံယုံနှင့် ပြဿနာ ဖြစ်ပွားပြီး တယောက်နှင့် တယောက် အပြန်အလှန် စွပ်စွဲကြပြီးနောက် ချက်ချင်းဆိုသလို အထက်မှ သူတို့ နှစ်ဦးစလုံးကို အလုပ်မှ အနားယူ ခိုင်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ၀န်ထမ်းမှ ယခုကဲ့သို့ ပြောသည်။“ ရဲမြို့နယ်မှူး ဦးထွန်းစံယုံက သုံးပွင့် ဗိုလ်ကြီးနဲ့ တပ်က တဆင့် ရဲမြို့နယ်မှူး ဖြစ်လာတဲ့သူ ဖြစ်ပါတယ်။ မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမြင့်က နှစ်ပွင့်နဲ့ တပ်က အနားယူပြီး ဥက္ကဌ ဖြစ်လာတဲ့သူ ဖြစ်ပါတယ်။ စီနီယာအရ ကွာနေတော့ မယက ဥက္ကဌကို ရဲမြို့နယ်မှူးက သိပ်တလေ တစား မရှိပါဘူး။ တစ်နေတော့ ဆယ်တန်း စာမေးပွဲ ကိစ္စနဲ့ မယက ကနေ ရဲမှူးကို အစည်းအဝေး ခေါ်တော့ စာထဲမှာ လူကြီးမင်းအား ခေါ်ယူစစ်ဆေးစရာရှိတယ်ဆိုပီး ပါသွားတယ်လို့ သိရပါတယ်။ အဲဒါကို မကျေနပ်တဲ့ ရဲမြို့နယ်မှူး ဦးထွန်းစံယုံက ငါက တရားခံ မဟုတ်ဘဲ ဘာကြောင့် ခေါ်ယူ စစ်ဆေးစရာတွေ ရှိတယ်လို့ ရေးရမလဲဆိုပြီး မြို့နယ် မယက ရုံးကိုသွားပြီး စာရေးတွေကို ကလော်တုတ် ရိုက်ပုတ်ဆဲဆိုမူတွေ လုပ်တယ်လို့ သိရပါတယ်။ ချက်ချင်းဘဲ မယက ဥက္ကဌကနေပြီး ၀န်ကြီးဌာန အဆင့်ထိ ထူးခြား ဖြစ်စဉ် ခေါင်းစဉ်တပ်ပြီး ချက်ချင်း သတင်းပို့လိုက်တော့ အထက်က ချက်ချင်း လာစစ်တယ်။ စစ်ဆေးတဲ့ အခါ သူအမှား ကိုယ့်အမှားတွေကိုတော့ စွပ်စွဲကြတော့ နှစ်ယောက်စလုံးကို အလုပ်က ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။မယက ဥက္ကဌမှာ လာဒ်ပေးလာဒ်ယူမူကြောင့် ပြည်သူများ အမုန်းပွားနေသဖြင့် အလုပ်မှ ဖြုတ်ပစ်သည့် အပေါ် မြို့ လူထုမှ ၀မ်းသာကြသော်လည်း ဦးထွန်းစံယုံမှာ လူကောင်း ဖြစ်သဖြင့် မြို့လူထုက စိတ်မကောင်း ဖြစ်နေကြကြောင်း သိရသည်။

ထိုင်း ၌ မြန်မာသံဃာ ၈ ပါး ထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ၀ပ်တလုံဘုန်းကြီးကျောင်းကို ယမန်နေ့ နံနက် ၄ နာရီခန့်က ထိုင်းအာဏာပိုင်များ ၀င်ရောက်ရှာဖွေရာ နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာသံဃာ ၈ ပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ထိုကျောင်းတိုက်နေ မြန်မာစာသင်သားသံဃာတပါးက“ထိုင်း လူဝင်မှုကြီးကြပ်ရေး အဖွဲ့ ၊ သံဃနာယက အဖွဲ့ ၊ ရဲ ၊ ထောက်လှမ်း ရေး ၊ ပြည်သူ့စစ် စတဲ့ အားလုံး အဖွဲ့ ၈ ဖွဲ့ ၊ လူအင်အား ၅၀ လောက်နဲ့ ကျောင်းတိုက်ကို ၀င်ရောက်စစ်ဆေးတယ်။ အဲဒီအချိန်မှာ နိုင်ငံကူးလက်မှတ်မရှိတဲ့ မြန်မာပြည်က သံဃာ ၈ ပါးကို တွေ့ပြီး လူဝင်မှုကြီးကြပ်ရေးရုံးကို ခေါ်ယူထိန်းသိမ်းထားလိုက်တယ်”ဟု မိန့်သည်။ဝပ်တလုံကျောင်းတိုက်တွင် ထိုင်းသံဃာများအပြင် သီရိလင်္ကာ ၊ ကမ္ဘောဒီးယား ၊ လာအို ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာနိုင်ငံတို့မှ သံဃာတော်များလည်း သီတင်းသုံးနေကြောင်း သိရသည်။“တချို့နိုင်ငံတွေက သံဃာတွေက နေ့လယ် ၁၁ နာရီလောက်အထိ ဆွမ်းခံနေတာတွေ ၊ အပြင်က စားသောက်ဆိုင်တွေမှာ ၀ယ်ယူစားသောက်နေတာတွေ ရှိတော့ ပတ်ဝန်းကျင်က အမြင်မကြည်လင်ပြီး တိုင်တဲ့အတွက် ၀င်ရောက်စစ်ဆေးခံရတာလို့ ကြားတယ်”ဟု မြန်မာစာသင်သားသံဃာက မိန့်သည်။
ဝပ်တလုံ ကျောင်းတိုက်သို့ ထိုင်း အာဏာပိုင်များ လာရောက်တွေ့ဆုံသည်ကို ထိုင်းမန်နေဂျာ အွန်လိုင်း၌ မတ် ၁၇ ရက်စွဲဖြင့် ဖော်ပြထားသည်။(ဓာတ်ပုံ - http://manager.co.th/Crime)ထိုကျောင်းတိုက်တွင် မြန်မာသံဃာ အပါး ၁၀၀ ကျော် သီတင်းသုံးလျက်ရှိပြီး အပါး ၈၀ ကျော်သည် ချူလာလောင်ကွန်း ၊ မဟာမကု ၊ IPC တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် စာသင်သား သံဃာများဖြစ်ကြောင်း သိရသည်။“အခု အဖမ်းခံလိုက်ရတဲ့ သံဃာ ၈ ပါးမှာ ၅ပါးက ထိုင်းသာသနာဝင်ကတ် ရှိတယ်။ တပါးက UN (ကုလသမဂ္ဂ ဒုက္ခသည် အသိ အမှတ်ပြု)ကတ်နဲ့ နောက်တပါးက တောင်ပေါ်သားကတ်(ထိုင်းအစိုးရ အသိအမှတ်ပြုကတ်) ရှိတယ်။ ဒါပေမယ့် အဲဒီကတ်တွေလည်း တရားမ၀င်ဘူးဆိုပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးသွားတာပဲ။ သံဃာ အတုအယောင်တွေတော့ မဟုတ်ကြပါဘူး ၊ နိုင်ငံကူး လက်မှတ်မရှိတာ တခုပါပဲ”ဟု မြန်မာစာသင်သား သံဃာက ဆိုသည်။ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်က နိုင်ငံတကာရဟန်းသံဃာများအတွက် Bachelor(တက္ကသိုလ် ပထမဘွဲ့)ဘွဲ့ သင် တန်း ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာစာသင်သားသံဃာများလည်း လာရောက်သင်ကြားနေကြခြင်းဖြစ်သည်။“နိုင်ငံတကာ သံဃာတွေအတွက် မဟာချူလာလောင်ကွန်း တက္ကသိုလ်သစ်ကို အယုဒ္ဓယမြို့မှာ ၂၀၀၈ ခုနှစ်မှ စဆောက်ပြီး ၂၀၀၉ ခုနှစ်မှ ပြီးစီးတာဆိုတော့ ၂၀၀၇ ခုနှစ်ကတည်းက ကျောင်းတက်ဖို့ ရောက်နေတဲ့ သံဃာတွေ သီတင်းသုံး နေထိုင်ရေး အဆင်မပြေတာကို ငဲ့ကွက်ပြီး ၀ပ်တလုံဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ လက်ခံထားတာပါ။ အခုတော့ သူ့ကိုပါထိခိုက်စေသလိုဖြစ် ရတဲ့အတွက် ဦးပဉ္ဇင်းတို့လည်း စိတ်မကောင်းဖြစ်ရတယ်”ဟု မြန်မာသံဃာက ဆက်လက်မိန့်ဆိုသည်။

After Sunami in Japan

Sunami in Japan

Thursday, March 10, 2011

ထက်ထက်မိုးဦးအမှု တရားမစွဲနိုင်သေး

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအတွက် ရန်ကင်းတရားရုံးတွင် တရားစွဲတင်ထားရာ အမှုစွဲတင်ချိန် တနှစ်ပြည့်လုသည်အထိ တရားလိုတင်ပြသော ပုဒ်မများဖြင့် တရားစွဲရန် သင့်မသင့်ကို တရားရုံးက ဆုံးဖြတ်ချက် မချမှတ်သေးကြောင်း သိရသည်။
ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး (ဓာတ်ပုံ - myanmarcelebrity.com)ထိုအမှုကို စောင့်ကြည့်နေသည့် ပြည်တွင်းသတင်းထောက်တဦးက “ပြီးခဲ့တဲ့ ၇ ရက်နေ့က တရားသူကြီးက စွဲချက်၊ လျှောက်လဲချက်တွေကို ကြည့်ရှုပြီး စွဲချက်ပါ ပုဒ်မတွေနဲ့ တရားစွဲတင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချဖို့ တရားလိုရော တရားခံရော နှစ်ဖက်စလုံးကို ခေါ်ထားတာပါ။ ဒါပေမယ့် ထက်ထက်မိုးဦးက တရားရုံးကို မလာဘူး၊ သူ့ရှေ့နေပဲ လာရောက်ပြီး နောက်ရုံးချိန်း ပြန်ခေါ်ပေးဖို့ လျှောက်လဲသွားတယ်” ဟု ပြောသည်။ဆီဒိုးနားဟိုတယ်တွင် ၂၀၁၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့က ပြုလုပ်သော ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့ အင်တာဗျူးတခု ပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေဦးမျိုးက “တရားရုံးက ဆင့်ခေါ်တာကို သုံးကြိမ်အထိ တရားရုံးကို မလာဘဲ နေနိုင်ပါတယ်။ သုံးကြိမ်နောက်ပိုင်းမှာတော့ မျက်ကွယ်မှာ တရားသူကြီးက ဆုံးဖြတ်ချက်ချနိုင်သလို၊ ၀ရမ်းလည်း ထုတ်နိုင်ပါတယ်။ တရားသူကြီး ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ဒီအမှု ဒီလောက်ကြီး ကြာနေတာကိုက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ပျက်ယွင်းနေတာကို ပြတာပဲ။ မင်းသမီးအမှုမို့ ကြာနေတာလည်း ဖြစ်နိုင်တယ်။ သာမန်နာကျင်စေမှုတွေမှာ ဒီလောက် ကြာလေ့မရှိပါဘူး” ဟု ပြောသည်။အဆိုပါ နာကျင်စေမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် ထက်ထက်မိုးဦးကို တရားစွဲခဲ့သည်။“လာမယ့် ၂၄ ရက်နေ့ဆို အမှုတင်ထားတာ တနှစ်ပြည့်ပြီ။ ရုံးချိန်းကလည်း အခါ ၂၀ လောက်ချိန်းပြီးပါပြီ။ အခုထိ တရားစွဲတင်သင့်မသင့် မဆုံးဖြတ်နိုင်သေးဘူး” ဟု ရန်ကုန်ရှိ သတင်းထောက်တဦးက ပြောသည်။ထက်ထက်မိုးဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးရုံတခု၌ ယခုနှစ် ဇန်နဝါရီလထဲတွင် သမီးတဦး မွေးဖွားခဲ့ပြီး လာမည့် ၁၅ ရက်နောက်ပိုင်းတွင် ရန်ကုန်သို့ ပြန်မည်ဖြစ်ကြောင်း ထက်ထက်မိုးဦးနှင့် နီးစပ်သူတဦးက ပြောသည်။ထက်ထက်မိုးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံး ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသောငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ဆိုသည်။ထက်ထက်မိုးဦးဘက်မှ ရှေ့နေဦးစိန်မြင့်က လိုက်ပါဆောင်ရွက်ပေးနေပြီး သတင်းထောက်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးသန်းထွန်းအောင်မှာ ကွယ်လွန်သွားသဖြင့် အမျိုးသမီးရှေ့နေတဦးက ဆက်လက် ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။ရန်ကင်းမြို့နယ် တရားသူကြီးက ယမန်နှစ် ဇူလိုင် ၁၃ ရက် တရားခွင်တွင် ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရယူထားသည်။မတ်လ ၇ ရက်နေ့က တရားရုံးသို့ ထက်ထက်မိုးဦး မလာရောက်ခဲ့သဖြင့် မတ်လ ၂၁ ရက်နေ့သို့ ပြောင်းလဲချိန်းဆိုလိုက်ကြောင်း သိရသည်။အဆိုပါအမှုကို တရားရုံးက အများပြည်သူ ကြားနာခွင့်မပြုဘဲ အမှုဖြစ်ပွားပုံကို ဖော်ပြခဲ့သော ဂျာနယ်တချို့ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့သည်။

မောင်တော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမူ သေနတ်ပစ်၍ လူစုခွဲ

မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် စစ်မြေပြင် အင်ဂျင်နီတပ်မှ လမ်းလုပ်နေသော ကားတစီး ဒေသခံ တစ်ဦးအား မတော်တဆ တိုက်မိသေဆုံး ပြီးနောက် ဒေသခံ လူထုအတွင်း ရုန်းရင်း ဆန်ခတ်ဖြစ်ပွားပြီး လမ်းလုပ်နေသူများကို တိုက်ခိုက်သဖြင့် နစက တပ်ဖွဲ့မှ သေနတ် ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရသည်ဟု သတင်း ရရှိသည်။
မောင်တောမြို့အ၀င် ဂိတ်“ ဖြစ်တာက ငခူရ ကျေးရွာမှာ တနင်္လာနေ့ နံနက်မှာ ဖြစ်ပွားတာပါ။ လမ်းလုပ်နေတဲ့ ဘီအီးကကား တိုက်တဲ့ အတွက် မွတ်ဆလင် တစ်ဦးသေသွားတယ်။ အဲဒါကို မကျေနပ်တဲ့ ဒေသခံ မွတ်ဆလင်တွေက ဘီအီးတပ်က လူတွေကိုရော၊ လမ်းလုပ်တဲ့ သူတွေကိုပါ တုတ်တွေ၊ ဂဲတွေနဲ့ တိုက်ခိုက်တယ်။ တိုက်ခိုက်တဲ့ လူအုပ်က အရမ်းများလာတော့ အနီးအနားစခန်းက နစကတွေက သေနတ်တွေ ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။ သေနတ် ခုနှစ်ချက်တောင် ပစ်ဖေါက်ခဲ့ရပါတယ်” ဟု ငခူရ ကျေးရွာ မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။ငခူရ ကျေးရွာမှာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိပြီး ယခုအခါ ဘီအီးခေါ် စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ အဆိုပါ ကျေးရွာ အနီးတွင် လမ်းဖေါက်နေကြောင်း သိရသည်။“ အခုတော့ အခြေအနေကို သက်ဆိုင်ရာက ထိန်းသိမ်းထားလိုက်ပါပြီ။ ဒါပေမယ့် ကိုယ့်အိမ်တွင်းမှာ ကိုယ်နေထိုင်ကြဖို့ ရွာသားတွေကို သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ တိုက်တဲ့ကားနဲ့ တိုက်တဲ့ ကားမောင်းတဲ့ လူကိုလည်း အခု ကြိမ်ချောင်းမှာ ထိန်းသိမ်းထားပြီး လမ်းလုပ်တဲ့ သူတွေကို တိုက်ခိုက်တဲ့ ရွာသားတွေကိုလည်း ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်” ဟု သူက ဆက်ပြောသည်။ အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် ငခူရ ကျေးရွာ အနီးတ၀ိုက်တွင် လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ပြီး ဘီအီး တပ်သားများကို တိုက်ခိုက်သူ မွတ်ဆလင်များအား တစ်ဦးပြီး တစ်ဦး လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။သေဆုံးသူ အလောင်းအား အနီးအနား ကြိမ်ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ယနေ့တွင် မိသားစုထံ လွဲပေးဖွယ်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

ပူပြင်းခြောက်သွေ့သော အချိန်ဖြစ်သဖြင့် မီးလောင်မှုများ မကြာခဏဖြစ်ပေါ်၊ မတ်လနှင့်ဧပြီလများသည် နှစ်စဉ်မီးလောင်မှု အဖြစ်များသောကာလများဖြစ်သဖြင့် မီးဘေးသတိပေး

နှစ်စဉ်မီးလောင်မှု အဖြစ်များသော ပူပြင်းခြောက်သွေ့သည့်အချိန် ကာလရောက်ရှိလာ၍ အများပြည်သူများအနေဖြင့် မီးဘေးသတိရှိရန် လိုအပ်လာကြောင်း မီးသတ်ဦးစီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက သတိပေးပြောကြား ခဲ့သည်။ မြန်မာနိုင်ငံတွင် မီးလောင်မှုအဖြစ် အများဆုံးအချိန်ကာလ အပိုင်းအခြားမှာ ပူပြင်းခြောက်သွေ့သော မတ်လ နှင့်ဧပြီလတို့ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် မတ်လနှင့် ဧပြီလအတွင်းက ရာသီဥတုပူပြင်းမှုများကြောင့် တစ် နိုင်ငံလုံးတွင် မီးလောင်မှုများအဖြစ် များခဲ့ကြောင်းသိရှိရသည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလ၏မီးလောင်မှုစာရင်း များအရ မတ်လနှင့်ဧပြီလတွင် မီး လောင်မှုအများဆုံးဖြစ်ပွားခဲ့ပြီး ၂၀၀၆ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး၌ မီး လောင်မှု (၁၅၉)ကြိမ်၊ ဧပြီလတွင် မီးလောင်မှု (၁၁၂)ကြိမ်တို့ ဖြစ်ပွား ခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လတွင် မီးလောင်မှု (၁၈၄)ကြိမ်နှင့် ဧပြီလတွင် (၁၁၂)ကြိမ်တို့ ဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။ ၂၀၀၈ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး၌ မီးလောင်မှု (၁၆၂) ကြိမ် ဖြစ်ပွားခဲ့ပြီး ဧပြီလတွင် (၈၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် မတ်လတွင် မီးလောင်မှု (၁၀၁)ကြိမ် နှင့်ဧပြီလတွင် မီးလောင်မှု (၉၁)ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် မတ်လတွင် တစ်နိုင်ငံလုံး၌မီးလောင်မှု (၁၅၉)ကြိမ်နှင့် ဧပြီလတွင်မီးလောင်မှု (၁၃၈)ကြိမ်တို့ အသီးသီးတို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
"နှစ်စဉ်မီးလောင်မှု အဖြစ်များတဲ့ မတ်လကိုရောက်ရှိလာပြီဖြစ်တဲ့အတွက် အများပြည်သူအနေနဲ့ မီးသတိရှိဖို့လို အပ်လာပါပြီ။ မီးလောင်မှုဖြစ်စဉ်တွေ ကို ကြည့်မယ်ဆိုရင် ပေါ့ဆမှုကြောင့် မီးလောင်မှုဟာအများဆုံးဖြစ်နေပြီး နောက်ဆက်တွဲဆုံးရှုံးမှုတန်ဖိုးတွေက လည်းမြင့်တက်နေပါတယ်။ ဒါကြောင့် အခုအချိန်မှာမီးနဲ့ပတ်သက်ပြီးပေါ့ဆမှု တွေမရှိအောင်၊ နေ့စဉ်ထုတ်သတင်းစာ တွေမှာဖော်ပြထားတဲ့ မီးသတိပြုဖို့ တိုက်တွန်းနှိုးဆော်မှုတွေ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေကတစ်ဆင့်ဖော်ပြတဲ့သတင်း တွေ၊ အကြံပြုချက်တွေကိုဖတ်ရှုလိုက်ဖို့ လည်း လိုပါတယ်။ ပြီးတော့ နှစ်စဉ် လစဉ်တွေမှာလည်း မီးလောင်မှုတွေ လျော့နည်းလာအောင်လို့ မီးသတ် ဦးစီးဌာနအနေနဲ့လည်း စစ်ဆေးမှုတွေ များများလုပ်၊ မီးလောင်မှုဖြစ်တဲ့နေရာ ကို မြန်မြန်ရောက်ပြီး မြန်မြန်ငြှိမ်း သတ်နိုင်ဖို့အတွက် လေ့ကျင့်မှုတွေ များများလုပ်ထားမှုတွေ ဆောင်ရွက်ထားဖို့ အရေးကြီးပါတယ်" ဟု မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြော ပြခဲ့သည်။
လက်ရှိအနေအထားအရ ပူပြင်းသည့် မတ်လအတွင်းရောက်ရှိလာ၍ တစ်နိုင်ငံလုံးတွင်မီးလောင်မှုများမကြာ ခဏဖြစ်ပွားနေသည်ဟု သိရသည်။
ယခု ၂၀၁၁ ခုနှစ်အတွင်း မီး လောင်မှု အခြေအနေစာရင်းများအရ ပေါ့ဆမှုကြောင့် မီးလောင်မှုမှာ အများ ဆုံးဖြစ်ပြီး မီးဖိုမီးမှာဒုတိယအများဆုံး ဖြစ်ကာ လျှပ်စစ်ကြောင့် မီးလောင်မှု မှာ တတိယအများဆုံးဖြစ်နေကြောင်း သိရှိရသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မီး လောင်မှု စုစုပေါင်း (၇၂)ကြိမ်ဖြစ်ပွား ခဲ့ပြီး ယင်းအထဲတွင်ပေါ့ဆမီးမှာ (၃၆) ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ၅ ဒသမ ၀၄ သန်းကျော်ဖိုးရှိခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ ထုတ်ပြန်သောစာရင်းများ အရသိရှိရသည်။ ၂၀၁၁ ခုနှစ် ဖေဖော် ၀ါရီလတွင်မူ တစ်နိုင်ငံလုံးတွင် မီး လောင်မှုစုစုပေါင်း (၁၀၇)ကြိမ်ဖြစ်ပွား ခဲ့ပြီး မီးလောင်မှုအများဆုံးဖြစ်ပွားခဲ့ သည့်နေရာမှာမန္တလေးတိုင်းဒေသကြီး၊ ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယအများဆုံးမှာ စစ် ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ကြောင်း သိရှိရသည်။
"ရန်ကုန်တိုင်းဒေသကြီးဟာ လူနေ ထူထပ်တဲ့အတွက် မီးလောင်မှုအဖြစ် များတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အဓိက ရန်ကုန်မှာက အထပ်မြင့် အဆောက်အအုံများတယ်။ အထပ်မြင့် အဆောက်အအုံတွေမီးလောင်မှုဖြစ်ပြီ ဆိုရင် အဲဒီအတွက်လိုအပ်တဲ့ မီးသတ် အထောက်အကူပြုယာဉ်တွေ လိုလာ တယ်။ အခု ရန်ကုန်တိုင်းဒေသကြီးမှာ က မီးသတ်အထောက်အကူပြုယာဉ် (လှေကားတင်ယာဉ်) ခုနစ်စီးလောက်ပဲ ရှိတယ်။ အဲဒီယာဉ်က ပေ ၁၂၀အမြင့် ရှိတဲ့ အဆောက်အအုံတွေအထိပဲ ရေ ပက်လို့ အဆင်ပြေတယ်။ ပေ ၁၂၀ ကျော်ရင်မရဘူး။ ဟိုတယ်တွေအများစု ကိုတော့ ဒီယာဉ်က ရေပက်လို့မမီဘူး" ဟုရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ သည်။
"ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်၊ ပတ်ဝန်း ကျင်မှာပဲဖြစ်ဖြစ် မီးလောင်ရင်ကြိတ်ပြီး ငြှိမ်းမယ့်အစား မီးသတ်ကိုအကြောင်းကြား သတင်းပေးသင့်တယ်။ အကြောင်းကြားဆိုတဲ့နေရာမှာလည်း လူအတော်များများက မီးသတ်ကိုအကြောင်း ကြားရမယ့် ဖုန်းနံပါတ်တွေကို မသိကြဘူး။ ဒါတွေလည်း သိထားဖို့လိုတယ်။ မီးသတ်သတ်တဲ့အပိုင်းနဲ့ ပြောရရင်တော့ တချို့မြို့နယ်ရပ်ကွက် တွေက မီးငြှိမ်းသတ်ဖို့ တော်တော် အခက်အခဲဖြစ်တယ်။ လူတွေကလည်း မီးလောင်ပြီဆိုရင် ၀ိုင်းအုံကြည့်တဲ့ အတွက် ဒါကလည်း အခက်အခဲ တစ်ခုပဲ။ ပြီးတော့ တချို့ မြို့နယ် ရပ်ကွက်တွေရဲ့ လမ်းတွေက တစ်ဝက် တစ်ပျက်ခင်းထားတာ မပြီးသေးတဲ့ အတွက် အဲဒီအတွက်လည်း မီးငြှိမ်း သတ်ရေးအတွက် အဟန့်အတားဖြစ် စေတယ်။ နောက်တစ်ခုကတာ့ ဒီနှစ်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ဆိုရင် ဖေဖော်ဝါရီလမှာ မီးလောင်မှု အဖြစ်များလာတယ်။ နှစ်စဉ် မတ်နဲ့ ဧပြီမှာ မီးလောင်မှုအဖြစ်များတော့ အများကဂရုစိုက်ကြတယ်။ ဖေဖော် ၀ါရီလကတော့ မီးလောင်မှု သိပ်မဖြစ် နိုင်ဘူးလို့တွေးပြီး ဂရုမပြုကြတော့ ဖေဖော်ဝါရီလက မတ်လနဲ့ ဧပြီလကိုကျော်ပြီး မီးလောင်မှုအများဆုံး ဖြစ်လာတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုပါသည်။
မီးလောင်မှု အဖြစ်များသော ကာလဖြစ်၍ တစ်နိုင်ငံလုံးရှိ မြို့နယ် နှင့်ရပ်ကွက်များတွင် မီးသတိပြုရန် နှိုးဆော်မှုများ တွန်းအားပေးပြုလုပ် လျက်ရှိသကဲ့သို့ မီးဘေးလုံခြုံမှုနှင့် ပတ်သက်သော စစ်ဆေးမှုများ၊ စက်ရုံ အလုပ်ရုံများတွင် ဟောပြောမှုများ၊ ဈေးများအား စစ်ဆေးခြင်းနှင့် တစ်အိမ်တက် တစ်အိမ်ဆင်း မီးဘေး စစ်ဆေးမှုများကို ပိုမိုဆောင်ရွက်လျက် ရှိသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် မီးဘေးအန္တရာယ် အများဆုံး ကျရောက်နိုင်သည့်နေရာများ မှာ လူနေထူထပ်သော ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ကို သန္ဓေ ၄၇၀၀ ကျော်၊ အရန် ၂၄၀၀၀၀ ကျော်၊ မီးသတ်ယာဉ် ၇၂၀ ကျော်၊ ရေသယ်ယာဉ် ၂၆၀ ကျော်၊ အထောက်အကူပြုယာဉ် (လှေကား တင်မီးသတ်ကား) ၁၉၀ ကျော်တို့ဖြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မလေးရှားတွင် ရခိုင်အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော ယူအန်မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူ ရခိုင်အမျိုးသား တဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။အဆိုပါ သေဆုံးသူမှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပြင်လျားရှည်ကျေးရွာမှ အဘ ဦးစိန်မြထွန်းနှင့် အမိ ဒေါ်လှစိန်တို့၏သား ကိုစိန်ကျော်ဝင်း (၄၁နှစ်) ဖြစ်ကြောင်း ARRC (KL) မှ ဥက္ကဌ ကိုထွန်းထွန်းက ပြောသည်။"သူက မလေးရှားနိုင်ငံ ကွမ်တန်းမှာနေတာပါ။ သူ့ဆွေမျိုးတွေလည်း အဲဒီမှာ ရှိတယ်လို့ သိရပါတယ်။ နေမကောင်းလို့ ဆေးကုသဖို့ ကွမ်တန်းကနေပြီးတော့ ကွာလာလမ်ပူမြို့ကို တက်လာတာပါ။ သူသေဆုံးတာကတော့ ပူချန်းမြို့နယ်မှရှိတဲ့ သူ့ အသိမိတ်ဆွေ တဦးရဲ့ နေအိမ်မှာ သေဆုံးတာဖြစ်ပါတယ်။ ကျနော်တို့ သိရတာကတော့ အဲဒီအိမ်က အိမ်သာမှာ ကြိုးဆွဲချပြီး သေဆုံးနေတာကို အဲဒီအိမ်က လူတွေက မနက် ၄နာရီ ခွဲလောက်မှာ တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြပါတယ်"� ဟု ပြောသည်။ကိုစိန်ကျော်ဝင်းမှာ မတ်လ ၁ရက်နေ့တွင် သေဆုံးခြင်းဖြစ်ပြီး သူ့ရုပ်အလောင်းကို ၅ ရက်အကြာ ယမန်နေ့(မတ်လ ၆ရက်) နေ့လည်ပိုင်းက သင်္ဂြိုလ် ခဲ့ကြောင်း သိရသည်။အဆိုပါ ကိုစိန်ကျော်ဝင်း သေဆုံးသွားရခြင်းနှင့် ပတ်သက်၍ ကိုထွန်းထွန်းက သူသိရသလောက်ကို ယခုကဲ့သို့ ဆက်ပြောသည်။"ကျနော်တို့ သိရတာက ဒီနှစ်ထဲမှာ သူထောင်ကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက သူ့ကို ထောင်ထဲမှာ သီးသန့်အခန်းတခုမှာ ထားတယ်လို့ ပြောပါတယ်။ အဲဒါကို သူ့စိတ်ထဲမှာ HIV ရှိနေတဲ့အတွက် အခုလို သူ့ကို သီးသန့်ထားတယ်လို့ သံသယဖြစ်သွားတယ်လို့ ကြားပါတယ်။ ထောင်က ထွက်လာတဲ့နောက် နေမကောင်း ဖြစ်တဲ့ အတွက် သူ့စိတ်ထဲမှာ ပိုပြီးတော့ သံသယ စိတ်တွေ ၀င်သွားတယ်နဲ့ တူပါတယ်။ ဒါနဲ့ ဆေးကုဖို့ ကွာလာလမ်ပူကို တက်လာတာပါ။ ဒီရောက်တော့ စိတ်တွေ ကယောင်ကတမ်း ဖြစ်ပြီး အခုလို အဆုံး စီရင်သွားခဲ့တာပါ။"� သို့သော်လည်း မိမိကိုယ်ကို အဆုံးစီရင်မူနှင့် ပတ်သက်ပြီး သူအနေဖြင့် တစုံတရာ စာဖြင့်သော်၎င်း၊ နုတ်ဖြင့်သော်၎င်း ထုတ်ဖေါ်ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။သူအဆုံးစီရင် သွားပြီးနောက် ရုပ်အလောင်းကို သက်ဆိုင်ရာ ဌာနများမှ စစ်ဆေးမှုများပြုလုပ်ခဲ့သလို အဆိုပါ နေအိမ်(သေဆုံးခဲ့သည့်အိမ်)တွင် နေထိုင်သူများကိုပါ မလေးရှား ရဲမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။မလေးရှားနိုင်ငံတွင် ရခိုင်လူမျိုး ၃သောင်းကျော်ခန့်ရှိပြီး ယူအန်မှ ဒုက္ခသည်အဖြစ် အသိမှတ်ပြုခံထားရသူ ၉၀၀၀ ခန့် ရှိကြောင်း သိရသည်။ ကိုစိန်ကျော်ဝင်း၏ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသည့် နံပတ်မှာ 791-08C01347 ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ရခိုင်တစ်ဦး မလေးရှားတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ကျောက်တော် ဒုတိယအကြိမ် မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ဆုံးရှုံး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မတ်လ ၄ ရက်နေ့က ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ ကျော် မီးထဲ ပါသွားပြီး လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း သတင်း ရရှိသည်။ဒုတိယအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာမှာ တောင်ထောင်ဟာရွာ ဖြစ်ပြီး မွတ်ဆလင် ဘာသာဝင်များ နေထိုင်သည့် ကျေးရွာဖြစ်ကာ ကျောက်တော်မှ သုံးမိုင်ခန့် အကွာတွင် တည်ရှိကြောင်း သိရသည်။လောင်ကျွမ်းခဲ့ကြောင်းကို ဒေသခံတဦးက ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။“ အခုမီးလောင်မှုက ကျောက်တော်မှာ တပတ်အတွင်း ဒုတိယ အကြိမ်မီးလောင်မှုဖြစ်တာပါ။ မူဆလင်တွေ နေထိုင်တဲ့ တောင်ထောင်ဟာ ရွာမှာ မီးလောင်တာ ဖြစ်ပါတယ်။ ညနေပိုင်း ထမင်းချက်ရာကနေ မီးလောင်တာ ဖြစပါတယ်။ မီးလောင်မှုကြောင့် အိမ်ခြေပေါင်း ၂၀၀ ကျော် လောက် ဆုံးရှုံးသွား ပါတယ်။ စုစုပေါင်း လူ ၁၀၀၀ လောက်တော့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။” မီးလောင်မှုကြောင့် လူသေဆုံးမှု မရှိသော်လည်း ကျား(ကလေး၊ လူကြီး) ၄၃၆ ဦး နှင့် မ(ကလေး၊ လူကြီး) ၄၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်းနှင့် အဆိုပါ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသည့် ရွာသားများကို ယခုအခါတွင် စာသင်ကျောင်းများနှင့် အခြားသော နေရာများတွင် ယာယီ နေရာ ချပေးထားကြောင်း သိရသည်။မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ပထမဆုံး မီးလောင်ခဲ့ရာတွင် ကျောက်တော်မြို့ပေါ်မှ အစိုးရပိုင် ဂိုဒေါင် ၆ လုံး မီးထဲပါသွားခဲ့သည်။ အဆိုပါ ဂိုဒေါင်များကို အစိုးရမှ လေလံပစ်ရန် စီစဉ်ထားချိန်တွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ မီးလောင်ကျွမ်းသွားသော ဂိုဒေါင် ၆ လုံးထဲတွင် တစ်လုံးမှာ စစ်တပ်မှ ဌားရမ်းပြီး ရိက္ခာ သိုလှောင်ထားသော ဂိုဒေါင်ဖြစ်သဖြင့် အများစုက ရှို့မီး အဖြစ် ထင်မြင် ယူဆနေကြသည်ဟု သိရသည်။ရခိုင်ပြည်တွင် မီးလောင်မှုဖြစ်တိုင်း ဆုံးရှုံမှု များပြားရခြင်းမှာ မီးသတ်ဌာနတွင် မီးသတ်ယာဉ်များ အဆင်သင့် မရှိခြင်းကြောင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။

Wednesday, March 2, 2011

နယ်မြို့များ၌ စက်သုံးဆီဈေး ပိုမိုမြင့်တက်

ရန်ကုန်မြို့ထက် နယ်မြို့များရှိ ပုဂ္ဂလိက အရောင်းဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းပိုမို မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။အစိုးရ သတ်မှတ်ဈေး ဓာတ်ဆီ တဂါလန်လျှင် ကျပ် ၂၅၀၀ ရှိသော်လည်း မှောင်ခိုဈေးကွက်တွင် ရန်ကုန် မြို့၌ ၃၈၀၀ ကျပ် ၊ မန္တလေး မြို့တွင် ၅၅၀၀ကျပ်၊ မုံရွာမြို့တွင် ၄၆၀၀ ကျပ်၊ စစ်ကိုင်းမြို့တွင် ၅၅၀၀ ကျပ် အထိ ထိုးတက်နေသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက မကွေးမြို့၌ ဖွင့်လှစ်ခဲ့သော ပုဂ္ဂလိက စက်သုံးဆီဆိုင် တဆိုင်တွင် ဆီဝယ်ယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - shwelanngwelan.blogspot.com)ယင်းကဲ့သို့ မှောင်ခိုဈေးကွက်၌ ဈေးနှုန်းမြင့်မားလာ၍ ပုဂ္ဂလိက အရောင်းဆိုင်များတွင် တန်းစီ ထုတ်သူများ ပိုမိုများပြားလာပြီး သတ်မှတ်ရောင်းချပေးသည့် ဂါလန် နှင့် လောက်ငမှုမရှိသောကြောင့် ဈေးနှုန်းမြင့်သည့် မှောင်ခိုဈေးကွက်ကို အားကိုးနေရ သည်ဟု မန္တလေးမြို့တွင်နေထိုင်သည့် စာရေးဆရာ တဦးက ဧရာဝတီကို ပြောသည်။“ဆိုင်ကယ် က ဓာတ်ဆီ ပဲသုံးတာ။ တခါထုတ် တဂါလန်ပဲ။ ဒီတဂါလန်လေး ရဖို့လည်း ဆိုင်တွေမှာ မြင်မကောင်းအောင် ကား တွေ ၊ ဆိုင်ကယ်တွေ အတန်းလိုက်ကြီး။ အရင်တုန်းက မှောင်ခိုဈေးနဲ့ ကွာလှ ၅၀၀ လောက်ပဲဆိုတော့ ဒုက္ခခံ မနေတော့ဘူး။ အပြင်မှာပဲ ၀ယ်လိုက်တော့တယ်။ အခုအခြေအနေကတော့ အပြင်ဈေးနဲ့ အရမ်းကွာနေတော့ တဂါလန်လေး ရဖို့လည်း ဒုက္ခခံနေရတာပေါ့”ဟု ၎င်းက ဆိုသည်။ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်နည်းပါးသည့် နယ်မြို့များတွင် ဆီတဂါလန်ရရှိရန် ၂ နာရီ ခန့် တန်းစီနေရသည်ဟု စစ်ကိုင်း မြို့ခံ တက္ကသိုလ် ကျောင်းသား တဦးက ဧရာဝတီကို ပြောပြသည်။“ဓာတ်ဆီ ဆိုင်မှာ မတန်းစီ နိုင်တော့လို့ ရေသန့်ဘူး နဲ့ ၁ ကွာတားဆိုပြီး ၀ယ်ထည့်တာ အရင် တဘူး ကို ကျပ် ၇၀၀ ၊ ၈၀၀ က နေ ၁၃၀၀ ဖြစ်သွားတယ်။ ဒီမြို့မှာ အကုန်လုံးက ဆိုင်ကယ်ပဲသုံးတာ။ ဒီက ကျောင်းသားတွေ မန္တလေးကို ဆိုင်ကယ်နဲ့ ကျောင်း တက်တာ။ အခု အခြေအနေ က ဓာတ်ဆီ ၀ယ်နိုင်မှ ကျောင်းသွားတက်ရတော့မယ်”ဟု ၎င်းက ပြောသည်။ထို့အပြင် ပြင်ဦးလွင်မြို့မှ စစ်ကိုင်းဈေးသို့ နေ့စဉ် ဆိုင်ကယ်ဖြင့်လာရောက် ရောင်းချနေသည့် ပန်းဈေးသည်များ လျော့နည်း သွားပြီး ရောင်းချနေသည့် ပန်းဈေးများလည်း မြင့်တက်သွားသည်ဟု စစ်ကိုင်းမြို့ဈေးတွင် ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ တဦးက ပြောဆိုသည်။စစ်ကိုင်းမြို့တွင် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်၂ ဆိုင်ရှိပြီး ရွှေတောင် လုပ်ငန်းစု ကုမ္ပဏီ မှ ဖွင့်လှစ်ထားသည် ဟု သိရသည်။မန္တလေးမြို့ အနီးတ၀ိုက်ရှိ ရွာများတွင် နေထိုင်သူများသည် ထော်လာဂျီ အဓိကထား ကုန်စည် သယ်ဆောင်မှု ပြုလုပ်နေ သော ကြောင့် အဆိုပါ တရုတ်လုပ် ထော်လာဂျီများတွင် သုံးစွဲရသည့် ဒီဇယ် ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် မြိ့နှင့် ရွာအကြား သယ်ယူရောင်းချနေသည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်သွားသည်ဟု သိရသည်။ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အရောင်းဆိုင်များတွင် ဒီဇယ် တဂါလန် ၄၀၀၀ ကျပ် ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စတင် ဈေးမြှင့် ရောင်းချခဲ့ပြီး မန္တလေးမြို့ရှိ ပုဂ္ဂလိက အရောင်းဆိုင်များတွင် ၄၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေသည်။မှောင်ခို ဈေးကွက်တွင် ဒီဇယ် ၁ ဂါလန် ရန်ကုန်မြို့၌ ကျပ် ၄၀၀၀၊ မန္တလေးမြို့တွင် ၅၀၀၀ ၊ မုံရွာမြို့တွင် ၅၀၀၀ ကျပ် ရှိသည် ဟု သိရသည်။“မှောင်ခို ဈေးကွက်မှာတွင် ဈေးက တနေရာနဲ့ တနေရာတော့ မတူဘူး။ မှောင်ခို လက်ကြီး ဈေးကွက်လို့ ခေါ်မှာပေါ့။ သူက ပေပါလိုက် ၀ယ်ပြီး ပြန်ရောင်းတာ။ သူ့ဆီမှာဆို နည်းနည်း ဈေးသက်သာတယ်။ ဥပမာ ဒီဇယ် ၁ ဂါလန် ကျပ် ၄၈၀၀၊ ဆီ ပုလင်း လေးတွေ ထောင်ရောင်းတဲ့ လမ်းဘေးဆိုင်အများစုကတော့ တဂါလန် ၅၅၀၀ ပေါ့။ တနေကုန် တန်းစီရအောင် အလုပ် မသွားရတော့ဘဲ နေမယ်။ ဒီတော့ လမ်းဘေးကဟာ ၀ယ်ထည့်ရုံပေါ့”ဟု မန္တလေးမြို့တွင် နေထိုင်သူ တဦးက ပြောပြသည်။မန္တလေးတိုင်း မတ္တရာ မြို့တွင် နေ ထိုင်သူ တဦးကလည်း“လယ်သမားအတွက်က အဓိက စပါး သယ်ဖို့ ထော်လာဂျီ မသုံးမဖြစ် သုံးတော့ ဒီဇယ် ဈေး ဒီလို တက်ပုံနဲ့ မသယ်နိုင်ဘဲ ဒီ အတိုင်း ထားတာတွေရှိတယ်။ ကံကောင်းတာ က မိုးမဖျက်လို့ မိုးသာ ရွာချလိုက်ရင် ကုန်ပြီ။ မြို့ထဲကနေ အပြင်ထွက် လိုက် တာနဲ့ ရွာလေးတွေရှိတော့ ရွာမှာ အိမ်ဆိုင်လေးတွေ ဖွင့်ပြီး တနိုင်တပိုင် ရောင်းနေတဲ့ သူဆို ၀န်စည်စလယ် သယ်ဖို့ ထော်လာဂျီပဲ သုံးတာများတယ်။ တချို့ အိမ်ဆိုင်လေးတွေလည်း မကိုက်လို့ ပိတ် လိုက်ပြီ”ဟု ပြောသည်။ယခင် မန္တလေး - မုံရွာ ခရီးစဉ် ၁၇၀၀ ကျပ်မှ ၂၅၀၀ ကျပ် သို့ ဈေးတက်သွားပြီး ကုန်ပစ္စည်းပို့ဆောင်စရိတ်များ ၂ ဆ ခန့် မြင့် တက်သွားသည်ဟု မုံရွာမြို့ နေထိုင်သူတဦးက ပြောပြသည်။မန္တလေးတိုင်း၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း အတွင်းရှိနယ်မြို့များ၏ လမ်းပန်းဆက်သွယ်ရေးတွင် ဆိုင်ကယ် အဓိက သုံးစွဲ၍ သွားလာ ရသောကြောင့် စက်ဘီး အစားထိုး သုံးစွဲရန် စဉ်းစားနေကြသည်ဟု ၎င်းက ဆိုသည်။ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသောကြောင့် ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သကဲ့သို့ အရှေ့အလယ်ပိုင်း ရေနံ ထွက် ရှိရာ ဒေသတွင်ဖြစ်ပေါ်နေသည့် လူထု အုံကြွမှုများကြောင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သက်ဆိုင် ရာ အာဏာပိုင်များက ပြောဆိုသည်။သို့သော် ရေနံစိမ်းဈေးနှုန်း မမြင့်တက်မီကပင် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေခြင်း ၊ ပုဂ္ဂလိက အရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် ပမာဏနှင့် လုံလောက်မှုမရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ စက်သုံးဆီ ဈေးကွက်သည် မှောင်ခို ဈေးကွက် ကို ပိုမိုကြီးမားကျယ်ပြန့်လာစေပြီး သုံးစွဲသူ ပြည်သူများသာ အခက်အခဲနှင့် ကြုံတွေ့ရကြောင်း၊ စစ်အစိုးရနှင့် ၎င်းတို့နှင့် နီးစပ် သည့် စီးပွားရေးကုမ္ပဏီကြီးများသာ အကျိုးဖြစ်ထွန်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန သွင်းကုန် လုပ်ငန်းဌာနမှ အရာရှိ တဦးက ပြောဆိုသည်။

ကျောက်တော်တွင် ယနေ့မီးလောင်

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ယနေ့ နံနက်ပိုင်းက ကုန်သည်လယ်ယာ ခြံဝင်းထဲတွင် မီးလောင်မှု ဖြစ်ပွါးခဲ့ရာ ဂိုဒေါင် ၆လုံး မီးထဲပါသွားခဲ့ကြောင်း သတင်းရရှိသည်။ယနေ့နံနက် ၈နာရီခွဲခန့်မှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး နံနက် ၁၀နာရီခွဲခန့်တွင် မီးငြိမ်းသွား ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။“ဂိုဒေါင် ၆လုံး၊ ရုံးခန်းတခန်းနဲ့ ထမင်းချက်ရုံတရုံ လုံးဝ ပြာကျသွားပါတယ်။ ဂိုဒေါင်ကြီးတွေ မီးလောင် တယ်ဆိုတော့ မီးအားက ပြင်းပါတယ်။ မီးသတ်ဌာနက မီးသတ်ကားလည်း ရောက်လာခြင်း မရှိတော့ ဒေသခံ ပြည်သူတွေက တတ်နိုင်တဲ့ နည်းတွေနဲ့ ဝိုင်းပြီးတော့ မီးငြိမ်းလိုက်ရပါတယ်။” အဆိုပါ မီးမှာ ကုန်သည်လယ်ယာ ဦးစီးဌာနမှ တဆင့် ထောက်/ပို့ စစ်တပ်(ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး) မှ ငှါးရမ်းထားသော ဂိုဒေါင်မှ စတင်လောင်းကျွမ်းခြင်း ဖြစ်သည်ဟု သိရသည်။“ဒီကုန်သည်လယ်ယာ ခြံထဲမှာက ငှါးရမ်းထားတဲ့ ဂိုဒေါင်တွေနဲ့ ရောင်းပစ်ဖို့ စီစဉ်နေတဲ့ ဂိုဒေါင် ဟောင်းကြီး အလုံး ၁၀ကျောက်လောက် ရှိပါတယ်။ ဘယ်လို မီးစလောင်တာဆိုတာကတော့ အတိကျ မသိသေးပါဘူး။ လူတွေ ပြောနေကြတာကတော့ ရှို့မီးလို့ ပြောကြပါတယ်။” ယခုကဲ့သို့ အစိုးရ ဌာနတခု၏ ဂိုဒေါင်များ ရုတ်တရက် မီးလောင်ကျွမ်းသွားခြင်းအပေါ် ဒေသခံပြည်သူများ အကြား အမျိုးမျိုး ဝေဖန်ပြောဆိုနေကြကြောင်း သိရသည်။

သုခ ကုသိုလ်ဖြစ်ဆေးခန်း ၄ နှစ်ပြည့်ပြီ


ဦးကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ထူထောင်ထားသည့် သုခ ကုသိုလ်ဖြစ်ဆေးခန်း တည်ထောင် ခဲ့သည်မှာ ယနေ့ ၄ နှစ်ပြည့်ပြီဖြစ်သည်။

သုခ ကုသိုလ်ဖြစ် ဆေးခန်း ၄ နှစ်ပြည့် အခမ်းအနားတွင် စေတနာဆရာဝန်များအား ဦးကျော်သူက ဂါရ၀ပြု လက်ဆောင် ပစ္စည်းများ ပေးအပ်စဉ်သုခကုသိုလ်ဖြစ် ဆေးခန်း ၄ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ မြောက်ဒဂုံ မြို့နယ် နာရေးကူညီမှု အသင်း အဆောက်အအုံသစ်တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတည်းက ကြိုတင် ကျင်းပခဲ့သည်ဟု ဦးကျော်သူက ပြောသည်။အဆိုပါ အခမ်းအနားသို့ သုခ ကုသိုလ်ဖြစ် ဆေးခန်း၏ စေတနာ့ဝန်ထမ်း ဆရာဝန် ၄၈ ဦး တက်ရောက်ခဲ့ပြီး ဆေးခန်း၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။“တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်လို့ နှစ်ပတ်လည်ကို ကြိုကျင်းပခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ဇန်န၀ါရီကနေ ဒီဇင်ဘာလအထိ သုခ ကုသိုလ်ဖြစ် ဆေးခန်းက ကုသပေးခဲ့တဲ့ လူနာဦးရေ၊ ပြည်သူ့ဆေးရုံ ၈ ရုံမှာ သုခ ကုသိုလ်ဖြစ်ဆေးခန်းကနေ တဆင့် တက်ရောက်ခဲ့တဲ့ လူနာတွေကို ဆေးဝါး အထောက်အပံ့ ကိစ္စတွေ ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို ဂါရ၀ပြု လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြသည်။သုခကုသိုလ်ဖြစ် ဆေးခန်းတွင် ၂၀၁၀ ပြည့်နှစ် တနှစ်တာအတွင်း အထွေထွေလူနာ ၁၉၁၄၁ ဦး၊ အသေးစားခွဲစိတ် ကုသရသည့် လူနာ ၂၄၂၇ ဦး အပါအ၀င် လူနာ ၄ သောင်းကျော်ကို ကုသပေးနိုင်ခဲ့သည်ဟု သိရသည်။ဂျပန်နိုင်ငံမှ မှာယူထားသည့် မျက်စိ ခွဲစိတ်ခန်းသုံး ပစ္စည်းများမှာ ယခုလအတွင်း ရောက်ရှိတော့မည် ဖြစ်ကြောင်း၊ ပြင်ဆင်ပြီး လာမည့် ဧပြီလတွင် သုခကုသိုလ်ဖြစ် ဆေးခန်းမှ နေ၍ မျက်စိခွဲစိတ်ခန်းကို စတင် လုပ်ဆောင်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း X.RAY, E.C.G, U.S.G စက်များ အသုံးပြု၍ လူနာများကို ကုသပေးလျက်ရှိကြောင်း ဦးကျော်သူက ပြောသည်။နာရေးကူညီမှုအသင်း (ရန်ကုန်) သည်လည်း လာမည့် ဧပြီလတွင် ၁၀ နှစ်ပြည့်ပြီဖြစ်သောကြောင့် နှစ်ပတ်လည်အဖြစ် ဧပြီ ၂၃ ရက်နေ့တွင် အသင်းသူ အသင်းသားများ ပျော်ရွှင်မှုအတွက် ဈေးရောင်းပွဲတော် ကျင်းပမည် ဖြစ်ကြောင်း၊ ထိုနေ့တွင်ရောက်လာမည့် အလှူရှင်များနှင့် ဧည့်သည်များအား နာရေးကူညီမှုအသင်း၏ လုပ်ဆောင်ချက်များကို ရှင်းပြမည်ဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။“မဇ္ဈိမလှိုင်း ကိုရဲလွင်၊ ဆောင်းဦးလှိုင်နဲ့ လူငယ်တေးသံရှင်တွေရဲ့ သီချင်း ၃၆ ပုဒ် သွင်းထားတာ ရှိတယ်။ အလှူရှင်တွေကို ကန့်သတ်အနေနဲ့ အဲဒီအခွေတွေ ဝေပေးမယ်။ လာနိုင်တဲ့ အဆိုတော်တွေလည်း လာဖျော်ဖြေကြလိမ့်မယ်။ ပြီးတော့ အခြေခံ အင်္ဂလိပ်စာ သင်တန်း တက်နေတဲ့ ဒီက ကလေးတွေရဲ့ သီချင်းတွေ၊ အကတွေ တင်ဆက်မယ်” ဟု သူက ဆိုသည်။ဧပြီ ၂၄ ရက်နေ့တွင် မြန်မာပြည်အနှံ့ရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှု အသင်းများကို ဖိတ်ခေါ်၍ စကားဝိုင်း ပြုလုပ်မည် ဖြစ်ကြောင်း၊ ၎င်းတို့၏ အခက်အခဲကို နားထောင်ကာ မည်သို့ ဆက်လက် လုပ်ဆောင်ကြမည်ကို စဉ်းစားကြံစည် ကြမည်ဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။နာရေးကူညီမှု အသင်း အနေဖြင့် ၂၀၀၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့အထိရုပ်အလောင်းပေါင်း ၉၇၅၆၇ လောင်းကို ပို့ဆောင် ကူညီပေးခဲ့ပြီး ယခု မတ်လအထိ ဆိုလျှင် နာရေး ၁ သိန်း နီးပါး ကူညီပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် သုခကုသိုလ်ဖြစ် ဆေးခန်းမှ တနေ့လျှင် လူနာ ဦးရေ ၂၀၀ ခန့် ကုသပေးနေပြီး နာရေးကူညီမှု အသင်းအနေဖြင့် ရုပ်အလောင်း ၅၀ ခန့်ကို နေ့စဉ်ပို့ဆောင် ကူညီလျက်ရှိကြောင်း သိရသည်။ထို့ပြင် နာရေးကူညီမှု အသင်း (ရန်ကုန်) က သောက်သုံးရေ ရရှိရေးအတွက်လည်း ကူညီဆောင်ရွက်ပေးလျက် ရှိသည်။“မနှစ်က သောက်သုံးရေ ပြတ်လပ်တာတွေ စကတည်းကနေ ဒီနေ့အထိ သောက်သုံးရေ ရရှိရေးအတွက် ကူညီပေးနေပါတယ်။ဒေသ အတော်များများမှာ အ၀ီစိတွင်းတူး၊ အုတ်ကန်ဆောက်၊ ရေစုပ်စက်တွေ တပ်ဆင်ပေးခဲ့ပါတယ်။ လက်ရှိမှာ နတ်မောက်မြို့နဲ့ ပေါက်ခေါင်းမြို့က ကျေးရွာ တချို့မှာ အ၀ီစိတွင်းတွေ တူးဖော်နေပါတယ်။ အများပြည်သူအတွက် အများပြည်သူကောင်းမှု (နာရေး ကူညီမှုအသင်း - ရန်ကုန်) ဆိုပြီး ကမ္ဗည်းတပ် လှူဒါန်းနေပါတယ်” ဟု ဦးကျော်သူက ပြောသည်။ဒေသ အာဏာပိုင်များအနေဖြင့် လတ်တလော ကန့်သတ်မှုမရှိသေးဘဲ စောင့်ကြည့်မှုသာ ရှိနေကြောင်း၊ သက်ဆိုင်ရာ သတင်းတပ်ဖွဲ့က လာမည့် နာရေးကူညီမှု အသင်း ၁၀ နှစ်ပြည့်အခမ်းအနားကိစ္စကို လာရောက် မေးမြန်းစုံစမ်းခြင်းမျှသာ ရှိကြောင်း သိရသည်။

ဗုံးကွဲမှုကြောင့် ရန်ကုန်တွင် ရခိုင်များကို စစ်ဆေးမှု ပိုများပြားလာ

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် စနေနေ့က ဗုံးပေါက်ကွဲမှုကြောင်း ရန်ကုန် အင်းစိန်မြို့နယ်အတွင်း ရခိုင် အမျိုးသားများနေထိုင်သည့် နေအိမ်များနှင့် ရခိုင်စာသင်သားများနေထိုင်သည့် ဘုန်းတောင်ကြီး ကျောင်းများကို အာဏာပိုင်များမှ စစ်ဆေးမှုများရှိနေကြောင်း သိရှိရသည်။ယခုကဲ့သို့ စစ်ဆေးနေခြင်းမှာ များမကြာမှီက ပေါက်ခွဲခဲ့သည့် ဗုံးဖောက်ကွဲသူ ကိုင်ဆောင်သည့် မှတ်ပုံတင် အရ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗုံးခွဲသူ ကိုင်ဆောင်သည့် မှတ်ပုံတင်တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမှ ဇော်မင်းသန်း ၂၆ နှစ်ဟု ဖော်ပြထားသည်။ ၎င်းနောက်ပိုင်းတွင် ရခိုင်အမျိုးသားများ နေအိမ်များကို စစ်ဆေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်နေ ရခိုင်အမျိုးသားများက ပြောသည်။“ ဧည့်စာရင်းမတိုင်ရတာတော့ကြာပြီ ဒီကျောင်းမှာ။ ဘုန်းကြီးကျောင်းတွေ ဧည့်စာရင်းမတိုင် ရတာ ကြာပြီ ။ မနေ့က ညနေကလာပြီးတော့ ဧည့်စာရင်းတိုင်ထားတော့ ကိုယ့်ဘက်က လုံခြုံတယ်ဆို တာမျိုးလာပြောတယ်။ ဒီမှာဆေးကူးဖို့ရောက်နေတဲ့ ဧည့်သည်တွေကိုလည်း နည်းနည်း မေးသွား တယ်။” ဟု ဓည၀တီကျောင်းတိုက်မှ ဘုန်းတော်ကြီးတပါးက ပြောသည်။အလားတူ မြောက်ဥက္ကလာပရှိ ရခိုင်အမျိုးသားများနေအိမ်ကိုလည်း စစ်ဆေးခဲ့ကြောင်း ရခိုင် အမျိုးသမီးတဦးက ယခုကဲ့သို့ပြောသည်။“များသောအားဖြင့် ရခိုင်တွေနေတဲ့ အိမ်တွေကို စစ်သွားတယ်ပေါ့။ အဲဒီနေ့က ငါတို့မှာ လူပိုတ ယောက်ရှိတယ်။ ဧည့်စာရင်းတိုင်မထားဘူး။ ဒါနဲ့ အိမ်ထောင်ဦးစီးကို ရယကရုံးကို ခေါ်သွားပြီးတော့ ရုံးမှာ ရခိုင်လူမျိုးတွေ အင်းစိန်တံတားမှာ ဗုံးဖောက်ခွဲတယ်လို့ပြောတယ်တဲ့။ အဲဒီမှာ ဗုံးခွဲသူ အမည်တွေ မိဘအမည်တွေကိုလည်း ပြောလိုက်ပါတယ်” ဟု ပြောသည်။အဆိုပါ ဗုံးမှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီး ကွမ်းယာဆိုင်တွင် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ထွန်းထွန်း ၂၁ နှစ်၊ မသင်သင်း ၂၅ နှစ်၊ မငြိမ်းငြိမ်းထွန်း ၃ နှစ်၊ ဇော်မင်းထိုက် ၁၃ နှစ်၊ တင့်လွင်ဦး ၂၇ နှစ်၊ ကေသီမျိုးကျော် ၂၂ နှစ်နှင့် ဝေပပဆွေ ၃၁ နှစ်တို့ ဒဏ်ရာရှိခဲ့ကြောင်း သိရ သည်။ဇော်မင်းသန်း နေထိုင်ခဲ့သည့်အခန်းမှလည်း ယမ်းတောင့်တခုအပါအ၀င်တခြားပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု သတင်းစာတွင်ဖော်ပြသည်။အလားတူး ရခိုင်အမျိုးသားများနေထိုင်သည့် လှိုင်ယာ၊ ကျောက်မြောင်းနှင့် ဂွတ္တလိတ်မြို့နယ်များတွင် လည်း တအိမ်ထွက် တအိမ်ဝင် စစ်ဆေးခဲ့ကြောင်း သိရသည်။နောက်ထပ် တော်ဝင်ပလာဇာ ကိုလည်း ဗုံးဖောက်မည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်း ရန်ကုန်မြို့တွင် နေထိုင်သည့် ရခိုင်လူငယ်တဦးက ပြောသည်။

တပ်ပြေးများ ထိုင်းနိုင်ငံဘက် ရောက်လာ

ကရင်ပြည်နယ် မြ၀တီခရိုင် သင်္ကန်းညီနောင် တပ်နယ်မှ နအဖ တပ်ဖွဲ့ဝင်၂ ဦးသည် မိသားစုဝင်များနှင့်အတူ ယမန်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသည်။
နအဖ တပ်မှ ထွက်ပြေးလာသည့် စစ်သည် ၂ ဦး(ဓာတ်ပုံ - ဧရာဝတီ)ထွက်ပြေးလာသူ၂ ဦးမှာ သင်္ကန်းညီနောင်တပ်နယ်ရှိ (စကခ) ၁၉ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းမှ ကိုယ်ပိုင်အမှတ် (တ/၂၆၆၈၈၁) ဒု တပ်ကြပ် ကျော်မျိုးသူ ၂၇ နှစ်နှင့် ကိုယ်ပိုင်အမှတ် (တ/၄၁၇၂၉၆) တပ်သား အောင်ကျော်မိုး ၁၉ နှစ် တို့ဖြစ်ပြီး မဲဆောက်မြို့ရှိ ပြည့်သူ့ စေတနာ့ဝန်ထမ်း အသင်း(PVA)သို့ ရောက်ရှိလာခြင်းဖြစ်သည်။နအဖ တပ်အတွင်း ကြီးနိုင်ငယ်ညှဉ်း မတရားဖိနှိပ်မှုများကို မခံနိုင်သောကြောင့် တပ်ကိုစွန့်ခွာ ထွက်ပြေးရခြင်း ဖြစ်သည် ဟု ယခုထွက်ပြေးလာသူများက ပြောသည်။ဒု တပ်ကြပ် ကျော်မျိုးသူ က“တပ်မှာက ဖိနှိပ်မှုအတော့ကိုဆိုးတယ်၊ ရဲဘော်ရဲဘက်စိတ်ဆိုတာက တပ်ထဲမှာမရှိတော့ဘူး၊ ကြီးနိုင်ငယ်ညှဉ်းပဲ၊ အထက်အရာရှိကနေစပြီး အကြပ်တွေအထိ၊ အောက်ခြေရဲဘော်တွေဆိုရင် လူလိုသူလို သူတို့မဆက် ဆံဘူး၊ ရှေ့တန်းမှာဆိုပိုဆိုးတယ်၊ သတ်ကွင်းထဲရဲဘော်တွေကို အတင်းတိုးခိုင်းတာတွေ၊ မိုင်းကွင်းထဲတိုးခိုင်းတာတွေက အစ အမိန့်ဆိုပြီးအတင်းတက်ခိုင်းတယ်၊ ဒီထက်မက ဆိုးတဲ့ပြဿနာတွေ အများကြီးရှိသေးတယ်”ဟု ဧရာဝတီသို့ ပြော သည်။နအဖ တပ်အတွင်း ဒု တပ်ကြပ်တဦး၏ လစာမှာ ကျပ် ၄ သောင်း ၇ ထောင်ဖြစ်သော်လည်း ဘဏ်စုငွေ ၃ ထောင်ကိုမဖြစ် မနေဖြတ်တောက်သည့်အပြင် အခြားသာရေးနာရေးအမည်ခံခေါင်းစဉ်များဖြင့်လည်းဖြတ်သဖြင့် လစာ၏ ၃ ချိုး ၁ ချိုးခန့်ပုံမှန်ဖြတ်တောက်ခံရကာ မိသားစုဝမ်းရေးနှင့်ရှေ့ရေးအတွက် တပ်ကိုစွန့်ခွာရခြင်းဖြစ်သည်ဟုလည်း ဒု တပ်ကြပ်ကျော်မျိုးသူ က ပြောဆိုသည်။မိသားစုဝင် ၃ ဦးရှိသည့် ဒုတပ်ကြပ် ကျော်မျိုးသူနှင့်အတူ လိုက်ပါလာသည့် အိမ်ထောင်သည် တပ်သား အောင်ကျော်မိုး ကလည်း သာမန်အရပ်သားအဖြစ် နေထိုင်လိုသဖြင့် ဇနီးသည်နှင့်အတူ တပ်ကိုစွန့်ခွာလာခြင်းဖြစ်သည်ဟု ပြောသည်။၎င်းကလည်း"တပ်ထဲမှာရဲဘော်တွေရဲ့ဘ၀က ရှေ့တန်းမှာဆိုရင်အသေခံပြီးတိုက်နေရတယ်၊ ကျနော်တို့နဲ့အတူ ဖလူး တိုက်ပွဲမှာ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ကျန်ခဲ့တဲ့မိသားစုတွေကို တပ်ကဘာအကူအညီမှပေးတာမရှိဘူး၊ ဒါကိုလည်း အား လုံး သိကြပါတယ်၊ အပြင်လောကမှာဆိုရင်လည်း အရပ်သားတွေကစစ်သားဆိုရင် သိတ်ပြီးတော့ အလေးပေးတာ တွေ မေတ္တာထားတာတွေမရှိသလောက်ဘဲ၊ ဒါကြောင့် တပ်ထဲကထွက်လာတာဖြစ်တယ်”ဟု ဆိုသည်။အဆိုပါစစ်သည် ၂ ဦးကို အကူအညီပေးထားသည့် PVA အသင်း၏တာဝန်ခံ ဦးသိန်းဆန်း က“ဒုက္ခရောက်လာတဲ့လူတွေကိုကူညီပေးတာဖြစ်တယ်၊ စစ်သား ဖြစ်စေ၊ အရပ်သားဖြစ်စေ ကူညီပေးပါတယ်၊ လူမှုရေးအဖွဲ့ဖြစ်တဲ့အတွက် လူသားခြင်း စာနာစိတ်နဲ့ အကူအညီပေးတာဖြစ်ပါတယ်"ဟု ပြောသည်။ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ နှင့်ဖြစ်ပွားနေ သည့် တိုက်ပွဲများတွင် အထက်အရာရှိများ၏ မဆင်မခြင်လုပ်ရပ်များကြောင့် အောက်ခြေရဲဘော်အများစုမှာ ထိခိုက်သေ ကြေ မှုများနှင့်ရင်ဆိုင်ကြရသဖြင့် စိတ်ဓာတ်ကျကာ တပ်မှထွက်ပြေးမှုများ နေ့စဉ်နီးပါးရှိသည်ဟု ဒုတပ်ကြပ် ကျော်မျိုးသူ က ဆိုသည်။ယမန်နှစ် နိုဝင်ဘာလမှစ၍ ယနေ့အထိ ကရင်ပြည်နယ် အတွင်းရှိ စစ်မြေပြင်များမှ နည်းမျိုးစုံဖြင့် တပ်ကိုစွန့်ခွာ ထွက်ပြေး ရောက်ရှိလာသည့် နအဖ တပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိပြီဟု ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် DKBA အဖွဲ့ တာဝန်ရှိသူများက ပြောသည်။ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။

ပုဂ္ဂလိက ကုမ္ပဏီများ ၀န်ထမ်းလစာတိုးရန် စီစဉ်

အစိုးရ၀န်ထမ်းလစာ တိုးမြင့်သည်နှင့်အညီ ပုဂ္ဂလိက ကုမ္ပဏီကြီးများ၏ ၀န်ထမ်းလစာများကိုလည်း တိုးရန် စီစဉ်နေသည်ဟု သိရသည်။စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ထူထောင်ထားသော အေးရှားဝေါလ်၊ မက်စ်မြန်မာ ၊ ထူးကုမ္ပဏီ ၊ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ ၊ Alpine ကုမ္ပဏီ စသည့် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွင် အဓိက တာဝန်ယူ တည်ဆောက်နေသည့် ကုမ္ပဏီကြီးများ ၊ အာဏာပိုင်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ ထူထောင် ထားသည့် ကုမ္ပဏီကြီးများရှိ ၀န်ထမ်း လစာများ တိုးမည်ဖြစ်သည်ဟု ပုဂ္ဂလိက ကုမ္ပဏီ အသိုင်းအ၀ိုင်းက ပြောသည်။“အေးရှားဝေါလ် ဆိုရင် ဌာနတွေ အများကြီးရှိသလို စီမံကိန်းအလိုက် မြို့တွေမှာ ၀န်ထမ်းအင်အားတွေက အများကြီးလေ။ ပြီး ခဲ့တဲ့ တပတ်လောက်ကစပြီး လူစာရင်းနဲ့ လုပ်သက်နှစ်တွေ ဘယ်လောက်ရှိလဲကို စာရင်းကောက် နေတယ်”ဟု အေးရှားဝေါလ် ရေအားလျှပ်စစ် စီမံကိန်း အင်ဂျင်နီယာတဦးက ပြောသည်။၎င်းက ဆက်၍“လစာတိုးပေးဖို့ အတွက် စာရင်းကောက်တာလို့ ပြောတယ်။ အခြေခံဝန်ထမ်းက အစ ၀န်ထမ်း အကုန်လုံး လစာ တိုးမယ်ကြားတယ်။ ဒါပေမယ့် လုပ်သက်နှစ်ပေါ်မူတည်ပြီး တိုးတဲ့ပမာဏ ကွာခြားတာတော့ ရှိမယ်”ဟု ပြောသည်။မည်သည့်လမှ စတင်၍ လစာတိုးမည်ကိုမူ တိတိကျကျမသိရသေးဟုလည်း အဆိုပါ အင်ဂျင်နီယာက ဆိုသည်။ရွေးကောက်ပွဲမတိုင်မီ နေပြည်တော်တွင် ပြုလုပ်သွားသည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် အာဏာပိုင်များက တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ဆောက်လုပ်ရေးကုမ္ပဏီ ၆၃ ခုကို ၀င်ရောက် လာ မည့် နိုင်ငံခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရန် ၀န်ထမ်းလစာနှုန်းများတိုးမြှင့်ပေးရန် ပြောဆိုခဲ့သည်ဟု နေပြည်တော် ဆောက် လုပ်ရေး စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။“အဲဒီတုန်းက နေပြည်တော်အဆောက်အအုံတွေကို မြန်မြန်ပြီးစီးအောင်လုပ်ဖို့အပြင် ထူးခြားတာတခုကို ထည့်ပြောသွားတယ်၊ နောက်ပိုင်းမှာ ပြည်ပရင်းနှီးမြှပ်နှံမှုတွေကို လက်ခံလို့ ၀င်လာရင် အဲဒီကုမ္ပဏီမှာ လစာ အခြေခံ ကျပ် ၁ သိန်း ပေးနေပြီး ပြည် တွင်း ကုမ္ပဏီက ၄-၅ သောင်းဖြစ်နေလို့ မရဘူး ဆိုပြီး ပြောခဲ့တယ်။ ဒါကြောင့်လည်း ပြည်တွင်းကုမ္ပဏီတွေ အင်အားကြီး အောင် တခုခုဆို ပုဂ္ဂလိကကိုပဲ လုပ်ပိုင်ခွင့်တွေ ချပေးနေတာဆိုပြီး ပြောသွားဖူးတယ်။ ဒီအတိုင်း အကောင်အထည်ဖော်ပြီး လူကြီးတွေ ကျေနပ်အောင်လုပ်ပေးတော့ သူတို့အတွက်လည်း လုပ်ငန်း အလားအလာ ကောင်းမယ်။ အာဏာပိုင်တွေ ဘက်က လည်း အစိုးရ လစာ တခုတည်းတိုးတာ မဟုတ်တော့ဘူး ဆိုပြီး ပြန်ပြောလို့ ရသွားတာပေါ့”ဟု တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့်နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။လက်ရှိ အခြေအနေတွင် လစာနှုန်း တိုးမြှင့်ပေးသည်ထက် ရှားပါးစရိတ် ၊ ကျန်းမာရေး စရိတ် ၊ ခရီးစရိတ် ကဏ္ဍများတွင် တိုးပေးနိုင်ရန် စီစဉ်နေသည်ဟုလည်း ၎င်းက ဆိုသည်။“သူတို့ပြောသလို လိုက်တိုးဖို့ဆိုတာလုပ်ငန်း ၄ ၊ ၅ ခုလောက်ပိုင်နေပြီး ၀င်ငွေ နည်းပေါင်းစုံနဲ့ရနေတဲ့ ကုမ္ပဏီတွေပဲ တိုးနိုင်မှာ၊ အစိုးရ ၀န်ထမ်းတွေ၊ ကုမ္ပဏီကြီးတွေ လိုက်တိုးနိုင်ရင်တောင် ကုမ္ပဏီ အသေးစားလေးတွေက ၀န်ထမ်းတွေ ကြားထဲက ဒုက္ခ ရောက်မှာပေါ့”ဟု မက်စ်မြန်မာ ကုမ္ပဏီ စာရင်းဌာနမှ အရာရှိတဦးက ပြောသည်။အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်သတ်မှတ်ထားသော စည်းကမ်းချက်များတွင် ကုမ္ပဏီ ၀န်ထမ်း လစာသည် အစိုးရ လစာ ထက် မကျော်ရဟု ပါရှိကြောင်း ၎င်းက ဆိုသည်။မက်စ်မြန်မာ အရာရှိကဆက်၍“လောလောဆယ် ဘတ်ဂျက်ကို ချိန်နေရတာပေါ့၊ ကုမ္ပဏီကြီးတွေတိုင်းမှာတော့ တနှစ်စာ တွက်ချက် ထားတာတွေ ရှိတယ်။ တယောက်တည်း တိုးတာ မဟုတ်ဘူး။ တလတည်းတိုးတာ မဟုတ်တော့ ချိန်ရတာတွေနဲ့ ကုမ္ပဏီ ၀င်ငွေအင်အားတောင့်မှဖြစ်မှာလေ။ ဒီတော့ ဘယ်လောက် ရာခိုင်နှုန်းစီ တိုးမယ် ဆိုတာတော့ တိတိကျကျ မသတ်မှတ် ရ သေးဘူး။ အခြေခံ ကတော့ ၀န်ထမ်းရဲ့ လုပ်သက်ပေါ်မူတည်ပြီး ရတဲ့ အချိုးတွေက ပြောင်းလဲမယ်”ဟု ပြောသည်။“လစာအနေနဲ့ ကျော်ပေးလို့ မရတော့ ခေါင်းစဉ် အမျိုးမျိုးတပ်ပေးရတာပေါ့။ အစိုးရ ၀န်ထမ်းလစာ တက်ရင် ကုမ္ပဏီတွေက လည်း ရှားပါးစရိတ်ဆိုပြီး အမည်ခံ တက်ပေးကြတယ်။ အရင်က တက်တုန်းကလည်း ဒီလိုပဲ ပေးတာဆိုတော့ အတွေ့အကြုံ တော့ ရှိတယ်။ မတိုးပေးလို့ကလည်း မရဘူးလေ။ အပြင်မှာ ဈေးတွေက အကုန်တက်နေတော့ လိုက်မညှိပေးနိုင်ရင် ပြဿနာ ရှိတယ်။ အခု လတော့ မသေချာဘူး။ ဧပြီလ လောက်မှ စတိုးလောက်မယ်”ဟု Alpine ကုမ္ပဏီ ၀န်ထမ်းရေးရာ ဌာနမှ ၀န်ထမ်း တဦး က ပြောသည်။မကြာမီဖြစ်ပေါ်လာမည့် အစိုးရအသစ်က ၀န်ထမ်းများကို အာဆီယံနှုန်းထားနှင့်အညီ လစာများပေးမည်ဖြစ်ပြီး အစိုးရဝန်ထမ်း လစာများကို ဧပြီလကုန်မှ စတင်၍ နဂိုရှိရင်းစွဲလစာထက် ၃.၈ ဆခန့် တိုးမြှင့်ပေးတော့မည်ဟု သတင်းများထွက် ပေါ်နေသည်။အဆိုပါ သတင်း ထွက်ပေါ်ပြီးနောက်ပိုင်း ဆန်၊ ဆီမှစ၍ အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်သွားသည်။

တိုက်လေယာဉ် ပထမအသုတ် မတ်လတွင် ရောက်မည်


မြန်မာ့လေတပ်တွင် အသုံးပြုရန် ရုရှား နိုင်ငံမှ မှာယူထားသော MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ အနက် ပထမ အသုတ် မတ်လအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။ ရုရှားနိုင်ငံမှ မှာယူထားသော တိုက်လေယာဉ်များမှာ MiG-29B အမျိုးအစား ၁၀ စီး၊ MiG-29SE တယောက်စီး ၆ စီးနှင့် အမောင်းသင် ၂ ဦးစီး ၄ စီး ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ကျသင့်သည့် တန်ဖိုးမှာ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၅၅၃ သန်း) ခန့် ရှိကြောင်း Flightglobal အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းသို့ ဝယ်ယူမှုများသည် မြန်မာ့လေတပ်တွင် MiG-29 လေယာဉ်များ အသုံးပြုမှုကို တိုးမြှင့်ရန် ဖြစ်သည်ဟုလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။ MiG တိုက်လေယာဉ်များကို ရုရှားကုမ္ပဏီတခုဖြစ်သည့် လူခိုဗစ်စီ ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်များ အတွက် လေယာဉ်ကိုယ်ထည်များ၊ အပိုပစ္စည်းများကို ၁၉၈၀ နှစ်များ ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ တိုက်လေယာဉ်များကို ဝယ်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ တပ်ဆင်မှုများ၊ အထောက်အပံ့များနှင့် Phazotron N-019 အမျိုးအစား ရေဒါများကိုပါ လေယာဉ်တွင် တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။ ယခု ရောက်ရှိလာမည့် MiG-29 တိုက်လေယာဉ်များ ဝယ်ယူရန် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင်လည်း ယင်းအမျိုးအစား တိုက်လေယာဉ် ၁၂ စင်းကို မြန်မာ့လေတပ်အတွက် ဝယ်ယူခဲ့သေးသည်။၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တိုက်ချင်းပစ် ဒုံးကျည်အပြင် တခြားဒုံးကျည်များ တပ်ဆင်နိုင်သည့် တရုတ် နိုင်ငံထုတ် K-8 အမျိုးအစား လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို လေ့ကျင့်သင်တန်းပေးရန်နှင့် စစ်ဆင်ရေးများတွင် အသုံးပြုရန် ဝယ်ယူခဲ့သည်။တိုက်လေယာဉ်များသာမကဘဲ Antonov-148 (An-148) အမျိုးအစား ခရီးသည်တင်လေယာဉ် ၂ စီးကို ရုရှားနိုင်ငံ United Aircraft Corporation မှ လည်းကောင်း၊ MA-60 အမျိုးအစား ကုန်တင်လေယာဉ် ၃ စီးကို China National Aero-Techonology Import and Export Coporation မှ လည်းကောင်း စစ်အစိုးရက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ လာမည့် ဘတ်ဂျက်နှစ်တွင် စစ်အစိုးရက နိုင်ငံ့ဝင်ငွေ၏ လေးပုံ တပုံနီးပါးကို ကာကွယ်ရေးနှင့် စစ်ရေး အသုံးစရိတ်အတွက် အသုံးပြုမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။